Tuesday, January 23, 2018

ကိုယ် နာပေမဲ့ စိတ် မနာရင် …

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ အတိတ်ဘဝပေါင်း(၁၅၀၀)တိတိ ဆွေမျိုးတော်ခဲ့ဖူးသော - (မိဘ)အဖြစ် ဘဝ(၅၀၀) ၊ (ဘိုးဘွား)အဖြစ် ဘဝ(၅၀၀) ၊ (ဦးလေး)အဖြစ် ဘဝ(၅၀၀) သူတို့ထံမှာ ဝင်စားခဲ့ရသော နကုလမာတာ နဲ့ နကုလပိတာ ဇနီးမောင်နှံကို ကျေးဇူးဆပ်တရားအဖြစ် အတိုဆုံးနိဗ္ဗာန်တရားကို ဟောကြားတော်မူခဲ့ပါတယ် ။ ဒီတရားက ( ကိုယ်နာ၍ စိတ်မနာလျှင် နိဗ္ဗာန်ရောက်တာပဲ ) တဲ့ ။ ဘုရားရှင်က နကုလပိတာကို (ဒကာကြီး အခုခန္ဓာကိုယ်က ဘယ်လိုနေပါသလဲ) မေးတော့ ( တပည့်တော် အသက်ကြီးပြီမို့ အမြဲ နာနေပါတယ်ဘုရား ) လို့ လျှောက်တယ် ။ ဒီတော့ ဘုရားရှင်က ( ဒကာကြီး ခန္ဓာသဘောက ဒီလိုပဲ ၊ ကြီးငယ်မဟူ နာတဲ့သဘောရှိတယ် ) ဆိုတော့ နကုလပိတာက (ဘုရား တပည့်တော် အခု အသက်(၇၀)ကျော် ကြီးရင့်နေတာကြောင့် အတိုဆုံးနိဗ္ဗာန်တရားဟောပေးပါဆိုလို့ ဘုရားရှင်က ဒီ တရား ( ကိုယ်နာ၍ စိတ်မနာလျှင် နိဗ္ဗာန်ရောက်တာပဲ ) ဆိုတာကို ဟောကြားခဲ့ပါတယ် ။

ဒီတရားတော်ကို ပိုမိုရှင်းလင်းအောင် ရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးက အကျယ်ဖွင့်ပြတာကို မိုးကုတ်ဆရာတော် ဘုရားကြီး အာဘော်အတိုင်း ဖွင့်ဆိုရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ။ မရှင်းလင်းခဲ့ရင် ၊ ကျနော့်လိုအပ်ချက်၊ကျနော့်အမှား သာ ဖြစ်နိုင်ပါတယ်ခင်ဗျား ။

ဒီနေရာမှာ စာဖတ်သူဟာ မိမိကိုယ်ကို လူလိမ္မာပညာရှိ စိတ်ကလေး သွင်းပြီး ဖတ်စေချင်ပါတယ် ။ အကြောင်းကတော့ လူမိုက်ဆိုရင် ကိုယ် နာလို့ နာမှန်း မသိနိုင်ပါဘူး တဲ့ ။ ဥပမာ - ငါအိုနေပြီ ၊ ဒါပေမဲ့ အိုဇာတာကောင်းသားပဲ ၊ ဒီလိုနဲ့ နာမှန်းမသိ ။ နောက်ဆုံး နာမကျန်းဖြစ်ပြီး အိပ်ယာထဲလဲနေတာတောင် ငါ့ ဘဏ်တိုးလေးရှိလို့ တော်သေးတယ် ဆိုပြီး နာတာကို နာမှန်းမသိလောက်အောင် မိုက်တတ်ကြပါတယ် ။

