Friday, April 27, 2018
ဒိဌိခွါမှ ဝိပဿနာဖြစ်မယ်
ဒီနေ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတပုဒ်ကို နာခဲ့ရလို့ ဓမ္မမိတ်ဆွေတွေကို လိုတိုရှင်း ပြန်လည်မျှဝေ လိုက်ပါတယ် ။
ဖြစ်ပျက်ရှုတဲ့ ၊ ဝိပဿနာတရားအားထုတ်တဲ့နေရာမှာ ဒိဌိ ခွါနိုင်မှ နိဗ္ဗာန်ကိုရမယ် ။ ဘယ်ဒိဌိတွေလဲဆိုတော့ - (၁) ဿဿတဒိဌိ (အစွန်း) ၊
(၂) ဥစ္ဆေဒဒိဌိ (အစွန်း)
ဒီအစွန်း(၂)ပါးကို ခွါပြီး ရှုနိုင်မှ မဂ်ဥာဏ်ရပါမယ် ။
ဿဿတဒိဌိဆိုတာ (မြဲတယ်ထင်လို့ ဘဝကိုခင်တွယ်တာ) လောဘ အရင်းခံပါတယ် ။ ပုထုဇဉ်အများစုမှာ ဒီ ဒိဌိ ရှိပါတယ် ။ သူက အပြစ်သေးပေမဲ့ ကျွတ်ခဲပါတယ် ။ ဘဝကိုခင်တွယ်လို့ နိဗ္ဗာန်တရားမှ ရှောင်ပြေးနေတတ်လို့ပါ ။
ဥစ္ဆေဒဒိဌိကတော့ (ပြတ်တယ်ထင်လို့ဘဝကိုမခင်တွယ်တာ) ဒေါသ အရင်းခံပါတယ် ။ (သေရင်အေးတာပဲ၊ပြတ်တာပဲ) ဆိုတာ ဥစ္ဆေဒ ပါ ။ သူက အပြစ်ကြီးပါတယ် ။ ချွတ်နိုင်သူရှိရင်တော့ ကျွတ်လွယ်ပါတယ် ။
ဘယ်လိုဖြစ်ဖြစ် ဒီ ဒိဌိအစွန်း(၂)ခုဟာ မဂ်ဥာဏ်ကိုတားတဲ့အတွက် နိဗ္ဗာန်လိုချင်လို့ ဖြစ်ပျက်ရှုသူအဖို့ မဖြစ်မနေ ခွါရမဲ့ တရားတွေဖြစ်ပါတယ် ။ ခွါဖို့နည်းကတော့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင်လုပ်ခြင်းပါပဲ ။
အလွယ်သိအောင် နေ့စဉ်ဘဝထဲက စိတ်အစဉ်ဖြစ်၊ပျက်နေမှုလေးတွေနဲ့ ရှင်းပြထားပါတယ် ။
မြင်စိတ်ကလေးဖြစ်တယ်(ဝိဥာဉ် - သဠာယတန) ၊ ဖြစ်ပြီး-ပျက် ၊ ပျက်ပြီးနောက် တွေ့ချင်စိတ်(ဖဿ)ဖြစ်တယ် ။ အဲဒါပြီးနောက် မြင်ရတွေ့ရတာကိုပျော်မွေ့နေတဲ့ ဝေဒနာစိတ်ဖြစ်တယ် ။ (ချစ်သူကိုချစ်စိတ်နဲ့မြင်ချင်သလို ၊ မုန်းသူကိုလဲ မုန်းစိတ်နဲ့မြင်ချင်သေးတယ်နော်) ။ ဝေဒနာဖြစ်ပြီးနောက် ဆက်ခါမြင်ချင်လို့ နေပါဦး ဖြစ်လာတဲ့ တဏှာလေးလာတယ် ၊ မပြန်ရအောင်ဆွဲထားတဲ့ ဥပါဒါန်လေးဖြစ်တယ် ၊ အဲဒီနောက် - မတွေ့ရတာကြာပြီ ၊ မပြန်ပါနဲ့ဦး စားစရာ၊သောက်စရာ လေး လုပ်လိုက်ဦးမယ် ဆိုတဲ့ ကာယကံ၊ဝစီကံ ကမ္မဘဝတွေဖြစ်လာတယ် ။ ဒါ ခန္ဒာပဋိစ္စသမုပ္ပါဒ်အစဉ် ပါပဲ ။
