( ပညာ မတတ်
၊ စာသာ တတ်တော့ ၊
ဂါဟတ် ကိုက်တာ
၊ ခံရပြီ )
( ခန္ဓာပေါ်
မသိ ၊ သညာသာ သိတော့ ၊
သမုတိ နယ်က
၊ မလွတ်တော့ပြီ )
ဂါဟတ် (ဂါဟ)
ဆိုတာ - လောလောဆယ် ကျမ်းကိုးရှာမရလို့ အနက်(အတိအကျ) မပြောနိုင်ပေမဲ့ ကျနော်နားလည် ထားတဲ့
ဂါဟတ်ကိုက်တယ် ဆိုတာ - အဝိဇ္ဇာဦးစီးတဲ့ (ဒိဌိ၊ဝီစိကိစ္ဆာ) တွေက ပညာရှိယောင်ဆောင်ပြီး
ကိုယ့်အတွင်းထဲ မှာ တရားဟောနေတာပါပဲ ။ ဒါကို တနည်းအားဖြင့် သမုတိနယ်က မကျွတ်၊မလွတ်အောင်
(ပညတ်ကစားနေခြင်း)လို့လဲ နားလည်မိပါတယ် ။ အများနားလည်အောင် ယေဘုယျ ပြောရရင် (လျှောက်တွေးနေတာပါပဲ)
။ ဒါကြောင့် ဆရာတော် ဦးဇောတိက တရားအားထုတ်ခါစက
အတူသီတင်းသုံးဖက် ဆရာတော်တွေနဲ့ ရယ်သွမ်းသွေးရင်း ပြောတဲ့စကားလေး - ( တရားထိုင်ပြီလို့မဟုတ်ဘူး ၊ ခုချိန်ကစပြီး လျှောက်တွေးပါပြီခင်ဗျား
) တဲ့ ။ အဲဒါ (ဂါဟ) ပါ ။ သူက တခြားအတွေးနဲ့ မတူဘူး ၊ သားတွေး၊သမီးတွေး ၊ စီးပွား၊လောကီအတွေးတွေက
ချက်ခြင်းသိသာလို့ ဝီရိယ တင်ပြီး ဖြတ်ချလိုက်လို့ ရတယ် ။ ( အသက်ပြင်းပြင်းတချက်ရှုပြီး
အာရုံပေါ်ပြန်တင်လိုက်တာနဲ့ တိခနဲရပ်သွားတယ် ) ။ (ဂါဟ)က ဖြတ်ရဖို့ သိပ်ခက်တယ် ။ သူက
(တရားအတွေး) ၊ ဖတ်ထား၊မှတ်ထားတဲ့ အပေါ်ယံသညာအသိတွေ နောက်ကို လိုက်မျောပြီး ကိုယ့်ကိုယ်ကို
ပြန်တရားဟောနေသလို ၊ တရားစစ်ပေးနေသလိုလိုနဲ့ သမာဓိမရအောင် ပညတ်ကစားပြီး ဝဲလည်လှည့်
နေရင်းက (သတိ)တချက်လွတ်တာနဲ့ အပြင်အထိ ဆွဲထုတ်သွားပြီး တရားပျက်အောင်ကို ဖျက်တတ်ပါတယ်
။
မှတ်မှတ်ရရ
အဲဒါနဲ့ပတ်သက်ပြီး ကျနော် အသက်(၂၅)နှစ်အရွယ် ( ၁၉-၅-၁၉၉၁) နေ့စွဲနဲ့ သီချင်းလေးတပုဒ်
ရေးခဲ့ဖူး တယ် ။ ( အမှောင်ဟာ ဝတ်ဖြူစင်ကြယ်ဝတ်ထားတယ် ) တဲ့ ။ သင်္ကြန်မှာ ဒုလ္လဘရဟန်းဝတ်တော့
အမိအရ တရား အားထုတ်မယ်လို့ အပြင်းအထန် ကြိုးစားခဲ့တယ် ။ အဲဒီမှာ (ဂါဟတ်ကိုက်တာပါပဲ)
