ဒီနေ့
ဒီဃနိကာယ် ၊ မဟာဝဂ်ပါဠိတော်ထဲက သက္ကပဉ္စသုတ်ကို ဖတ်လိုက်ရတယ် ။
သိကြားမင်းရဲ့အမေးကို ဘုရားရှင်ဖြေထားတာဟာ ဘဝရဲ့အမှောင်တခြမ်းကို
လင်းလက်သွားစေခဲ့ပါတယ် ။ ကျနော်တို့တွေ နာကျင်ခြင်းကင်းရပါလို၏ ၊
ကြောက်ရွံ့ခြင်းကင်းရပါလို၏ ၊ စိတ်ဆင်းရဲခြင်းကင်းရပါလို၏ လို့ ဘယ်လိုပင်
အမျိုးမျိုးဆုတောင်းနေပေမဲ့ နေ့စဉ်နဲ့အမျှ နာကျင်နေရတယ် ၊ ကြောက်ရွံ့နေရတယ် ၊
စိတ်ဆင်းရဲနေရတယ် ။ ဒီဒုက္ခတွေ ရဲ့ ဖြစ်ကြောင်းတရားအမှန် ကို မြတ်စွာဘုရားရှင်က
အစအဆုံးရှင်းပြသွားတဲ့အပြင် အဖြေ (ဝါ) လွတ်မြောက်ကြောင်း အကျင့်ကိုပါ
လမ်းပြသွားခဲ့တဲ့အတွက် ကျေးဇူးကြီးလှပါတယ် ။ ကျနော်ရလိုက်တဲ့အသိတရား လူသတ္တဝါအများ
နားလည် နိုင် ၊ ရနိုင်အောင် ဒီစာစုကိုရေးရင်းနဲ့ မြတ်စွာဘုရားရှင်ရဲ့ ကြီးမြတ်လှတဲ့
ဂုဏ်ကျေးဇူးတော်ကို ပူဇော်ကန်တော့ပါရစေ ။
၁ ။ ရန်မပွားချင်ပဲရန်များနေရတာ ၊ စိတ်မဆင်းရဲချင်ပဲစိတ်ဆင်းရဲနေရတာ
စတာတွေဖြစ်ရခြင်းရဲ့အကြောင်းက ဣဿာ
၊ မစ္ဆရိယ သံယောဇဉ် ခေါ် ( မနာလို ၊ ဝန်တိုခြင်း ) ကြောင့် ဖြစ်ပါတယ် ။ မနာလို ၊ ဝန်တိုခြင်း
ကင်းရင် ဒီ ဒေါသ၊နာကျင်မှု တွေ ဖြစ်မလာနိုင်တော့ပါဘူး ။
၂ ။ မနာလို ၊ ဝန်တိုခြင်းတွေ ဖြစ်နေရတဲ့ အခြေခံအကြောင်းရင်းကတော့
ချစ်ခြင်း ၊ မုန်းခြင်း ရှိလို့ပါ တဲ့ ။ ကိုယ့်ကိုယ်ကို ချစ်ရင် ကိုယ့်ထက်သာမနာလိုဖြစ်မယ်
။ (ကိုယ်ပိုင်ဆိုပြီး) သားမယား၊စည်းစိမ်ဥစ္စာကိုချစ်ရင် သူတပါးမပေးချင်တဲ့ ဝန်တို ခြင်းတွေဖြစ်မယ်
။ မုန်းနေရင်လဲ သူကြီးပွားတာမနာလိုဖြစ်မယ် ။ သူမရစေချင်တဲ့ ဝန်တိုခြင်းတွေဖြစ်မယ် ။
ချစ်ခြင်း ၊ မုန်းခြင်း ကင်းမှ မနာလို ၊ ဝန်တိုခြင်း ကင်းမှာဖြစ်ပါတယ် ။
၃ ။ ဒီလို ချစ်ခြင်း ၊ မုန်းခြင်းတွေ ဖြစ်နေရတာ လိုချင်မှု
ဆိုတဲ့(ဆန္ဒ)ကိုအခြေခံလို့ ဖြစ်ရတာပါ ။ လိုချင်မှုတွေကြောင့် ရအောင်အားထုတ်တယ် ။ ရတော့
ချစ်ခြင်းတွေဖြစ်ကြ ၊ မရတော့မုန်းခြင်းတွေဖြစ်ကြ ၊ လိုရင်ချစ် ၊ မလိုရင်မုန်း ဖြစ်ကုန်
ကြပါတယ် ။ လိုချင်မှု (ဆန္ဒ) သာ မရှိရင် ချစ်ခြင်း၊မုန်းခြင်းကင်းလို့ စိတ်ဆင်းရဲစရာမရှိတော့ပါဘူး
။
၎ ။ တခါ လိုချင်မှု(ဆန္ဒ) ဘာ့ကြောင့်ဖြစ်ရတုန်း ဆိုတော့
- ကြံစည်မှု ( ဝိတက် ) ကြောင့် ဖြစ်ရတာပါတဲ့ ။ စတွေး၊စကြံ ကတဲက (ခန္ဓာငါးပါး၊ရုပ်နာမ်
အရှိတရားကို) ငါ ၊ သူတပါး စသဖြင့် တွေးလိုက်၊ကြံလိုက်တော့ ငါ ၊ ငါ့ဟာ ၊ ငါလုပ်တာ စသဖြင့်
ဖြစ်ကုန်ပြီး ကောင်းတာဆို မြင်ချင်၊ရချင်တယ် ၊ မကောင်းတာဆို မမြင်ချင်၊မရချင်ဘူး စသဖြင့်
ဆန္ဒတွေ ဖြစ်ကုန်ပါတယ် ။ ဒီလို ထွေရာလေးပါ တွေးတောကြံစည်မှုတွေသာ ချုပ်ငြိမ်းရင် လိုချင်မှုဆိုတာ
ရှိမှာမဟုတ်တော့ပါဘူး ။