အဲဒီ စိတ်အစဉ် ဖြစ်ရပ်တခုတိုင်း တခုတိုင်းမှာ ဖြစ်ပြီးပျက် တဲ့ သဘောလေးတွေပါနေပါတယ် ။
တွေ့ချင်စိတ် (ဖဿ) လေး ဖြစ်တယ် ။ ဖြစ်ပြီးတာနဲ့ ချက်ခြင်း(ပျက်)တာပါပဲ ။ ဒီပျက်တာကို ရှုရင်းဆင်ခြင်လိုက်ရင် (မြဲတယ်လို့မရှိပါလား) လို့ (သိ)တော့ ဘဝခင်တွယ်တဲ့ ဿဿတဒိဌိ ကွာပါတယ် ။
တခါ ဒီ ဖဿလေးက ပျက်ပြီး ပြီးမသွားပဲ ဝေဒနာ ပေါ်အောင် (ပစ္စယ) ကျေးဇူးပြုလိုက်တော့ ဝေဒနာ ဆက်ဖြစ်တယ် ။ ဒီလို အကြောင်းခံလို့ (ဖြစ်)လာတာကို (သိ)တော့ - ( ပြတ်တယ် ၊ ပြီးရင်ပြီးတာပဲ )လို့ တလွဲစွဲတဲ့ ဥစ္ဆေဒဒိဌိ ကွာပါတယ် ။ (သေချာ စဉ်းစားပါ)
(ပျက်)တာကို (သိ)ရင် (မြဲတယ်ထင်တာ) ပျောက်တယ် ။ ဆက်ဖြစ်ဖို့ (ကျေးဇူးပြု)တာ/(ဖြစ်)တာကို (သိ)ရင် (ပြတ်တယ်ထင်တာ) ပျောက်တယ် ။
ဒီ ဒိဌိ အစွန်း(၂)ပါး ခွါနိုင်ပြီဆိုတာနဲ့ ( သမ္မာဒိဌိ ၊ သမ္မာသင်္ကပ္ပ ၊ သမ္မာဝါယမ ၊ သမ္မာသတိ ၊ သမ္မာသမာဓိ ) ဆိုတဲ့ ဝိပဿနာ မဂ္ဂင်(၅)ပါး ဖြစ်လာပါပြီ ။ ဝိပဿနာဥာဏ် ပြည့်စုံရင့်သန်လာတာနဲ့တပြိုင်နက် လောကုတ္တရာမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကို စတင်ရရှိလို့ နိဗ္ဗာန်ကို ဥာဏ်နဲ့ မျက်မှောက်ပြုနိုင်ပါပြီ ။
ဒါကြောင့်မို့ နိဗ္ဗာန်လိုချင်လို့ ဖြစ်ပျက်ရှုတော့မယ်ဆိုရင် ( ဿဿတ နဲ့ ဥစ္ဆေဒ ) ဒိဌိအစွန်းနှစ်ပါးကို ခွါထားခဲ့ဖို့ အဓိက လိုအပ်ကြောင်း (မေတ္တာဖြင့်) ဓမ္မဒါန မျှဝေလိုက်ပါသည် ။
ဝီမံသာ (28-4-2018)
Ref; - မိုးကုတ်တရားတော် အသံဖိုင် ( M-G 168 )
Friday, April 20, 2018
အမျှ ယူတော် မူကြပါကုန်လော့
( အားလုံး ကြားကြသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ) - - -
ဒါက ကုသိုလ်ကောင်းမှုတခုပြုပြီးရင်
သတ္တဝါအားလုံးကို ကုသိုလ်အဖို့ဘာဂ ရနိုင်ကြစေဖို့
ဆိုနေကျ အမျှဝေသံ ။
ဟိုနေ့က အလှုပွဲတခုမှာ