တကယ်တော့ (ကိုယ်) ဆိုတာ ဒီဘဝရလာတဲ့ ခန္ဓာ(၅)ပါး ၊ ရုပ်၊နာမ် တရားကြီးသာ ဖြစ်ပါတယ် ။ ဒီတရားကြီးတွေဟာ သူ့အကြောင်းတရားနဲ့သူ ဖြစ်လိုက်၊ပျက်လိုက်နေလို့မို့ မမြဲတဲ့ ၊ အစိုးမရတဲ့ ဆင်းရဲခြင်းသဘောသာရှိပါတယ် ။ အဲဒီ ဆင်းရဲခြင်း ဒုက္ခ ကိုပဲ (နာ)တယ်လို့ ဆိုတာပါ ။ ဒီ ဖောက်ပြန်တတ်တဲ့ ခန္ဓာကြီးက နာတာကို ဘာလို့ စိတ်က လိုက် နာနေရလဲဆိုတော့ ဒီ ရုပ်တရား၊နာမ်တရားတွေကို (မသိလို့) ငါ ၊ ငါ့ဥစ္စာ လို့ စွဲမှတ်နေကြတဲ့ သက္ကာယဒိဌိကြောင့်ပဲ ဖြစ်ပါတယ် ။ ဥပမာ - လမ်းပေါ်မှာ ခွေးလေခွေးလွင့်တကောင် သေနေရင် (သြော် သနားစရာ)ဆိုတာလောက်ကလွဲလို့ စိတ်ဆင်းရဲခြင်းကြီးစွာ မဖြစ်ကြပါဘူး ။ ဒါပေမဲ့ ကိုယ်က ပိုက်ဆံပေးဝယ်ထား၊အိမ်မှာတယုတယမွေးထားတဲ့ သင်္ဘောခွေး လေး သေရင်တော့ ( ငါ့ခွေးလေး သေပါပြီ ) ဆိုပြီး ပူဆွေးသောက ဖြစ်ကြရတာ ဒါ ငါ့ဥစ္စာ ထင်နေကြလို့ပါ ။ ကြုံလို့ တခါက ကြားဖူးတာလေး အမှတ်ရမိတယ် ။ ဦးဇင်းလေးတပါးဟာ အသုဘရှုတရားပေးတဲ့အခါ ( သြော် ဒါတွေဟာ မမြဲတဲ့  အနိစ္စသဘောတွေပဲ တရားနဲ့သာဖြေကြပါ )လို့ ဟောလေ့ရှိသတဲ့ ။ ဒီလိုနဲ့ တနေ့မှာ ဦးဇင်းမယ်တော်ကြီး ဆုံးတော့ ကိုယ်တော်လေးရယ် မယ်တော်ကြီးအလောင်း တစိမ့်စိမ့်ကြည့်ရင်း တရှုံ့ရှုံ့ငိုရှာသတဲ့ ။ အနားက ဒကာတယောက်က (အရှင်ဘုရား တပည့်တော်အမေဆုံးတုံးက အနိစ္စသဘောဆို ၊ အခုလဲ တရားနဲ့ဖြေတော်မူပါဘုရား)လို့ ပြောတော့ ၊ ဘုန်းဘုန်းက (ဟဲ့ ဒကာ ၊ ဟိုဟာက နင့်အမေအနိစ္စ ၊ ခုဟာက ကိုယ်တော့်အမေအနိစ္စ ၊ မတူဘူး ဒကာရဲ့) တဲ့ ။ အဲဒါ ငါ့ဟာ ဆိုတဲ့ အတ္တနိယပါ ။

 သေချာပြန်စဉ်းစားကြည့်ပါ ၊ ဒီရုပ်၊နာမ်တရားတွေမှာ ရုပ်တရားက (ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့ အကြောင်း(၄)ပါး ပြုပြင်စီရင်မှ ဖြစ်ရတာမို့ (ငါ)လုပ်တာ ၊ ငါပိုင်တာ ဘာမှ မရှိပါဘူး ။ နာမ်တရားကလဲ(အာရုံ၊ဒွါရ)ဆိုတဲ့ အကြောင်း (၂)ပါးက လုပ်တာမို့ ငါလုပ်တာဘာမှ မရှိပါဘူး ။ ဒီလို မရှိတဲ့သဘောကို မသိလို့ ဒီဘဝ ငါ့ဘဝပဲ လို့ ၊ ဒီခန္ဓာ (ငါ)ပဲ လို့ အတ္တအယူနဲ့ စွဲမိတော့ သူ့ဟာသူ ခန္ဓာ နာတိုင်း စိတ်က လိုက် နာနေရပါတော့တယ် ။ ဒီအတ္တ၊အတ္တနိယဒိဌိ မပြုတ် သမျှတော့ ကိုယ်နာတိုင်း စိတ်နာနေမှာပါ ။ ခန္ဓာ(၅)ပါး နာပုံကို ဥပမာလေးတွေနဲ့ ရှင်းပြပါ့မယ် ။