။ ဝေဒနာတွေဘာတွေ အေးဆေး ဖြတ်ချထားလို့ရပြီထင်ရလောက်အောင် သမာဓိကောင်းလာပေမဲ့ (နိဗ္ဗာန်ကိုမြင်ချင်ဇော၊တရားထူးရလိုဇောနဲ့)
ပရမတ္ထဓမ္မ အပေါ်မှာ (မတင်သင့်တဲ့) ပညတ်တွေတင်ပြီး (ဓမ္မဝိစယ)တရားစစ်အတွေးက စမျောလိုက်တာ
၊ ဝီရိယအားကောင်းလေ ၊ အတွေးကောင်းလေ ၊ တွေးရင်း၊တွေးရင်း (သတိ)မလိုက်နိုင်တော့တဲ့တချိန်မှာ
အဝိဇ္ဇာက အပြင်အတွေးတွေဆီအထိ ဆွဲချသွားလိုက်တော့ ပျက်ပါလေရော ။ နှမြောလိုက်တာ ၊ ချွေးတွေပြန်ပြီး
ဒေါမနဿနဲ့သာ ကျန်ခဲ့ရတော့တယ် ။ အဲဒီတုန်းက ငယ်လဲငယ် ၊ တက္ကသိုလ်ပညာတွေလဲသင်နေတော့ စာစုံ၊အတွေးစုံ
ရောနေတော့ ပိုဆိုးတာပေါ့ ။ ဒီဖက်မှာ ပဋိစ္စသမုပ္ပါဒ် ကို လေ့လာနေသလို (ကဗျာ ၊ ဂီတ ဝါသနာအရ)
အဲဒီခေတ်မှာ ခေတ်စားနေတဲ့ ယန်းပေါလ်ဆာ့ထ် တို့ အဲလ်ဘတ်ကမြူး တို့ရဲ့ (ဖြစ်တည်မှုအဓိကဝါဒ)
ကိုလဲ နှစ်ခြိုက်လေ့လာနေတော့ ပိုဆိုးတာပေါ့ ။
ဒါပေမဲ့ ဆယ်နှစ်သား
ကိုရင်လေးဘဝနဲ့ တခါ ၊ အသက်အစိတ် ရဟန်းဘဝနဲ့တခါ တရားအားထုတ်ခဲ့ရလို့ တရားအရိပ်ရဲ့ အေးမြမှု
၊ တရားအရသာက အမြတ်ဆုံး ဆိုတဲ့အသိလေး စွဲကျန်ခဲ့တာကတော့ အမြတ်ပေါ့ဗျာ ။ နောက်(၁၅)နှစ်လောက်
အထိကတော့ ဘွဲ့ရ ၊ အလုပ်လုပ် ၊ မိန်းမယူ ၊ ကလေးတွေရ … ရှုပ်ယှက်တွေခတ်ပြီး ရိပ်သာကျောင်းလေးနဲ့
ဝေးခဲ့ရပါ တယ် ။ ဒါပေမဲ့ (၄၀)လောက်ကစပြီး (ငါ့ကံငါပိုင်သဟဲ့ ၊ ငါ့ကံငါဖန်တီးမဟဲ့) ဆိုတဲ့
(ငါမာန်တွေကျလာ) ။ ကမ္မနိယာမ ရဲ့ မမြင်နိုင်တဲ့အစိတ်အပိုင်း (ကြောင်းကျိုးဆက်တွေဟာ)
သမုဒ္ဒရာအလယ်က ကျွန်းလေးလို - ရေပေါ်မှာ ကျနော်တို့ မြင်နိုင်တဲ့အစိတ်အပိုင်းလေးထက် အဆပေါင်းများစွာ
ကြီးကျယ်၊နက်ရှိုင်း၊ရှုပ်ထွေးလွန်းလှတယ် ဆိုတာ သဘောပေါက် လာတယ် ။ အခြားတပါးသော အနောက်တိုင်းအတွေးအခေါ်တွေဟာ