တရားနာအပြီး ထုံးစံအတိုင်း အမျှဝေတော့ ကိုယ်လဲ ဆိုနေကျအတိုင်း
( အားလုံးကြားကြသမျှ
အမျှ - - - ) စသဖြင့် ဆိုမယ်လုပ်တုန်း သံပြိုင်ရွတ်သံက -
( အားလုံး ကြားကြသမျှ
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ) လို့ ဖြစ်လာတယ် ။
အများနည်းတူ
လိုက်သာဆိုနေရတယ် - စိတ်မှာတော့ (ကတ်သီးကတ်သတ်)မေးခွန်းလေးတွေ ပလုံစီလို့ ။
ဘယ့်နှယ် -
ကုသိုလ်လုပ်နေတဲ့ပွဲမှာ ကုသိုလ်ကို တကူးတက ထဲ့ကြေငြာပေးနေရတာ ဘာကြောင့်ပါလိမ့် ၊
ကုသိုလ်ပွဲမှာ
ကုသိုလ်မဟုတ်တဲ့ အခြားအရာတွေ ဝင်စွက်နေလို့များလား ၊ သဘောကတော့
( ဆွမ်းဆန်ထဲ
ကြွက်ချေးရောတာများနေလို့ ဒါ ဆွမ်းဆန်ပါဗျို့လို့ သီးခြားခွဲပြနေရသလိုပါပဲ ) ။
မေးခွန်းထုတ်မိသလို
အားမလိုအားမရလဲ ဖြစ်မိပါတယ် ။
ကုသိုလ်ကောင်းမှုပြုနေချိန်လေးမှာတောင်
ကုသိုလ်စိတ်သန့်သန့်လေး မထားနိုင်ကြတော့ဘူးလား ။
ကိုယ့်
ကုသိုလ်စိတ်ကိုတောင် ကိုယ်မယုံတော့ဘူးလား ။ တကယ်တော့ ကုသိုလ်ပြုတယ်၊ တရားနာတယ်ဆိုတာလဲ
ဆယ်ခါမှတခါရယ်ပါ ။ ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေမှာ (နေ့စဉ် ဆွမ်း၊ရေချမ်း၊ပန်း ကပ်တဲ့
အာစိန္တကံ ကုသိုလ်ရှင်တွေ ကလွဲရင်) ကျန်လူများစုအတွက် ကောင်းမှုပြုချိန်လေးတွေက ရှားရှားပါးပါးရယ်ပါ ။ အချိန်အများစုမှာ သားရေး၊သမီးရေး
၊ စီးပွားရေး၊လူမှုရေး ကိစ္စပေါင်းစုံဆောင်ရွက်ရင်း လောဘ၊ဒေါသ၊မောဟ အကုသိုလ်စိတ်ကြီးတွေနဲ့
နေကြရတဲ့အချိန်က များနေရတဲ့အထဲ ရှားရှားပါးပါးတခါတလေပြုတဲ့
ကောင်းမှုပွဲလေးတွေမှာတော့ ကုသိုလ်စိတ် သန့်သန့်လေး ဖြစ်နေစေချင် ပါတယ် ။
ကိုယ့်ကောင်းမှုကုသိုလ်ကို ယုံကြည်စိတ်ချစွာနဲ့ ( သီးသန့်ထဲ့ကြော်ငြာနေစရာ မလိုပဲ ) အားရပါးရ
အမျှဝေလိုက် စေချင်ပါတယ် ။
နိစ္စဓူဝ
ဘုရားဆွမ်းတော်ကပ် ကောင်းမှုလေးမှာတောင် ကုသိုလ်စိတ်ဖြစ်ပုံလေး နမူနာပြပါ့မယ် ။
စားဦးစားဖျား