ရူပေက္ခန္ဓာ - ငါ ဆိုရင် သူတပါး လဲ ပါတယ်နော် ။ ဒီတော့ သူတပါး လုပ်လိုက်လို့ ခေါင်းကွဲလာတယ် ။ ဒီကောင် ငါ့ လုပ်ရက်လေခြင်းလို့ စိတ်ဆိုး၊ဒေါသဖြစ်မယ် ။ ဒါ ငါ၊သူတပါး အစွဲနဲ့ စိတ်နာတာပေါ့ ။ ကိုယ်(ခေါင်း)က အကြောင်းဆုံလို့ ကွဲတယ်၊နာတယ် ။ တခါ လုပ်သူရဲ့ (လုပ်မှု ကံ) ဆိုတဲ့ အကြောင်းကိုလဲ သူတပါးလို့စွဲပြီး စိတ်နာ၊စိတ်ဆိုးမယ် ။ ဒေါမနဿ စိတ်ဆိုး၊စိတ်ဆင်းရဲခြင်း ၊ သောက(ငါသေတော့မှာပဲ)ဆိုတဲ့ စိုးရိမ်ခြင်း ၊ ပရိဒေဝ(ပြင်းစွာပူဆွေးခြင်း) ၊ ဥပါယာသ (ကြိတ်မနိုင်ခဲမရ) မခံချိမခံသာ ဖြစ်ခြင်း ။ ဒီ စိတ်အနာတွေ ( ဒေါမနဿ ၊ သောက ၊ ပရိဒေဝ ၊ ဥပါယာသ ) ဆိုတာတွေကို (မသိခြင်း) အဝိဇ္ဇာ ဦးစီးလာတော့ အဝိဇ္ဇာ၊သင်္ခါရ၊ဝိဥာဏ်---- ကမ္မဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် သံသရာလည်ပြီး ကိုယ့် ကိုယ်နာပျောက်ကြောင်း အရင်(ဆေးမကုနိုင်ပဲ) ပြန်ချ၊ပြန်လုပ် ၊ ရှုပ်ကုန်တော့တာပါပဲ ။ ဒီလိုပဲ ကိုယ့်ဟာကိုယ် ရောဂါဖြစ်လဲ စိတ်အေးအေးနဲ့ ဆေးကုခံတာထက် စိတ်တို၊စိတ်ဆိုးနေတာနဲ့ မိအေး(၂)ခါနာတွေ ဖြစ်ရတော့တာပါပဲ ။

ဝိဥာဏက္ခန္ဓာ - (မြင်စိတ်၊ကြားစိတ်) စသည်တို့ သူ့ဟာသူ အာရုံ(အဆင်း၊အသံ)နဲ့ ဒွါရ(စက္ခုအကြည်၊နားအကြည်) စသည် တိုက်ပြီး ဖြစ်လာရတာကို (ငါ့စိတ်ငါသိတယ်နော် ၊ အမြင်မတော်တာတွေ့လို့ကတော့ လုပ်ပစ်လိုက်မယ် ငါ့ဘာမှတ်လဲ) အဲလို ငါစွဲနဲ့ ဝင် စိတ်နာနေတာနဲ့ ပြဿနာတွေ တက်ကုန်ကြတာပါပဲ ။

သညာက္ခန္ဓာ - ( မှတ်သားမှု ) သူ့ဟာသူ မှတ်တုန်းကတမျိုး ၊ အကြောင်းမသင့်လို့အမှတ်မှားပြီး ကုန်ရှုံးရတဲ့ သညာရဲ့ ဖောက်ပြန်မှုအနာကို ငါထင်ပြီး ( ငါမှတ်တုန်းက အကောင်းပါ ၊ ဒီသောက်ဟာတွေဝင်ရှုပ်လို့ မှားရောင်းမိပြီ ၊ ကုန်ပါပြီ ငါ့ပစ္စည်းတွေ ) ဒီလို စိတ်ကထပ်နာတော့ ဒုက္ခမငြိမ်းတော့ဘူးလေ ။ ဒုက္ခမငြိမ်းမှတော့ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ချမ်းသာ ဘယ်ရတော့မှာလဲ ။

