ဖေဖေက ဥာဏ်ပညာကြီးမားတယ် ၊ မေမေက မေတ္တာဓါတ်ကြီးမားတယ် ။
သူတို့ အခြားနေရာတွေမှာ အမြင်မတူတာတွေရှိပေမဲ့ -
သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာတော့ ညီညွတ်ကြတယ် ။
ဒါကြောင့် ကျနော်တို့ မောင်နှမတွေ - ဖေဖေ မရှိတော့ပေမဲ့ ၊
အမေမုဆိုးမကြီးကို အပြိုင်အဆိုင်ပြုစုရင်း - ဥမကွဲ ၊
သိုက်မပျက် ၊
ချစ်ချစ်ခင်ခင် ၊ စည်းစည်းလုံးလုံး နေနိုင်ခဲ့ကြတယ် ။
ဒါကြောင့် ကျနော် - ဒီအဖေ၊ဒီအမေ ၊ ဒီမိသားစုကြီးထဲမှာ
လူ လာဖြစ်ရတာ ကျေနပ်တယ် ၊ ဂုဏ်ယူတယ် ။
ဒါ - အခု အသက်(၅၀)ကျော်အရွယ် ၊ ဘဝအတွေ့အကြုံ စုံလာတဲ့
သားတယောက်ရဲ့ ရင့်ကျက်တဲ့ သစ္စာစကားပါ ။
ငယ်စဉ်ကတော့ - အနောက်တိုင်းအတွေးအခေါ်တွေထဲက
ဖြစ်တည်မှုအဓိက (Exit) ဝါဒနောက်လိုက်ရင်း
ကိုယ်လိုတာမဖြစ်ရတိုင်း
(ငါ့ကိုအလိုမတူပဲ ဒီလောကထဲ ဘယ်သူပစ်ချလိုက်တာလဲ)လို့
ပေါက်ကွဲစွာ ဒေါသမေးခွန်းတွေနဲ့ ဘဝရေတိမ်နစ်စေခဲ့ဖူးပါတယ် ။
အခုအချိန်မှာတော့ - - - - -
ဖေဖေ ၊ မေမေ တို့ကို (တသက်တာ ထာဝရ)
ကျေးဇူးရှင်တွေအဖြစ် ကျေးဇူးတင်ပါတယ် ။
ကျနော့်ဘဝအတွက် အရေးအကြီးဆုံးသော -
လမ်းညွှန် ဆုံးမ ပညာပေးဝေ ဆရာသမားတွေ ၊
လဲနေစဉ်ထူပေးတဲ့ ၊ နားလည်စွာရပ်တည်ပေးတဲ့ ၊
မောင်နှမတွေ ၊ သူငယ်ချင်းတွေ ၊ မိသားစုတွေ ၊
လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါင်းအသင်းတွေ - - -
အားလုံးကိုလဲ ကျေးဇူးတင်ပါတယ် ။
အထူးအားဖြင့် - ရင့်ကျက်တဲ့အသိတရားတွေနဲ့
လောကအမြင်မှန်စေဖို့ လမ်းမှန်ညွှန်ပြခဲ့တဲ့ -
မြတ်ဗုဒ္ဓ ၊ ဗုဒ္ဓရဲ့ မြတ်ဓမ္မ ၊ ဓမ္မကိုဆောင်သူ မြတ်သံဃာ
စတဲ့ - (ဘုရား၊တရား၊သံဃာ)အမြတ်ဆုံး ရတနာ(၃)ပါးကို -
(သံသရာ ထာဝရ) ကျေးဇူးရှင်တွေအဖြစ် ကျေးဇူးတင်မိပါကြောင်း
။ ။
(
ဝီမံသာ )