Friday, September 29, 2017

တရားကိုသိရင် ဘုရားကိုသိမယ်

ဒီနေ့ ဘုရားရှိခိုး၊မဟာပဌာန်းနိဒ္ဒေသပူဇော်ပြီးတော့ (မဂ္ဂပစ္စယ)ကို ဘာသာပြန်မယ်လို့စိတ်ကူးရတယ် ။
ဒါပေမဲ့ ကိုယ်ကအရိယာမဖြစ်သေးဘူးဆိုတာ သေချာသလောက်ရှိနေတော့ ကိုယ်တိုင်မသိပဲရေးရင် ဒေသနာတော် နဲ့ ညှိတာကောင်းမယ် ဆိုပြီး ထန်းတပင်သာသနာပိုင်ဆရာတော်ကြီး အရှင်နန္ဒမေဓာ ပြုစုတဲ့ ပဌာန်းအရကောက်ကျမ်းက မဂ္ဂပစ္စယ နိဒ္ဒေသ အဖွင့်ကို ဖတ်ကြည့်တယ် ။ ဒီတော့မှ အထိတ်တလန့်ဖြစ်သွားရတယ် ။ ကျနော့်ဥာဏ်လေး တထွာ တမိုက်နဲ့ မဂ်(၄)ပါး၊ဖိုလ်(၄)ပါး၊ နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာတရား(၉)ပါးရဲ့ အဓိပ္ပါယ်အတိမ်အနက်ကို ထိုးထွင်းသိဖို့ဝေးစွ ၊ စာသိနဲ့သိဖို့တောင် အင်မတန် ခက်ခဲလွန်းနေတာ တွေ့လိုက်ရတော့ ဒီနေ့ မဂ္ဂပစ္စယ ဘာသာပြန်ဖို့ကို လက်လျှော့လိုက် ရပါတယ် ။ ကိုယ့်ကိုယ်ကိုလဲ ဒီလိုတွေးနေမိပါတယ် ။

( သြော် - ငါက ဘုရားရှင်ကို နီးနီးကပ်ကပ်သိဖို့အသာထား ၊ ဘုရားရှင်ရှိရာ အိမ်ပေါက်ဝမှာ ပြူတစ်ပြူတစ်နဲ့ အိမ်ထဲ ခြေတလှမ်းလှမ်းလိုက် ၊ မဝံ့မရဲနဲ့ နောက်ပြန်ဆုတ်လိုက်နဲ့ အိမ်ဝကနေ မှန်အလုံကာထားတဲ့ ဘုရားကျောင်းဆောင်တော် ကို ငေးမျှော်ကြည့်နေနိုင်ရုံ အဆင့်လေးပဲ ရှိပါသေးလား ) လို့ တွေးနေမိပါတယ် ။ ဒါပေမဲ့ ဒီလိုငေးမျှော်ကြည့်နေရတာ နဲ့တောင် ရင်ထဲမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တ တွေကို မှန်းဆပြီး ကြည်ညိုလိုက်တာလေ ။ ပီတိတွေ ရင်မှာတလှပ်လှပ်နဲ့ပေါ့ ။ ဒါကြောင့် ဒီစာကိုရေးလိုက်ရတာပါ ။