ဝေဒနာက္ခန္ဓာ - ( သောမနဿ ၊ ဒေါမနဿ ၊ ဥပေက္ခာ ခံစားစိတ် ) ကိုယ့်ဟာကိုယ် အငြိမ့်မင်းသမီးလေးကြည့်ပြီး သုခဝေဒနာလေးနဲ့ တငြိမ့်ငြိမ့်ခံစားနေတာ - ဗြုံးဆို ခြေထောက်ခွေးဆွဲတော့ နာကျင်တဲ့ ဒုက္ခဝေဒနာ ရောက်လာ ၊ ချမ်းသာလေးပျောက်သွားတော့ ဒီသောက်ခွေးဝင်ရှုပ်လို့ ငါ့ဖီလင်လေး ပျက်ပါပြီ ဆိုပြီး ခွေးပိတ်ကန်ပစ်လိုက်တယ် ။ (ချမ်းသာလိုက်၊ဆင်းရဲလိုက်) အတည်မရှိပြောင်းလဲတတ်တဲ့ ဝေဒနာရဲ့ နာခြင်းသဘောကို ငါနာတယ်လို့  စိတ်က ထပ်နာလိုက်တော့ အကုသိုလ်ကံတွေပါ ထပ်ဖြစ် ။ ဘယ်မှာ အေးငြိမ်းရာ ရတော့မှာလဲနော် ။

သင်္ခါရက္ခန္ဓာ - ( ပြုပြင်စီရင်ခြင်း ၊ စေတနာ ) မိဘက ကောင်းစေချင်လို့ စေတနာနဲ့ ပြောတာ ၊ လုပ်ပေးတာ ၊ နင်တို့ ငါ့စေတနာကို စော်ကားရက်တယ် --- သြော် မေတ္တာစိတ်နဲ့ စေတနာကောင်းလေးနဲ့ ကုသိုလ်အမှုလေးပြုပြီးကာမှ ငါဝင်ကပ်လိုက်တာ ငါ့စေတနာ ဆိုပြီး အတုံ့အပြန်မရတော့ စေတနာကောင်းလေးပျောက် ၊ ဒေါမနဿ၊သောက၊ ပရိဒေဝတွေ ရောက်နေရရှာတဲ့ ကျနော်တို့မိဘတွေ ၊ ကျနော်တို့တွေ - (စေတနာလဲ ငါမဟုတ်)လို့ တွေးနိုင်မှ စိတ်နာတာပျောက် ငြိမ်းအေးရာရောက်မှာပါ ။ သူမကောင်းလို့ ကိုယ်စိတ်ဆိုးရတယ်ဆိုတာ သံသရာမပြတ်တဲ့ နှစ်ခါနာကြီးပါဗျာ ။