မပြည့်စုံဘူး ၊ လွဲမှားတယ်လို့ ယတိပြတ် စိတ်မှာ ဖြစ်လာတော့ ရိပ်သာကျောင်းလေးဆီ အားကိုးတကြီး
ပြန်ပြေးလာပါတော့တယ် ။ (၄၀)ပြည့် ဒုလ္လဘရဟန်း
ဝတ်ပြီးထဲက သင်္ကြန်ရောက်တိုင်း မကြာခဏဆိုသလို ရိပ်သာမှာ သင်္ကန်းစည်း တရားအားထုတ်ပါတော့တယ်
။
ကျနော်နဲ့အတူ
တရားထိုင်ဖက် ယောက်ဖတော်တယောက်ရှိသေးတယ် - သူက - ဗြဟ္မာ့ပြည်က ဆင်းလာသူ ၊ တကယ် ပြောတာ
၊ ကျနော် သူ့လက္ခဏာနဲ့ သူ့အမူအရာမှာ မြင်နေရတယ် ။ ထားပါတော့ ၊ ဥပဇ္ဈယ်ဆရာတော်ကတော့
- အင်း ဒီကောင်တွေ - ( အိမ်ထောင်နွံ ) နစ်နေပြီ ။ နိက္ခမပါရမီတော့ မပါလောက်တော့ဘူး ။
ဒီတော့ လာခိုက်ကလေး လွတ်လွတ်လပ်လပ် တရားအားထုတ်လို့ ရအောင် (၂၂၇)သွယ် သိက္ခာပုဒ်ဒဏ်နဲ့
ဝန်မပိအောင် ( ကိုရင်ကြီးပဲ ) ဝတ်ပေးပါတော့တယ် ။ တမြို့လုံး ဆရာတော်နဲ့ ကျနော်တို့(၂)ယောက်ပဲ
သိတဲ့ လျှို့ဝှက်ချက်နော် ။(ခုတော့ဖော်လိုက်ပြီ) ။ အံမယ် - ဒါတောင် ကျနော်တို့က မလျှော့ချင်သေးဘူးခဗျ
။ ဆံချ သင်္ကန်းရုံပြီးတာနဲ့ ဒီတခါတော့ အကျွတ်ဟဲ့ဆိုတဲ့ စိတ်မာန်အပြည့်နဲ့ ၊ (သြော်
- နိဗ္ဗာန်တောင် ဇောနဲ့ လိုချင်နေသေးတာနော်) - အိမ်ကမိန်းမ၊မိသားစုတွေကို ခေါ်ပြော တယ်
။ ဒီတခေါက်ဝင်လို့ သံသရာလွတ်ကြောင်းတရား ရပြီဆိုရင်တော့ ငါတို့ ပြန်မလာတော့ဘူး ။ နင်တို့ဟာနင်တို့
ရှာစားကြပေတော့ ၊ သားသမီးတွေကိုလဲ နင်တို့ပဲကြည့်ရှု စောင့်ရှောက်လိုက်တော့ ။ ငါတို့အတွက်မပူနဲ့
၊ ထမင်းတနပ် တော့ အေးဆေး ဆွမ်းခံစားမယ် လို့ ဒီလို ပြောနေကျ ။ အဲဒီ အချိန်တော့ သူတို့ခမျာလဲ
မျက်နှာငယ်လေးတွေနဲ့ ဦးချ ပြန်သွား ၊ ဒီကြားထဲ ဆွမ်းလာပို့လဲ မျက်နှာသေလေးတွေနဲ့ ၊
အဲ အချိန်ကျလို့ (၇)ရက်တန်သည် ၊ (၉)ရက်တန်သည် ရှိတော့ လာပါပြီ - (အပိုင်တွက်ပြီးသား)