( တရားကိုသိမှ ဘုရားကိုသိမယ် )တဲ့ ။ တရားကို တဖြေးဖြေးပိုသိလာလေ တရားရှင် မြတ်စွာဘုရားကို ပိုကြည်ညိုလေ ဖြစ်လာပါတယ် ။ ကျနော်တို့သာမာန်ပုထုဇဉ်တွေ အိမ်ပေါက်ဝက ချောင်းကြည့်ရသလို အနေမျိုးမှာတောင် ဘုရားကို ကြည်ညိုစိတ်က တဖွားဖွားဖြစ်နေရသေးတယ်ဆိုရင် တရားတော်တွေကို ဆောင်ယူ၊လေ့လာ၊ရင်းနှီးနေကြတဲ့ ပရိယတ္တိ ဝန်ဆောင်ဆရာတော်ကြီးတွေ ၊ တရားတော်ကို ကိုယ်တိုင်ကျင့်ကြံအားထုတ်ပွားများနေကြတဲ့ ပဋိပတ္တိဝန်ဆောင် ဆရာတော်ကြီးတွေ ၊ အရိယာပုဂ္ဂိုလ်ကြီးတွေဆို ဘုရားရှင်ကို ဘယ်လောက်များကြည်ညိုလိုက်မလဲဆိုတာ မှန်းဆလို့ တောင် မရနိုင်ပါဘူးနော် ။ ဘုရားရှင်လက်ထက်တော်က ပုထုဇဉ်ရဟန်းတပါးဟာ မြတ်စွာဘုရားရဲ့ ကျက်သရေရှိလှတဲ့ မျက်နှာတော်ကို ဖူးမျှော်ရင်း ကြည်ညိုလွန်းလို့ တစိမ့်စိမ့်ကြည့်မဝ ဖြစ်နေရဖူးပါသတဲ့ ။ ဘုရားက သိတော့ - ( ချစ်သား ရဟန်းလေး ၊ ငါဘုရားမျက်နှာတော်ကို တနေကုန်ထိုင်ဖူးမျှော်နေရုံမျှနဲ့ ငါဘုရားကို ကြည်ညိုသည် မမည်သေး ။ ငါဘုရား ဟောကြားသော တရားတော်တို့ကို နားလည်သိရှိပြီး ကျင့်ကြံအားထုတ်နေမှသာ ငါဘုရားကိုကြည်ညိုသည် မည်တယ် ) လို့ ဆုံးမတော်မူပါတယ် ။ ဘုရားစကား နားထောင်မှ ဘုရားကိုကြည်ညိုရာရောက်မယ် ဆိုတဲ့အဓိပ္ပါယ်ပါ ။

ဒါကြောင့်မို့ ကျနော်စောစောကပေးခဲ့တဲ့ အိမ်ပေါက်ဝ ဥပမာလေးကို ချဲ့ထွင်ရှင်းပြချင်လို့ ဒီစာဖြစ်လာတာပါ ။
 လောကမှာ လူဟာ ( ငါစားရသလို သူလဲစားရပါစေ ၊ ငါ့လို သူလဲအဆင်ပြေပါစေ ) ဆိုတဲ့ စေတနာနဲ့ သူတပါး ( လူ ၊ သတ္တဝါ ) တွေကို ပေးကမ်းစွန့်ကြဲ လှုဒါန်းတယ် ၊ ကူညီစောင့်ရှောက်တယ် ။ ကျေးဇူးရှိသူတွေကို ကျေးဇူးတင်စိတ်နဲ့ ၊ ဂုဏ်မြတ်သူတွေကို ကြည်ညိုစိတ်နဲ့ လှုဒါန်း၊ပူဇော်တယ် ။ ဒီလို ဒါနအမှုကို ပြုပြီဆိုရင် သူဟာ ဘုရားရှင်ရှိရာ လမ်းဝကို ရောက်ပါပြီ ။ ဒီအဆင့်ရောက်ဖို့တောင် ဘယ်လောက်ခက်ခဲသလဲ စဉ်းစားကြည့်ပါနော် ။ ဘဝသံသရာတလျောက်မှာ အပါယ်(၄)ဘုံ နဲ့ ပစ္စန္ဒရာဇ်အရပ်(သာသနာပ) စတဲ့ တောတောင်လျှိုမြောင်၊ချောက်ကမ်းပါးအသွယ်သွယ်ကိုဖြတ်ပြီးမှ လူအဖြစ်ကိုရ ၊ လူအဖြစ်နဲ့ ပေးကမ်းစွန့်ကြဲတဲ့ ဒါန(အလောဘ)ကုသိုလ်ပြုနိုင်ဖို့ဆိုတာ အတော်ခက်ခဲပါတယ် ။