ဒီတော့ကာ ကိုယ်နာတိုင်း (ငါအမှတ်နဲ့) စိတ်က နာနေမယ်ဆိုရင် သောက၊ပရိဒေဝ၊ဥပါယာသ - စတဲ့ အဝိဇ္ဇာဦးစီးတဲ့ တရားတွေသာ ဖြစ်လာပြီး နိဗ္ဗာန်နဲ့အလှမ်းဝေး ၊ ဒုက္ခသံသရာ လည်ပတ်နေရဦးမှာမို့ ကိုယ်နာတိုင်း စိတ်မနာအောင် နေတတ်တဲ့အကျင့်ကို ကျင့်သင့်ပါတယ် ။ ဘယ်လိုကျင့်ရမှာလဲဆိုတော့ လူလိမ္မာတို့ အကျင့်ဖြစ်တဲ့ ဝိပဿနာ တရား အားထုတ်တဲ့သူဟာ ဒီခန္ဓာကြီးက သူ့အကြောင်းနဲ့သူ ဖြစ်လိုက် ၊ ပျက်လိုက်နဲ့ အတည်မရှိတဲ့ ဆင်းရဲဒုက္ခ အနာတွင်းကြီး ဆိုတာကို သိလာပါလိမ့်မယ် ။ ပြီးရင် ဒီခန္ဓာကြီးကို သူ့အကြောင်းတရား သူ့ဟာသူဖန်တီး ၊ သူ့အကြောင်းတရားက သူ့ဟာသူ ဖျက်ဆီးတတ်တဲ့သဘောရှိလို့ ငါဖန်တီးလို့မရတဲ့ ၊ ငါ့ဆွေမျိုးမဟုတ်တဲ့ ၊ လာချင်တဲ့အချိန်လာ ၊ ပြန်ချင်တဲ့ အချိန် ပြန်သွားတတ်တဲ့ (တစိမ်း၊ဧည့်သည်) တယောက်လိုသာ သဘောထားပြီး ကြည့်ပါ ။ (တစိမ်းက ပြောတာ ဘာမှ မဖြစ်ဘူး ၊ ငါ့အမျိုးအရင်းက ပြောလို့ ပိုနာတာ) ဆိုတဲ့အတိုင်း နာနေမှာစိုးလို့ပါ ။ ဒီလို တစိမ်းကြည့် ကြည့်ပါများလာရင် ဒီခန္ဓာကြီး သူ့ဟာသူနာနေတာ ငါ ၊ ငါ့ဟာ မဟုတ်လို့ ဘာမှ နာနေစရာမလို ဆိုတဲ့ ဒိဌိစွဲလေး တဖြေးဖြေးလျော့လာပြီ ဆိုတာနဲ့ ပထမအဆင့် ဝိပဿနာမဂ်ဥာဏ် ဝင်လာ ၊ ထိုမှနောက် အာရုံတက်တာနဲ့ နေထွက်မှာသေချာနေသလို သောတာပတ္တိမဂ်ဥာဏ် -- စသည့် လောကုတ္တရာ မဂ်ဥာဏ်တွေက သံသရာကိုဖြတ် ၊ အပါယ်တံခါးကို ပိတ်ပြီး နိဗ္ဗာန် တံခါး အလိုလိုပွင့်လာမှာမို့ ကျန်တာတွေအသာထား ၊ ဝိပဿနာအကျင့်ကိုကျင့်ပြီး ကိုယ်နာတိုင်းစိတ်မနာရအောင်        ( ကိုယ့်ခန္ဓာကိုယ် တစိမ်းလို နေကြပါ ) ဟု စေတနာဖြင့် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ ။