ဘုရားဆွမ်းတော်တင်လေ့ရှိသူတွေအဖို့ ထမင်း၊ဟင်း စသည် ချက်ပြုတ်၊ပြင်ဆင်နေကတဲက
ဘုရားရှင်အတွက် ဆွမ်းတော်ဦး ဆိုတဲ့စိတ်ကလေး စဝင်လို့ ပထမ
ပုဗ္ဗစေတနာ(သဒ္ဓါကုသိုလ်ကြီး) ဖြစ်နေပါပြီ ။
တခါ ဆွမ်း၊ခဲဖွယ်
ပြင်ဆင် ၊ သောက်တော်ရေချမ်း၊ပန်း၊ဆီမီး စသည်ပြင်ဆင်နေချိန်တလျောက် ဘုရားရှင်ကို ရည်စူးတဲ့
ပုဗ္ဗစေတနာကုသိုလ်စိတ်ဟာ တဖွားဖွားဖြစ်လျက်နေပါတယ် ။ စတင် ဘုရားရှိခိုးပြီ ၊
ဆွမ်းတော်ကပ်ပြီဆိုတာနဲ့ ဖြစ်ဆဲ မုဉ္စစေတနာတွေ ဆက်ခါဆက်ခါ ဖြစ်နေပါတော့တယ် ။
သရဏဂုံဆောက်တည်ခြင်း ၊ သီလဆောက်တည်ခြင်း စတဲ့ ကုသိုလ်တွေက ပံ့ပိုးနေပြန်တော့
အကုသိုလ်ကြားဝင်ချိန်မရအောင် ဖြစ်ဆဲ(ဒါန၊သီလ)ကုသိုလ်စိတ်တွေ တဖွားဖွား ဖြစ်နေတာပါ
။ ဒါကို ထပ်ပြီးအရောင်တင်ပေးလိုက်တာက (ဒါန ၊ သီလ)ထက် ပိုမြတ်တဲ့ (ဘာဝနာ)ကုသိုလ်ပါ
။ ဘုရားဂုဏ်တော်(၉)ပါး ၊ တရားဂုဏ်တော်(၆)ပါး ၊ သံဃာဂုဏ်တော်(၉)ပါး စသည်တို့ကို
ရွတ်ပွားပူဇော်နေချိန်မှာ ဂုဏ်တော်တွေကို စိတ်ကအာရုံပြုနေလို့ (ဗုဒ္ဓါနုဿတိ)ဘာဝနာကုသိုလ်ကြီး
၊ မေတ္တာသုတ် စသည်ရွတ်ဖတ်လို့ သတ္တဝါတွေကို မေတ္တာပို့အမျှပေးဝေနေချိန်မှာ
ကောင်းကျိုးလိုလားတဲ့စိတ်ကလေးဖြစ်နေလို့ (မေတ္တာ)ဘာဝနာ ကုသိုလ်ကြီး ၊ စတဲ့
ဘာဝနာကုသိုလ်တွေက ထပ်ဆင့်ထောက်ပံပေးလိုက်တော့ အကုသိုလ် ကြားဝင်စရာမရှိအောင်
ကုသိုလ်စိတ်ကလေးတွေချည်းပဲ တဖွားဖွားဖြစ်ပေါ်နေတာပါ ။
ဒီလို ကောင်းမှုကုသိုလ်ပြုလုပ်ပြီးတာနဲ့တပြိုင်နက်
သတ္တဝါတွေကို အမျှဝေတယ်ဆိုတော့ - ဒီအချိန်မှာ ပေးဝေစရာ (အကုသိုလ်မရှိ) ၊
ကိုယ်ပြုသမျှကောင်းမှုတွေအတွက် အားရကျေနပ်တဲ့ ၊ ထပ်ဆင့်မျှဝေလိုတဲ့ (ဖြစ်ပြီး ပရစေတနာ)
ကုသိုလ်တွေချည်းပဲ သီးသန့်ရှိနေတာမို့ (ကုသိုလ်ပါလို့ ကြော်ငြာနေစရာမလိုပဲ)
အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ လို့သာ ရဲရဲတင်းတင်း ဝေလိုက်ကြစမ်းပါ ။ ဒီလို
ယုံကြည်စိတ်ချစွာ အမျှဝေနိုင်ဖို့အတွက် စတင်ပြုလုပ်ချိန်ကတည်းက ရှေးဦးစေတနာတွေ