တခါ - ဘုရားရှင်ရှိရာ လမ်းထိပ်တော့ရောက်ပါရဲ့ ၊ ဘုရား၊တရား၊သံဃာ ရတနာ(၃)ပါးကို အမြတ်ဆုံးသော ကိုးကွယ်ရာ အဖြစ် မယူဆနိုင်ပဲ ကျော်ခွသွားကြမယ်ဆိုရင်လဲ ဒီလမ်းထဲမဝင်လို့ ဘုရားနဲ့ ဝေးနေဦးမှာပါပဲ ။ လမ်းပျောက်ရင် သံသရာ ချောက်ကြီးတွေကလဲ ကြောက်စရာပါနော် ။ ဒီတော့ ရတနာ(၃)ပါးကို ကိုးကွယ်အားထားရာအဖြစ် ရိုသေလေးမြတ်စွာ ပူဇော်ပါ၏ လို့ (သရဏဂုံ)တည်မှ ဘုရားရှင်ရှိရာလမ်းထဲကို ဝင်လာပြီလို့ ဆိုနိုင်ပါတယ် ။ မိရိုးဖလာဗုဒ္ဓဘာသာလေးတွေ ဒီစာကိုသေချာဖတ်ပါနော် ။ ဘုရားရှင်ရှိရာလမ်းထဲရောက်နေပြီးမှ ဟိုယောင်ယောင်၊ဒီယောင်ယောင်နဲ့ ပြန်ထွက်သွား ၊ ကျော်ခွမသွားကြပါနဲ့ ။ လမ်းပျောက်ရင် သံသရာချောက်ကြီး၊တောရိုင်းကြီးတွေက ပြန်မလာနိုင်လောက်အောင် ထူထပ် လွန်းလို့ပါ ။

ဘုရားရှင်ရဲ့ လမ်းထဲကိုတော့ရောက်ပါပြီ ။ ဒါပေမဲ့ ဘုရားရှင်ချမှတ်ပေးတော်မူတဲ့ လောကလူသားတွေ လိုက်နာကျင့်သုံး ရမဲ့ အခြေခံလူ့စည်းမျဉ်း၊စည်းကမ်း လူ့ကျင့်ဝတ်တွေဖြစ်တဲ့ ငါးပါးသီလ အစရှိတဲ့ (သီလ)ကို မဆောက်တည်၊မကျင့်သုံး မထိန်းသိမ်းနိုင်ရင် ကာမဘုံသားတို့အတွက် မာယာလမ်းသွယ်လမ်းမြှောင်တွေက ဘုရားရှင်ရှိရာအိမ်၊ခြံဝင်းနဲ့ လွဲအောင် ချောက်ထဲကိုတွန်းချဖို့ အဆင်သင့်ရှိနေလို့ ဘုရားနဲ့ဝေးနိုင်ပါသေးတယ် ။ မိမိတို့တတ်စွမ်းနိုင်သလောက် အခြေခံဝတ္တရား လူ့ကျင့်ဝတ် ၊ ကိုယ်ကျင့်တရား သီလဆောက်တည်နိုင်မှသာ မြတ်စွာဘုရားရှင်ရှိရာ အိမ်ခြံဝင်းပေါက်ဝကို ရောက်ပြီလို့ ဆိုနိုင်ပါတယ် ။

မြတ်စွာဘုရားရှင်ဟာ ကိလေသာတို့မှကင်းဝေးတော်မူသော (အရဟံ) ဂုဏ်တော်ရှင်ဖြစ်လို့ အတိုင်းအဆမရှိအောင် ငြိမ်းအေးတော်မူပါတယ် ။ ဒီလိုငြိမ်းအေးတော်မူရာ မြတ်စွာဘုရားရှင်အိမ်ဂေဟာထဲကို ကိလေသာအပူမီး အလျှံတငြီးငြီး တောက်လောင်လျက်နဲ့ မဝင်နိုင်ပါဘူး ။ ဒါကြောင့်မို့ ကိလေသာအပူတွေ တဒင်္ဂဖြစ်ဖြစ် ကင်းစေမဲ့ တရားဘာဝနာ ပွားများ အားထုတ်ခြင်းဖြင့်သာ ဝင်နိုင်မှာဖြစ်ပါတယ် ။ ကိလေသာ ဆိုတာ အကျဉ်းအားဖြင့် လောဘ၊ဒေါသ၊မောဟ ၊ (၃)ပါး အကျယ်အားဖြင့် (၁၅၀၀) ရှိပါတယ် ။ (၁၅၀၀)မေတ္တာနွံနစ် ဆိုတဲ့ စာသားလို လင်ချစ်၊မယားချစ်၊သားချစ်၊သမီးချစ်တွေ ဟာလဲ ကိလေသာတွေပါပဲ ။ ခြံထဲရောက်မှ (၁၅၀၀)နွံနစ်ပြီး အိမ်ထဲမဝင်နိုင်ဖြစ်မှာစိုးလို့ အမြဲမဟုတ်တောင် တဒင်္ဂ ကိလေသာငြိမ်းစေတဲ့ ဘာဝနာရေနဲ့ အပူမီးတွေငြိမ်းပြီးမှ ဘုရားရှင်ရှိရာ အိမ်တော်မင်္ဂလာဆီ ဝင်နိုင်မှာဖြစ်ပါတယ် ။