( ဝီမံသာ ) 24-1-2018


Sunday, January 14, 2018

fb ပုံလေးမှ ပြောသောစကား

မိမိ fb မသုံးတာ ကြာပြီ ။ သို့သော် - ကုန်ကြမ်းရှာတွေ့လိုတွေ့ငြား fbဆီ လှည့်ကာ events လေးတွေ ရှာခိုက်
ပုံလေးတခု တွေ့လိုက်ရသည် ။ စာတိုလေးတပိုဒ်ကို screen shot လုပ်ထားဟန်ရှိသော ပုံလေး ။
ဆိုလိုရင်းအချုပ်က - ဘာမှမရှိသူထက် ( ချမ်းသာပြီး ပညာတတ်သူ ) ဆိုလျှင် လူကြီးနေရာနှင့် ပိုထိုက်တန်သည် ၊ ဟု ပို့စ်ရှင်က သူ့အမြင်ကို တင်ပြထားသည့်သဘောဖြစ်သည် ။ သူက (ပညာတတ်သော်လဲ) ဘာပိုင်ဆိုင်မှုမှ မရှိလို့ တိုင်းပြည်အတွက် တရားဝင် လုပ်မပေးနိုင်ကြောင်း ရင်ဖွင့်ထားသည်ကိုလဲ ရင်နင့်စရာ တွေ့ရသည် ။
သူပြောတာလဲ ဟုတ်သည်ပင် ။ ခုကြည့် - အမေရိကန်သမ္မတမှန်သမျှ ဘာမှမရှိသူများ မဟုတ် ။ ဒေါ်နယ်လ်ထရမ့် ဆိုလျှင် ဘီလျံနာသူဌေးကြီး ။ သူ့တိုင်းပြည်အတွက် ပေးဆပ်ချင်စိတ်ရှိလို့ သမ္မတဝင်လုပ်သည်ဆိုလျှင် တိုင်းပြည် အများကြီးအကျိုးရှိနိုင်သည် ။ (လုပ်စားနိုင်ငံရေးသမားတွေထက် ပိုအကျိုးရှိနိုင်ပါသည်) ။
သို့သော် ထိုသူ ပြောသော ဘာမှမရှိ ဆိုသည့် (စည်းစိမ်ဥစ္စာမရှိရုံဖြင့်) တိုင်းပြည်အတွက် လုပ်မပေးနိုင် ဟူသည်မှာလဲ အကုန်အစင် မမှန်နိုင်ပါ ။ ထိုစကားပြောကတဲက သူသည် နေရာမမက်သော ပညာရှိသူတဦးဟု တွေးလို့ရပါသည် ။ ထိုသူမျိုးက တိုင်းပြည်အတွက် နောက်ကွယ်မှ တန်ဖိုးရှိသောအကြံဥာဏ်၊အတွေးအခေါ်တွေ  ဖြန့်ဝေပေးနိုင်လျှင် (ပေးခွင့်ရလျှင်) ထိုတိုင်းပြည် အခွင့်သာလိမ့်မည်ဟုပင် ထင်မြင်မိပါသည် ။
ထို့အတွက်   -   ထိုသူ မပြောနိုင်သော (ပြောမထွက်သော)  - - - - ( လူကြီးနေရာအတွက် )
အရေးကြီး အကြံဥာဏ်တချို့ကို အကျဉ်းမျှ (မျှဝေချင်ပါသည်) ။