ထက်သန်စွာနဲ့ ( ငါ့အလှူ မပြီးသမျှ ဘာအကုသိုလ်မှ မဝင်စေရ ၊ ဒါန၊သီလ၊ဘာဝနာ ကုသိုလ် စိတ်တွေနဲ့သာ
ငါနေသွားမယ် ) လို့ သံဓိဌာန်ချပြီး လွတ်လပ်စွာ အမျှဝေနိုင်ကြပါစေကုန်သတည်း ။
( ဝီမံသာ ) 21-4-2018
Monday, April 2, 2018
အောင်မြင်တဲ့အိမ်ထောင်ရေး (သို့) မျက်စိဖွင့်ပြီးချစ်ကြပါ
အသွင်မတူအိမ်သူမဖြစ်
၊ အသွင်တူမှအိမ်သူဖြစ်ဆိုတာ ကိုးကွယ်ယုံကြည်မှုတူရာ ပေါင်းစည်းကြဖို့သာ ရည်ညွှန်းတဲ့
စကားရပ်ပါ ။ ဒါပေမဲ့ အသွင်တူတဲ့အိမ်ထောင်ရေးတိုင်း သန့်ရှင်းမှန်ကန်တဲ့ အောင်မြင်မှုမျိုး
မရနိုင်ကြပါဘူး ။ ဥပမာ -
လောဘ နဲ့
လောဘခြင်း ပေါင်းစပ်တဲ့အိမ်ထောင်ရေးဟာ မသန့်ရှင်းနိုင်ပါဘူး ။ ကိုလောဘနဲ့ မလောဘတို့
ပေါင်း ၊ လောဘတွေ လျှမ်းလျှမ်းတောက်ပြီး သူ့မိသားစု သူ့အိမ်ထောင်ရေး တဘို့ထဲကြည့်ပြီး
တကိုယ်ကောင်းဆန်စွာ နေထိုင် လှုပ်ရှားတတ်ကြလို့ သူ့ပတ်ဝန်းကျင်ကိုဒုက္ခပေး ၊ မျက်ရည်များစွာကို ရင်းပြီးရလာတဲ့
ချမ်းသာ၊အောင်မြင်မှုမျိုးဟာ အပြစ်မကင်းနိုင်ပါဘူး ။ တဘဝစံအဖြစ်နဲ့ သံသရာမှာ ဒဏ်ခတ်ခံရမှာပါ
။
မာန နဲ့ မာနခြင်း
ပေါင်းစပ်ပြီဆိုရင်တော့ - ကိုမာန နဲ့ မမာနတို့ကို ကလေးမယူကြပါနဲ့လို့ပဲ ပြောလိုက်ပါရစေ
။ ဘာလို့လဲ ဆိုတော့ မာနခြင်းပြိုင်ပြီး အိမ်ထောင်ရေးပြိုကွဲမှုရဲ့ သားကောင်တွေအဖြစ်
အပြစ်မဲ့ကလေးလေးတွေကို လူ့လောကထဲ ခေါ်နှိပ်စက်ရာ ကျမှာစိုးလို့ပါ ။
သဘာဝခြင်းမတူ၊ဆန့်ကျင်ပေမဲ့
ဥာဏ်ပညာ နဲ့ သဒ္ဓါ ပေါင်းစပ်တဲ့ အိမ်ထောင်ရေးကတော့ စစ်မှန်၊မွန်မြတ်တဲ့ အောင်မြင် မှုမျိုးကို
ရနိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ် ။ မိသားစုလေးတခုမှာ အဖေက ဥာဏ်ပညာကြီးမားတယ်
။ အမေ က သဒ္ဓါတရားအားကောင်းတယ် ။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ သေတပန်သက်တဆုံး
တည်မြဲခဲ့ရုံမက အဖေအသက်(၈၀)မှာ ကွယ်လွန်သွားခဲ့ပေမဲ့ သားသမီး(၆)ယောက်ကို အမေအိုကြီးရဲ့