ကျနော်တို့လို အတော်များများဟာ အိမ်ပေါက်ဝရောက်မှ ပြူတစ်ပြူတစ်နဲ့ ခြေတလှမ်းဝင်လိုက် ၊ မဝံ့မရဲနဲ့ နောက်ပြန် ဆုတ်လိုက် တလည်လည်ဖြစ်နေရတာဟာ သမထ သက်သက်ကနေ မတက်နိုင်ကြလို့ဖြစ်ပါတယ် ။ ဘာဝနာပွားရာမှာ သမထဘာဝနာ(အာရုံကသိုဏ်းတခုထဲကို တည်နေအောင်စူးစိုက်ရှုပွားခြင်း) ၊ သမထဝိပဿနာဘာဝနာ(သမာဓိရပြီးမှ ဒေသနာတော်ကိုဆင်ခြင်သုံးသပ်ရင်း ကိလေသာအပြီးငြိမ်းဖို့ရည်ရွယ်အားထုတ်ခြင်း) ၊ ဝိပဿနာဘာဝနာ (ဖြစ်၊ပျက်) သဘာဝကိုမြင်ပြီး ဒုက္ခအရိယသစ္စာကိုပိုင်းခြားသိမြင်အောင်ရည်ရွယ်လျက် တဒင်္ဂသမာဓိဖြင့် မဂ်ဥာဏ်အဆင့်ဆင့် ဖြစ်ပေါ်အောင် ဆင်ခြင်သုံးသပ်အားထုတ်ခြင်း) လို့ (၃)မျိုးရှိပါတယ် ။ ပညာပါရမီအားနဲနေသေးချိန်မှာ ကမ္မဌာန်း(၁၀)ပါး ဗုဒ္ဓါနုဿတိ ၊အာနာပါနဿတိ စသည့် သမထဘာဝနာဖြင့် ကိလေသာတွေ တဒင်္ဂငြိမ်းအေးလေ့ရှိတဲ့ အလေ့အထကို ထူထောင်ရပါတယ် ။ ငြိမ်းအေးတဲ့စိတ်ဟာ ကြည်လင်ပြီး ဥာဏ်ပညာထက်မြက်စေပါတယ် ။ ဒါပေမဲ့ သမထဘာဝနာဟာ လောကထဲကလွန်မြောက်စေတဲ့ မဂ်ဥာဏ်ရကြောင်းမဟုတ်တဲ့အတွက် အိမ်ပေါက်ဝကနေ ဝင်လိုက်၊ထွက်လိုက်ဖြစ်သလို သံသရာလည်နိုင်ပါသေးတယ် ။

ပညာပါရမီအခံရှိပြီး ဝီရိယအားကောင်းသူတွေအတွက် သမထဝိပဿနာဘာဝနာ ပွားများအားထုတ်ပြီဆိုတာနဲ့ ဘုရားရှင် အိမ်ထဲကိုရောက်ပါပြီ ။ လောကီဥာဏ်စဉ်အဆင့်ဆင့်တက်လို့ သင်္ခါရုပေက္ခာဥာဏ်ကို ရောက်ပြီဆိုတာနဲ့ လောကုတ္တရာ ဟိုဖက်ကမ်းကို ရေးရေးလေး လှမ်းမြင်ရပါပြီ ။ ဘုရားကျောင်းဆောင်ထဲကို ရောက်ပါပြီ ။ လောကမှလွန်မြောက်ပြီးသော ၊ ဘဝဒုက္ခအပေါင်းမှ လွတ်မြောက်ပြီးဖြစ်သော ၊ နိဗ္ဗာန်သို့ဝင်စံပြီးဖြစ်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှ သန္တိသုခ ငြိမ်းအေးခြင်းဓါတ်ကြီးရဲ့ အငွေ့အသက်ကို စတင်ခံစားနိုင်ပါပြီ ။ သမထဝိပဿနာဘာဝနာဖြစ်ဖြစ် ၊ ဝိပဿနာ ဘာဝနာသက်သက် ဖြစ်ဖြစ် နိဗ္ဗာန်ရောက်ကြောင်း ၊ မဂ်ဥာဏ်ဖြစ်ကြောင်းတရားတွေချည်းပဲမို့ ဘုရားနဲ့တွေ့နိုင်ပါပြီ ။ ဝိပဿနာဘာဝနာဆိုတာကတော့ တရားတပုဒ်ဆုံးတာနဲ့ အရိယာဖြစ်သွားနိုင်လောက်တဲ့ ပညာပါရမီအားကြီးသူတို့ရဲ့ အရာပါ ။ အရှင်ကောဏ္ဍည ၊ ရှင်သာရိပုတြာ ၊ အင်္ဂုလိမာလ ရဟန္တာမထေရ်မြတ်ကြီးတို့လိုပေါ့ ။