၅ ။ ဒီ (ဝိတက်) ကြံစည်မှုဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းတရားကတော့
သံသရာချဲ့ထွင်တတ်သော ပပဉ္စတရား(၃)ပါး ၊ တဏှာ ၊ မာန ၊ ဒိဌိ တို့ပါပဲ တဲ့ ။ ဒီနေရာမှာ
အဌကထာဆရာတချို့က တဏှာ ကိုသာ အရင်းခံအကြောင်းလို့ ယူကြပေမဲ့ ကျနော်ကတော့ တဏှာ ၊ မာန
၊ ဒိဌိ (၃)ပါးစလုံးက (ဝိတက်) ရဲ့ အရင်းခံအကြောင်းတရားတွေဖြစ်တယ်လို့ မြင်ပါတယ် ။ ပုဂ္ဂိုလ်သတ္တဝါ၊စည်းစိမ်ဥစ္စာကိုလိုချင်တယ်လို့
တွေးကြံမှုက တဏှာအရင်းခံဖြစ်ပြီး ၊ ငါမှငါ လို့ တွေးကြံခြင်း ၊ ဂုဏ်ကို လိုချင်တယ်လို့
တွေးကြံခြင်းက မာန အရင်းခံပါ ။ အဆိုးဆုံးက ခန္ဓာငါးပါး၊ရုပ်နာမ်အရှိတရားကို (ပုဂ္ဂိုလ်၊သတ္တဝါ
၊ ငါ၊သူတပါး)လို့ လွဲမှားစွာတွေးကြံတဲ့ သက္ကာယဒိဌိ အရင်းခံတရားကြောင့် သံသရာလည်ပတ်နေရတာပါ
။ ဒီတရားဆိုး (၃)ပါး တဏှာ ၊ မာန ၊ ဒိဌိ ကင်းခဲ့ရင် တွေးတောကြံစည်ခြင်း(ဝိတက်) မနှိပ်စက်နိုင်တော့ပါဘူး
။
ဒီလို ပပဉ္စတရား(၃)ပါး ချုပ်ကြောင်းအကျင့် (ဝါ) နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို
မြတ်စွာဘုရားက သိကြားမင်းကို ဟောကြားခဲ့တဲ့အထဲက ဝေဒနာကမ္မဌာန်း အကျင့်ကို အကျဉ်းမျှ
ဖော်ပြလိုက်ပါတယ် ။
၁ ။ (က)ကုသိုလ်တိုးပွားစေပြီး အကုသိုလ်ဆုတ်ယုတ်စေတဲ့ ဝမ်းမြောက်ခြင်း(သောမနဿဝေဒနာ)ကို
မှီဝဲသင့်တယ် ။
(ခ) အကုသိုလ်တိုးပွားစေပြီး
ကုသိုလ်ဆုတ်ယုတ်စေတဲ့ ဝမ်းမြောက်ခြင်း(သောမနဿဝေဒနာ)ကို မမှီဝဲသင့်ဘူး ။
၂ ။ (က)ကုသိုလ်တိုးပွားစေပြီး အကုသိုလ်ဆုတ်ယုတ်စေတဲ့ နှလုံးမသာခြင်း(ဒေါမနဿဝေဒနာ)ကို
မှီဝဲသင့်တယ် ။
(ခ) အကုသိုလ်တိုးပွားစေပြီး
ကုသိုလ်ဆုတ်ယုတ်စေတဲ့ နှလုံးမသာခြင်း(ဒေါမနဿဝေဒနာ)ကို မမှီဝဲသင့်ဘူး ။
၃ ။ (က)ကုသိုလ်တိုးပွားစေပြီး အကုသိုလ်ဆုတ်ယုတ်စေတဲ့ လစ်လျူရှုခြင်း(ဥပေက္ခာဝေဒနာ)ကို
မှီဝဲသင့်တယ် ။
(ခ) အကုသိုလ်တိုးပွားစေပြီး
ကုသိုလ်ဆုတ်ယုတ်စေတဲ့ လစ်လျူရှုခြင်း(ဥပေက္ခာဝေဒနာ)ကို မမှီဝဲသင့်ဘူး ။
ဒီနေရာမှာ ဆိုလိုတာက (တဏှာ ၊ မာန ၊ ဒိဌိ) တွေ တိုးပွားလာစေတဲ့
ဝမ်းမြောက်ခြင်း၊နှလုံးမသာခြင်း၊လစ်လျူရှုခြင်းတွေ မဖြစ်သင့်ဘူး ၊ (တဏှာ ၊ မာန ၊ ဒိဌိ)တွေ
ဆုတ်ယုတ်၊ချုပ်ငြိမ်းစေတဲ့ ဝမ်းမြောက်ခြင်း - - စတာတွေသာ ဖြစ်သင့်တယ် လို့ ဆိုလိုပါတယ်
။
ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျာ -
ကျနော်တို့မလိုချင်ပါပဲနဲ့ နေ့စဉ်ရနေတဲ့ စိတ်ဆင်းရဲခြင်း
၊ နာကျင်ခြင်းတွေ ဖြစ်ရတဲ့အကြောင်းတွေနဲ့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အဖြေတွေကို
ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့ပါပြီ ။ ဘုရားရှင် အဆုံးအမတော်အတိုင်း
ကျင့်ကြံ ၊ အားထုတ်ဖို့ကတော့ မိမိတို့တာဝန်သာဖြစ်ပါကြောင်း ။
( ဝီမံသာ ) 9-1-2017