ဖီးလိမ်းပြင်ဆင်ပြီး ၊ ကျနော်တို့အဝတ်အစားတွေပါ ယူလာပြီး ကလေးတွေ ရှေ့က တင်ချလာတော့တယ်
။ ပြီးတာနဲ့ (သမီးက ဘယ်နှစ်တန်း ရောက်ပြီ ၊ သားက အတန်းကြီးလာတော့ ပိုကုန်မှာ ၊ ဒီတော့
ဘုန်းဘုန်းတို့ဘယ်လိုစီစဉ်မလဲဘုရား) ဆိုတာနဲ့
ပြီးပါလေရော ။ ( အိမ်း - ဒီကလေးတွေ လူလားမမြောက်သေး သရွေ့တော့ တို့တာဝန်ပဲဟဲ့
) ဆိုပြီး တခါထဲ ပါသွားပါလေရော ။ ( တကယ် ဝန်ခံနေတာပါဆို )
ကျနော် ဒီစာရေးဖြစ်တာက
(ဂါဟ)ကို မေ့နေရင် (ကိုယ့်ကိုယ်ကို တရားထူးရပြီလိုလို) အထင်လွဲတတ်တာကြောင့်ပါ ။ နောက်တကြောင်းက
- ကျနော် လူငယ်ဘဝက ဂီတကိုရူးသွပ်ရင်း စွဲလာတဲ့ မကောင်းတဲ့အကျင့်တခုကို ဖြတ်ဖို့ကြိုးစား
ရင်း သူ့ရဲ့အရှိန်အဟုန်(အင်နားရှား) ပါသွားလို့ ခု (၂)ညရှိပြီ လုံးဝအိပ်မရဖြစ်နေလို့
( နေ့ခင်းဘက်ပါမအိပ်တော့တာ ၊ မျက်လုံးမှိတ်ထားတောင် စိတ်ကနိုးကြားနေတုန်း ) ။ (ရေနဲငါးလို
- ကိလေသာ ၊ အာသဝ ၊ တဏှာအရည်တွေ ပြတ်သွား တော့ ငါးကလေး ခုန်ဆွခုန်ဆွနဲ့ မအိပ်နိုင်အောင်
ထွန့်ထွန့်လူးနေရှာ ထင်ပါရဲ့) ။ ဒါနဲ့ ခုမနက်(၃)နာရီလောက်မှာ တရားလေးမှတ်ရင်း အိပ်မယ်လို့လုပ်တာ
- ဒီလိုလေ ၊ စိတ်ကလေးငြိမ်သွားရင် ထိနမိဒ္ဒ ဝင်လာပြီး အိပ်ပျော်အောင်လို့ ၊ ( သြော် - တရားကိုပါ အိပ်ဖို့အသုံးချ ၊ တော်တော်ဆိုးတဲ့လူနော်
) ။ အိပ်ယာပေါ်အသာလှဲ ၊ ဝင်လေ၊ထွက်လေလေး ရှု ၊ သမာဓိရမယ်မှမကြံသေးဘူး ။ ဘာရှုရှု - သတိကပ်
၊ ပရမတ်ပညာဝင်ဖို့တော့ မလုပ်ပဲ မှတ်ထားသမျှ ပညတ်တွေတင် ဂါဟတ်ဝင်လိုက်တာ ၊ အဝိဇ္ဇာက တရားပြန်ဟော
၊ စာမာန်လေးတက်လာတော့ ( ဒီတရားလေး လိုင်းပေါ်တင်လိုက် ဦးမဟဲ့ ) လို့ အိပ်ယာက ငေါက်ခနဲထလိုက်တာ
--- တရားတော့မတက်၊ အိပ်ရေးသာပျက်ခဲ့ရပြန်ပါကြောင်း ၊ ဝန်ခံချင်လို့ တကြောင်းပါခင်ဗျာ
။
(
ဝီမံသာ )
စာပြီးချိန်
- 30-11-2017 ( 6:20 AM )