ကိုယ့်ကိုယ်ကိုဖော်ခြင်းမဟုတ်ပါ ။ အားတက်ဖွယ်သတင်းစကားပေးခြင်းပါ ။ ကျနော် ငယ်စဉ်(၁၀)နှစ်သား ကိုရင်လေး ဘဝက ဥပဇ္ဈာယ်ဆရာတော်ကြီးရဲ့ သင်ကြားပြသမှုနဲ့ အာနာပါနဿတိ(ဝင်လေ၊ထွက်လေ)ကမ္မဌာန်း အားထုတ်ခဲ့ဖူးပါ တယ် ။ အဲဒီဘာဝနာအစွမ်းနဲ့ မွေးကတဲက (၁၀)နှစ်လုံး သေတွင်းထဲဆွဲချတဲ့အထိ ပြင်းထန်ဆိုးဝါးလှတဲ့ ရောဂါကြီးတွေ ဟာ ကိုရင်ဝတ်ပြီးနောက်ပိုင်းကတဲက အကုန်ကင်းစင်လွင့်ပျောက်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ အထက်ဝိပဿနာဥာဏ်စဉ်တွေ ဆီ  သေချာ၊ပိုင်နိုင်အောင် မရောက်သေးလို့ ခုထိ အိမ်ပေါက်ဝမှာ တလည်လည်ဖြစ်နေရတုန်း လို့လဲ ဝန်ခံပါတယ် ။ ဗုဒ္ဓ လမ်းစဉ်ကနေတော့ ဘယ်တော့မှသွေဖယ်သွားမှာမဟုတ်တော့ပါ ။ ကျနော် ဗုဒ္ဓဘုရားရှင်ကို ဖူးမြင်ခွင့်ရနေပါပြီ ။ လာခဲ့ပါ ၊ ပြန်လှည့်မသွားကြပါနဲ့ ၊ ကျော်ခွမသွားကြပါနဲ့ ။ ဘုရားရှင်ကိုဖူးမြင်ခွင့်ရတဲ့အကျိုး ကြီးမားလွန်းလို့ ကိလေသာတွေ ခဏ ခွာချပြီး အိမ်ပေါက်ဝအထိ အရောက်လှမ်းခဲ့ကြပါလို့ မိတ်ဆွေများကို ဖိတ်ခေါ်ပါရစေခင်ဗျာ ။

( ဝီမံသာ )
၂၉-၉-၂၀၁၇ (3:05 PM)


Saturday, September 16, 2017

၁၇ ။ ဈာနပစ္စယ (နိဒ္ဒေသ)

ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံဓမ္မာနံ ၊ တံသမုဌာနာနဉ္စရူပါနံ ဈာနပစ္စယေန ပစ္စယော ။

          ဈာန ဆိုတာ ဈာန် ပေါ့ ။ ဘာဝနာပွားများအားထုတ်သူတွေ ဈာန် ရနိုင်ပါတယ် ။
ဈာနင်္ဂါနိ ဈာန်အင်္ဂါ(ငါးပါး)တို့သည် ဈာနသမ္ပယုတ္တကာဓမ္မာ သူနှင့်ယှဉ်ဖက် စိတ်(၇၉) စေတသိက်(၅၂)တို့အား၎င်း ၊ သမုဌာရူပါနံ ဆိုင်ရာ(အရှုခံ) စိတ္တဇရုပ်၊ပဋိသန္ဓေကမ္မဇရုပ်တို့အား၎င်း ဈာနပစ္စယသတ္တိဖြင့် ကျေးဇူးပြုကုန်၏ တဲ့ ။