တိုင်းပြည်အုပ်ချုပ်သူ ၊ မင်း၊သမ္မတ ၊ အစိုးရ (လူကြီး) မှန်လျှင် - - -
နာယကဂုဏ်(၆)ပါး ၊ သူတော်ကောင်းဥစ္စာ(၇)ပါး ၊ မင်းကျင့်တရား(၁၀)ပါး …
စသည်တို့နှင့် ပြည့်စုံရမည်ဖြစ်ပါသည် ။ အထူးသဖြင့်ကား ……
ထိုတရားများ၏ အနှစ်ချုပ် ၊ အနှစ်သာရအစစ်ဖြစ်သော
ဗြဟ္မစိုရ်တရား(၄)ပါး ဖြင့် ပြည့်စုံခဲ့ပါလျှင် - ထိုတိုင်းပြည် သာယာချမ်းမြေ့မည် အမှန်ဖြစ်ပါသည် ။

ဗြဟ္မစိုရ်တရား(၄)ပါးမှာ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ နှင့် ဥပေက္ခာ တို့ဖြစ်၏ ။
မေတ္တာ ဆိုတာ ကောင်းကျိုးလိုလားတဲ့စိတ် ဖြစ်ပါတယ် ။ မိမိမှာ အသိဥာဏ်ပညာ ကြီးမားမှ ကောင်းကျိုးကို သိပြီး သူတပါးကိုလဲ ကောင်းကျိုးဆောင်ချင်တဲ့စိတ် ရှိလာနိုင်မှာပါ ။ ဒါကြောင့် လူကြီးလုပ်မဲ့သူဟာ အသိဥာဏ်ပညာ ကြီးမားဖို့ ၊ မေတ္တာဓါတ်ကြီးမားဖို့ လိုအပ်ပါတယ် ။
ကရုဏာ ဆိုတာ သူတပါး၏ ဘဝဒုက္ခတွေကို စာနာသနားခြင်း ၊ ၊ မိမိထက် ၊ အသက်၊ခွန်အား ၊ ရာထူး ၊ စည်းစိမ် အစစ သေးငယ်သူတွေကို သနားညှာတာတတ်တဲ့စိတ်ဖြစ်ပါတယ် ။ လူကြီးတယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရှိသင့်ဆုံး အရည်အသွေးတခု ဖြစ်ပါတယ် ။ ကရုဏာစိတ်ရှိဖို့ အရေးတကြီးလိုအပ်တဲ့အရာက ကိုယ်ချင်းစာစိတ်ပါပဲ ။ မိမိကို ဒီလို ပြောရင် ၊ ဒီလိုဖိနှိပ်ရင် မခံနိုင်ဖြစ်မဲ့အရာမျိုးဆို သူတပါးကိုလဲ မပြောအပ် ၊ မပြုအပ်ပါဘူး ။ အထူးသဖြင့် ကိုယ်ပြုသမျှ နုရမဲ့ အုပ်ချုပ်ခံပြည်သူတွေကို ( ငါ့မှာအာဏာရှိတာပဲ ) ဆိုပြီး နင်းတာမျိုး မပြုသင့် ၊ မပြောသင့်ပါဘူး ။ သတိပြုမိမယ် ဆိုရင် ဘုရားရှင်ဟောကြားတော်မူတဲ့ (ငါးပါးသီလ)ဆိုတဲ့ လူ့ကျင့်ဝတ်တရားဟာ ကိုယ်ချင်းစာစိတ် အပေါ်မှာ အခြေခံ ထားတာ တွေ့ရမှာပါ ။ ( ဒါကို ဆောင်းပါးတပုဒ်နဲ့ ရှင်းပြခဲ့ဖူးပါတယ် )
မုဒိတာ ဆိုတာ သူတပါး ကောင်းစားတာ ၊ ကြီးပွားချမ်းသာတာကို ဝမ်းမြောက်တတ်တဲ့စိတ်ပါ ။ တိုင်းပြည်အုပ်ချုပ်တဲ့ လူကြီးတွေထဲမှာ ပြည်သူတွေကြီးပွားချမ်းသာတာကို မြင်ချင်တဲ့ မုဒိတာစိတ်ရှိတဲ့ လူကြီးတွေချည်းသာ ရှိမယ်ဆိုရင် အဲဒီတိုင်းပြည် သေချာပေါက် ချမ်းသာမှာပါပဲ ။ ဒါကြောင့် လူကြီးလုပ်မဲ့လူတွေကို ပြောလိုတာက ( မိမိလက်အောက် ဝန်ထမ်းလေးတွေနဲ့ ပြည်သူတွေကိုလဲ အိပ်မက်ကောင်းလေးတွေ မက်ခွင့်ပေးလိုက်ကြပါ ) ခင်ဗျာ ။
ဥပေက္ခာ ကတော့ အဆင့်မြင့်လွန်းတဲ့ စိတ်ပါ ။ ဒီနေရာမှာတော့ (မတုံလှုပ်တဲ့စိတ်) လို့ပဲ ဖွင့်ဆိုချင်ပါတယ် ။ လူကြီးလုပ် မဲ့သူဟာ ဝေဖန်တာကို မတုံလှုပ်ဖို့လိုသလို ချီးမွမ်းတိုင်း ဘဝင်မမြင့် ၊ ကဲ့ရဲ့တိုင်း မခံချင်မဖြစ်ပဲ ပုံမှန်စိတ်အနေအတိုင်း နေနိုင်ရပါမယ် ။ချီးမွမ်း၊ကဲ့ရဲ့၊ဝေဖန်တိုင်းသာ တုံလှုပ်တဲ့စိတ်နဲ့ အုပ်ချုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့စည်းစိမ်တွေကို ဘုန်းတော်ဘွဲ့ပဲ ရွတ်ပြနေတဲ့ အလိုတော်ရိတစု လက်ထဲ ထဲ့ပေးလိုက်ရပြီး ၊ အမှန်အတိုင်းဝေဖန်တဲ့ ၊ မကျေနပ်လို့ ကဲ့ရဲ့တဲ့ ပြည်သူတွေမှာ ကြိမ်မီးအုံးသလို မပြောရဲမဆိုရဲဖြစ်ကာ အာဏာရှင်ခေတ်ကို ပြန်ရောက်သွားနိုင်ပါတယ် ။
ယခု fb မှ ထိုသူညွှန်းသော (ဂျာပြန်ဒေါက်တာမလေးလဲ) မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ် တရား(၄)ပါး ပြည့်စုံလျက် ပြည်သူတွေကို အိပ်မက်ကောင်းတွေမက်ခွင့်ပေးနိုင်သော လူကြီးလူကောင်းတယောက် ဖြစ်လာပါစေဟု ဆန္ဒမွန်ပြုပါသည် ။