မေတ္တာဖြန့်ကျက်မှုတွေနဲ့ ယနေ့ အထိ ဥမကွဲသိုက်မပျက် စည်းစည်းလုံးလုံးနဲ့ နေထိုင်နိုင်စေခဲ့ပါတယ်
။ ဒါတင်မက မိဘနှစ်ပါးရဲ့ မှန်ကန်တဲ့ဆုံးမမှုတွေ ၊ သူတို့ကိုးကွယ်ရာ ထေရဝါဒဗုဒ္ဓဘာသာတရားရဲ့
စစ်မှန်တဲ့ အဆုံးအမတွေကို ယုံကြည်သက်ဝင်စွာနဲ့ တသက်လုံး လိပ်ပြာသန့်တဲ့ အသက်မွေးမှုမျိုးတွေနဲ့ပဲ
ရှင်သန်နေထိုင်ကြရင်း မျိုးဆက်သစ် သားသမီးလေးတွေကိုပါ လိမ္မာယဉ်ကျေး အောင် ဆုံးမနိုင်တဲ့
ပျော်ရွှင်စရာမိသားစုကြီးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။
ဒီနေ့ ဒီလိုအခြေအနေမျိုး
နေနိုင်ခဲ့ပေမဲ့ အတိတ်တချိန်မှာတော့ လောကဓံတရားရဲ့ ရိုက်ပုတ်မှုအောက်မှာ ၊ လူမဆန်တဲ့
လူတချို့ရဲ့ ရက်စက်မှုတွေအောက်မှာ ဒီမိသားစုကြီးဟာ ပြိုကွဲလုမတတ် ခံစားခဲ့ရပါသေးတယ်
။
ဒါပေမဲ့ ဥာဏ်ပညာကြီးမားတဲ့
အဖေနဲ့ သဒ္ဓါတရားအားကောင်းတဲ့ အမေတို့ဟာ လောကဓံကို အံကြိတ်ခံရင်း သူတို့နှစ်ဦး ရဲ့
အပြန်အလှန်မေတ္တာတွေ ၊ မဖောက်မပြန်ခိုင်မာတဲ့ သစ္စာတရားတွေနဲ့ အိမ်ထောင်ရေးကိုထိန်းကျောင်းပြီး
မောင်နှမ (၆)ယောက်ကို လူလားမြောက်တဲ့အထိ ၊ လောကအလယ်မှာ မှန်ကန်စွာရပ်တည်နိုင်တဲ့အထိ
ပြုစုပျိုးထောင်ပေးနိုင် ခဲ့ပါတယ် ။
သူတို့ကိုယ်တိုင်လဲ
(အများပြောကြတဲ့) အိုဇာတာကောင်းမွန်မှုမျိုးနဲ့ သားသမီးတွေရဲ့ ကျေးဇူးတုံ့ပြန်မေတ္တာတွေကို
ကျေနပ်စွာခံစား ၊ အဖေဆိုရင် တရားတော်နဲ့အညီ နေထိုင်ခဲ့ပြီး လူ့လောကထဲကနေ တည်ငြိမ်အေးချမ်းစွာ
ထွက်ခွာ သွားခဲ့ပါပြီ ။ အမေဆိုရင်လဲ ခင်ပွန်းသည်ရဲ့ ကောင်းရာသုဂတိဘုံဘဝကို မျှော်မှန်းရင်း
၊ သားသမီး၊မြေးလေးတွေကို မေတ္တာနဲ့စောင့်ရှောက်ရင်း သားသမီး၊မြေးတွေရဲ့ ကုသိုလ်ကောင်းမှုပြုရာ
လယ်ယာမြေကောင်းသဖွယ်နေထိုင်ရင်း သံသရာခရီးအတွက် ပြုံးသေ သေနိုင်ဖို့ ပြင်ဆင်နေပါပြီ
။
ဒါကြောင့်မို့
မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အိမ်ထောင်ပြုတော့မယ်ဆိုရင် မိမိနှလုံးသားက အချစ်ကို အဖျက်စွမ်းအား
အဖြစ် မရောက်စေပဲ မိမိဘဝအဆင့် မြှင့်တင်ပေးနိုင်မဲ့ အထက်ကအိမ်ထောင်ရေးလို အတွဲအစပ်ကောင်းလေးတွေကို
ရှာဖွေ၊ရွေးခြယ်နိုင်ကြဖို့အတွက် ( ဥာဏ်မျက်စိကို ဖွင့်ပြီးချစ်ကြပါ ) လို့ တိုက်တွန်းချင်ပါတယ်
။
(မျက်ကန်းအချစ်)ကတော့
ဘဝကိုပါ ကန်းစေတာမို့ အဲဒီလိုအချစ်မျိုးကို မယုံစားကြပါနဲ့လို့လဲ သတိပေးချင်ပါတယ် ။
ဘဝကိုအောင်မြင်စေမဲ့
ကောင်းနိုးရာရာ အိမ်ထောင်ရေးအတွဲအစပ်လေးတချို့ကို တင်ပြပေးလိုက်ပါတယ် ။
(၁) သဒ္ဓါ
နဲ့ ဥာဏ်ပညာ အတွဲ
မိမိက သဒ္ဓါကောင်းသူဆိုရင်
သဒ္ဓါလွန်ပြီးတဏှာကျွန်မဖြစ်ရအောင် ထိန်းကျောင်းပေးနိုင်တဲ့ ဥာဏ်ပညာကြီးမားသူကို ရွေးခြယ်သင့်ပါတယ်
။
(၂) ဝီရိယ
နဲ့ တည်ငြိမ်မှု(သမာဓိ) အတွဲ
မိမိက ဝီရိယကောင်းသူဆိုရင်
ဝီရိယလွန်ကဲပြီး ပျံ့လွင့်တုံလှုပ်မှုမျိုးမဖြစ်အောင် ထိန်းချုပ်ပေးနိုင်တဲ့ တည်ငြိမ်သူကို
ရွေးခြယ်သင့်ပါတယ် ။
(၃) စေတနာ
နဲ့ ကရုဏာ အတွဲ
မိမိက စေတနာကောင်းသူဆိုရင်
မိမိစေတနာတွေ အလဟဿမဖြစ်ရလေအောင် သနားကြင်နာတတ်သူကို ရွေးခြယ်သင့်ပါတယ် ။
(၄) ဥာဏ်ပညာ
နဲ့ ဥာဏ်ပညာ အတွဲ
လောကမှာ အမြတ်ဆုံးစုံတွဲပါ
။ ပညာပေါ်ပညာဆင့်လို့ ကြီးမားတဲ့မေတ္တာတရားတွေနဲ့ လောကကောင်းကျိုးကို အမြင့်မားဆုံးသယ်ပိုးနိုင်တဲ့
( မဟော်သဓာ နဲ့ အမရာဒေဝီ ) လို တော်ဝင်၊စံပြ အိမ်ထောင်ရေးတခု ဖြစ်လာမှာ အသေအချာပါပဲ
။
အိမ်ထောင်မြင့်မှ
မျိုးဆက်မြင့်၊တင့်တယ်မယ် ။ မျိုးဆက်မြင့်မှ နိုင်ငံမြင့်မားမယ် ။ ဒီသဘောတရားကို ယုံကြည်စွာနဲ့
စစ်မှန်၊မွန်မြတ်တဲ့ အိမ်ထောင်ရေးဘဝတွေကို ထူထောင်ပြီး ၊ မိမိတို့မျိုးဆက်ကို မြှင့်တင်ရင်းနဲ့
နိုင်ငံ၊လူမျိုးကိုပါ မြှင့်တင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။
(
ဝီမံသာ ) 1-4-2018
Subscribe to:
Posts (Atom)