ဈာန ရဲ့အဓိပ္ပါယ်က စိုက်စိုက်စူးစူး အထူးအားဖြင့်ရှုတတ်သော သဘောသာဖြစ်ပါတယ် ။ သူများမမြင်နိုင်တာကို သူက မြင်တယ် ။ ရှေးဆရာတွေပမာပြတာက သစ်ပင်ပေါ်ကလူ(ဈာန)ဟာ မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရလို့ အောက်က လူ (စိတ်၊စေတသိက်)တွေကို ဒါ အိမ်ပဲ ၊ ဒါ ချောင်းပဲ စသဖြင့် အသေးစိတ်ပြောနိုင်သလို ဈာနအစွမ်းဖြင့် ကျေးဇူးပြုတတ် သောပစ္စည်းဖြစ်ပါတယ် ။

ဈာန်အင်္ဂါငါးပါးကတော့ ( ဝိတက် ၊ ဝိစာရ ၊ ပီတိ ၊ သုခ ၊ ဧကဂ္ဂတာ )တို့ ဖြစ်ပါတယ် ။ နဲနဲရှင်းပေးပါ့မယ် ။

ဝိတက် ဆိုတာ - အာရုံကိုတင်ပေးတဲ့သဘော ၊ အာရုံကို စိတ်က ယူနိုင်အောင် ထပ်ခါထပ်ခါ တင်ပေးတဲ့သဘောပါ ။
ဝိစာရ ဆိုတာက - တက်လာတဲ့အာရုံကို သုံးသပ်ခြင်းသဘော ၊ (အပြန်ပြန်အလှန်လှန် ၊ အနုလုံပဋိလုံ)ဆင်ခြင်သုံးသပ် တဲ့ ၊ ထိတွေ့ပွတ်သပ်တဲ့ သဘောပါ ။
ဒီနေရာမှာ အကြီးဆုံးအဟန့်အတားကတော့ ဝေဒနာပါပဲ ။ ဒါကို (resist) ဆန့်ကျင်ခုခံဖို့ ၊ သက်သာအောင် ခဏခဏ ပြောင်းမယ် ပြင်မယ်ဆိုရင်တော့ သမာဓိအဆင့်ကို မရောက်နိုင်တော့ပါဘူး ။ ဝေဒနာကို အလိုက်သင့်သဘောထားရမယ် ။ ဝီရိယ အားစိုက်ပြီး အာရုံတင်မှု ၊ အာရုံသုံးသပ်မှုအလုပ်တွေကို ယုံယုံကြည်ကြည်၊ဇွဲသန်သန်နဲ့ ဆက်လုပ်သွားရမှာပါ ။

ပီတိ ဆိုတာ - အဲလို အာရုံကို စူးစိုက်ကြည့်ရှုသုံးသပ်နေရတာကို ပျော်မွေ့တဲ့သဘော ၊ သမာဓိလေးရလာလို့ ဒီ ပီတိ ဝင်လာပြီဆိုရင် ငြီးငွေ့ သွားတယ်လို့ မရှိတော့ဘူး ၊ မခံနိုင်တဲ့ ကာယိကဝေဒနာတွေကိုတောင် ခံနိုင်လာတယ် ။ ဖရဏာ ပီတိ ၊ ဂွမ်းဆီထိသကဲ့သို့ ဆိုတာ - ဂွမ်းလေးပေါ် ဆီတစက် တင်လိုက်ရင် ဂွမ်းစလေးတခွင်တပြင်လုံး စိမ့်ဝင်ပျံ့နှံ့သွား သလို ပီတိ(ပဿဒိ)တွေ တဖွားဖွားဖြစ်နေတတ်ပါတယ် ။
သုခ ဆိုတာက - ချမ်းသာတဲ့ ၊ ကောင်းတဲ့သဘော ။ ဒီလို စူးစိုက်ရှုကြည့်ပျော်မွေ့နေတာကို အင်မတန်ကောင်းတယ် ၊ ချမ်းသာလိုက်တာလို့ ခံစားနေတဲ့သဘောပါ ။ ဘယ်လောက်ကောင်းသလဲဆိုတော့ ပီတိ ၊ ပဿဒိ အစွမ်းတွေကြောင့် ခန္ဓာကိုယ်တခုလုံးဟာ ပေါ့ပါး ၊ လွတ်လပ် ၊ လန်းဆန်းလို့ ထပျံတော့မတတ် ဖြစ်နေပါတယ် ။ (ဒါကြောင့် ဈာန်ပျံတယ် ဆိုတာ ရှိတယ်လို့ ပြောတာပေါ့) ။ နိုင်ငံခြားပညာရှင်တွေ စမ်းသပ်ကြတာ အဲလို သမာဓိရပြီး ပီတိ ၊ သုခ တွေ ဖြစ်နေတဲ့ လူမှာ ခန္ဓာကိုယ်တွင်းက (အင်ဒိုဖင်း)ဆိုတဲ့ ဓါတ်တမျိုးထွက်လာတယ် ။ အဲဒီဓါတ်က ခန္ဓာကိုယ်ကို (သွေးလေမှန်အောင်) balance လုပ်ပေးလို့ ရောဂါတွေပါ ပျောက်သတဲ့ ။

ဧကဂ္ဂတာ ဆိုတာ - ဈာန်ဖြစ်ရေးမှာ အရေးအကြီးဆုံးပါ ။ အာရုံတခုတည်းအပေါ်မှာ စူးစိုက်တည်ကြည်နေတယ် ။ တပါး သော အာရုံထံ ပျံ့လွင့်ခြင်းမရှိတော့ဘူး ။ တရားကိုယ်အားဖြင့် (သမာဓိ) တရားကိုယ် ပါ ။ ဗြဟ္မာပြည်ရောက်စေတဲ့ ကာမာဝစရဈာန်တွေ ၊ ရူပါဝစရ ၊ အရူပါဝစရ စတဲ့ဈာန်တွေဖြစ်ဖို့ ၊ ရဖို့ - အဲဒီ ဧကဂ္ဂတာအဆင့် မရောက်ရင် မရပါဘူး ။ ဧကဂ္ဂတာအဆင့်ရောက်ရင် အနားမှာတဝီဝီ၊တကျွီကျွီ မြည်နေတဲ့ ပန်ကာလည်သံမျိုးကိုတောင် လုံးဝမကြားရတော့ပါဘူး ။ ကမ္မဌာန်း ပြန်ထကာစအထိ ပန်ကာဟာ အသံတစက်မှမထွက်ပဲ လည်နေသလိုမြင်ရတယ် ။ အတော်ကြာမှ လည်သံ ပြန်ကြားလာရတယ် ။ အပြင်က ဆူဆူညံညံအသံတွေကိုလဲ အဲဒီတော့မှ ပြန်ကြားလာရတော့တယ် ။

ဒီ ဈာန်တွေရချင်ရင်တော့ ဘာဝနာပွားများအားထုတ်မှ ရပါတယ် ။ ဘာဝနာပွားတယ်ဆိုတာ အာရုံတခုကို ထပ်ပြန် တလဲလဲ ပွားများပြီး စူးစိုက်နေတဲ့သဘောပါပဲ ။ ဒီတော့ကာ - အာရုံ အမှား/အမှန် ၊ နှလုံးသွင်း အမှား/အမှန် ကို မူတည် ပြီး ကုသိုလ်ဘာဝနာ နဲ့ အကုသိုလ်ဘာဝနာရယ်လို့ (၂)မျိုးကွဲသွားပါတယ် ။

ကုသိုလ် ဘာဝနာတွေကတော့ - (၁) သမထဘာဝနာ - (အနုဿတိဆယ်ပါး အပါအဝင်) ကမ္မဌာန်းတရားတခုခုကို (တည်နေအောင်) စူးစိုက်ရှုပွားတဲ့ ကျင့်စဉ် ၊ (၂) သမထဝိပဿနာဘာဝနာ/ဝိပဿနာဘာဝနာ - တရားတို့ရဲ့ ဖြစ်ပျက်မှု အမှန် သဘောကို သိအောင် ရှုပွား၊အားထုတ်တဲ့ကျင့်စဉ် တို့ပါပဲ ။
သမထဘာဝနာဟာ ကိလေသာတွေကို တဒင်္ဂငြိမ်းအေးစေခြင်းအစွမ်းကြောင့် ဗြဟ္မာပြည်ရောက်တဲ့အထိ အကျိုးပေးနိုင် ပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းကိုတော့ လုပ်မပေးနိုင်ပါဘူး ။ တနည်းပြောရရင် သမထဘာဝနာ ကျင့်စဉ်မှာ ဝီရိယ ၊ သမာဓိ ၊ သတိ ၊ တရားတွေ ယှဉ်ပေမဲ့ ပညာ မယှဉ်ပါဘူး ။ ဝိပဿနာဘာဝနာကျမှ ဝီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ အစုံယှဉ်လို့ နိဗ္ဗာန်ရောက်ကြောင်းမဂ်ဖြစ်ပါတယ် ။ ဒီနေရာမှာ သမထဖြစ်ဖြစ် ၊ ဝိပဿနာဖြစ်ဖြစ် (သဒ္ဓါ)ဆိုတဲ့ ယုံကြည်မှု မရှိရင်တော့ အောင်မြင်ပေါက်မြောက်နိုင်မှာ မဟုတ်ပါဘူး ။

အကုသိုလ် ဘာဝနာကိုတော့ သိပ် အကျယ်မပြောတော့ပါဘူး ၊ အားလုံးလုပ်နေကြပဲလေ ။ ဒီသီချင်းလေးလိုပဲလို့သာ ပြောလိုက်ပါရစေ - ( တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့် - - - ) ၊ အဲ ကြည့်တော့ဘာဖြစ်လဲ (နဖူးကခြေဖျားထိအောင် - ဘာညာ) တဏှာတွေပွားများကုန်တော့ ဘာဈာန်ရသလဲ ။ ရတာပေါ့ ၊ အချစ်ဈာန်လေ ၊ ရာဂဈာန်လေ ။ အင်း - ဒီဈာန် နဲ့ သွားလို့ကတော့ နောင်ဘဝမပြောနဲ့ ဒီဘဝတောင် သေမဲ့သာကြံပေရော့ ၊ နွားလိုကုန်းရုန်းလုပ်ကျွေးဖို့သာကြံပေရော့လို့ပဲ ပြောလိုက်ချင်ပါတယ် ။

ပစ္စုပ္ပန် ၊ သံသရာ အကျိုးကိုလိုလား၍ ကောင်းမြတ်ခြင်းတရား တန်ဖိုးထားတဲ့ ချစ်စွာသောစာရှုသူ -
မိမိကိုယ်တိုင် ခန္ဓာကိုဥာဏ်စိုက် ပြန်ကြည့်လိုက်ပါလေ ။ အထူးထူးအပြားပြား ၊ တသိမ့်သိမ့်တငြိမ့်ငြိမ့် မြင်လာတဲ့ ဆန်းကြယ်တဲ့အရာတွေဟာ ဝိတက်၊ဝိစာရ စတဲ့ အထူးစူးစိုက်တတ်တဲ့ ဈာနပစ္စယ အကြောင်းအထောက်အပံ့သာ ရှိ၏ ဟု မှတ်ထင်၊သိမြင်လိုက်ပါလျှင် တန်ခိုးရှင်ဖန်ဆင်းသလိုလို ၊ နတ်ပူး၊စုန်းပူးသလိုလို တလွဲအမြင်တွေကင်းပ ၊ အတ္တ ဟူသော သက္ကာယဒိဌိ ကွာကျမည်ဖြစ်ပါသည် ။ အတ္တဒိဌိ နှင့်အတူ ပြတ်တယ် ၊ မြဲတယ် ဟူသော အစွန်းရောက် ဒိဌိ တွေလဲ ကွာကျလျက် ၊ ယုံမှားကင်းကွာ အမှန်မြင်လာပြီဆိုလျှင် တိဟိက် မှန်ပါက သာသနာသူရဲကောင်း သောတာပန် အရိယာသူတော်ကောင်းဘ၀ကို ပစ္စုပ္ပန်ဆတ်ဆတ် ရတတ် နိုင်ပါကြောင်း ဈာနပစ္စယ အကြောင်းပြုကာ ဓမ္မဒါနမျှဝေ လိုက်ရပါသည် ။

                                                                            ဝီမံသာ
  (၂၀-၈-၂၀၁၇)