Monday, August 21, 2017

နှလုံးသားနဲ့ ကခုန်ခြင်း



တသက်လုံး ပစ်ထားခဲ့မိတဲ့
ဒဏ်ရာရ ကိုယ့်နှလုံးသားလေးကို
အေးအေးဆေးဆေး ထိုင်ကြည့်ဖြစ်တယ် ။
သူ့အထဲက ထွက်ထွက်လာတတ်တဲ့
တောင်စဉ်ရေမရ အတွေးတွေကို ဖယ်ပြီးတော့လေ ။

မွေးကတဲက အနားမရ ခုန်နေရရှာတဲ့
လုပ်သားကောင်း နှလုံးသားလေးဟာ
ဂရုတစိုက် ကြည့်နေတဲ့ကိုယ့်ကို
စည်းချက်ညီညီ ကခုန်ပြရှာတယ် ။
ခန္ဓာကိုယ်ကတောင် ရှေ့နောက်ယိမ်းလို့
လိုက်ဖက်ညီစွာ ကခုန်ရှာပေါ့ ။
ရှေ့၊နောက် သွေးကြောလေးတွေအားလုံး
တပြိုင်နက် စည်းချက်လိုက်ရင်းပေါ့ ။

အသက်ရှုသံ ပုံမှန် ၊ ရင်ခုန်သံ ပုံမှန် ၊
သိပ်လှတဲ့ အခိုက်အတန့်ခဏ ၊
တဘဝနဲ့ မလဲနိုင်ပါဘူးကွယ် ။
- - - - - - - - - - - - - -
အတန်ကြာတော့ ဝေဒနာနှိပ်စက်
ခံရခက်တဲ့ ဒေါမနဿလေး အဝင်မှာ
နှလုံးသားလေး အခုန်မြန်လာတယ် ။
ပူလာပြီး အမောလေးပါ ဖောက်လို့ပေါ့ ။

တောင်းပန်ပါတယ် နှလုံးသားလေးရယ် ၊
အသိမဲ့ ဒေါသကြမ်းကြမ်းကြီးတွေနဲ့
တသက်လုံး ပူလောင်၊အနေခက်
ဒဏ်ရာရတဲ့အထိ မင်းကို နှိပ်စက်မိတာ
တောင်းပန်ပါတယ် ၊ ပြီးတော့ ကတိပေးပါတယ် ။
နောင် - လက်ကျန်ဘဝတလျောက်
ဒေါသမဲ့ ပုံမှန်အသက်ရှုသံတွေနဲ့
မင်းနဲ့အတူ စည်းချက်ညီ ကခုန်ပါ့မယ်လို့လေ ။

(21-8-2017) 3:00 AM


သတိပဌာန် ဒုတိယည ၊ တတိယတိုက်ပွဲ



မာနတ်ဟာ တရားဟောဆရာယောင်ဆောင်ပြီး
ငါ့ကိုတရားလာပြတယ် ။
ငါသိထားတဲ့တရားတွေနဲ့ ငါ့ကိုပြန်ဟော ၊
အရူးအတွေး ဝင်္ကပါထဲကနေ မလိမ့်တပတ်ဆွဲခေါ်ရင်း
အဆုံးမဲ့ ချောက်ကမ်းပါးကြီးဆီ ရောက်ခဲ့တယ် ။

သတိလက်လွတ် ခန္ဓာငါးပါးက
ကီလိုဗို့အားနဲ့ ဓါတ်လိုက်ခံရသလို
တွန့်လိမ် ရုံ့ရွဲ ၊ တစစီ ပြိုကွဲလို့
ပရမ်းပတာ လိုက်ပါလာရှာပေါ့ ။

ချောက်ကြီးထဲကို တွန်းချလုနီးမှ
ပြန်နိုးလာတဲ့ သတိက မာနတ်ကိုမြင်တယ် ။
နောက်ကျသိနဲ့ ဖြစ်မိတဲ့ဒေါသတွေအတွက်
ရှက်ရွံ့စွာ တာဝန်ယူရမဲ့ သတိဟာ
ဝီရိယ ခလုတ်ကို အမြင့်ဆုံးဆွဲတင်လိုက်တယ် ။

နောက်ဆုံးမတော့ -
အားကောင်းမောင်းသန်နှလုံးသားက
ပြင်းထန်စွာ ရှုသွင်း၊ထုတ်လိုက်တဲ့
ဝင်သက်၊ထွက်သက်တွေကြားမှာ
မာနတ်ဟာ ကစဉ့်ကလျားနဲ့
ရှုံးနိမ့်ထွက်ပြေးသွားတော့တယ် ။

သတိ ကိုတော့ အိပ်မနေဖို့ ဆုံးမရဦးမယ် ။

(21-8-2017) 12:53 AM

Sunday, August 20, 2017

၁၆ ။ ဣန္ဒြိယပစ္စယ (နိဒ္ဒေသ)



စက္ခုံန္ဒြိယံ စက္ခုဝိဥာဏဓါတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော ၊
သောတိံန္ဒြိယံ သောတဝိဥာဏဓါတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော ၊
ဃာနိံ န္ဒြိယံ ဃာနဝိဥာဏဓါတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော ၊
ဇိဝိံန္ဒြိယံ ဇိဝှာဝိဥာဏဓါတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော ၊
ကာယိံန္ဒြိယံ ကာယဝိဥာဏဓါတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော ၊
ရူပဇီဝိတိံန္ဒြိယာ ကဋဋ္ဋာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော ၊
အရူပီနော ဣန္ဒြိယသမ္မယုတ္တကာနံဓမ္မာနံ ၊ တံသမုဌာနာနဉ္စရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော ။

          ဣန္ဒြိယပစ္စည်းဆိုတာ - အစိုးရတဲ့သဘော ၊ ဘာကိုအစိုးရသလဲဆိုတော့ ကိုယ့်ဆိုင်ရာတရားတွေကို အစိုးရတဲ့ သဘော ။ ရှေးမှာပြခဲ့တဲ့ အဓိပတိနဲ့ဘာကွာလဲဆိုတော့ အဓိပတိက အကုန်လုံးရဲ့အကြီးအမှူး၊အချုပ်၊ ဘုရင်၊သမ္မတ ၊ နိုင်ငံတော်အတိုင်ပင်ခံ(ဒီခေတ်တော့ဒါလေးထဲ့ဦးမှ) အဲလိုအစိုးရတာ ။ ဒီဣန္ဒြိယကတော့ သူ့သက်ဆိုင်ရာ ဌာနအလိုက် အုပ်ချုပ်ကြတဲ့ (ဝန်ကြီး)တွေလို အစိုးရတာ ။ ဘယ်လိုနေရာတွေ အစိုးရသလဲ ၊ ခန္ဓာမှာအရင်ပြောမယ်နော် ။

စက္ခု ဆိုတဲ့ မျက်စိအကြည်ဓါတ်ကလေးက သူ့ဆိုင်ရာမြင်ခြင်းကိစ္စကို အစိုးရတယ် ။ မျက်စိအားကောင်းရင် သေချာ မြင်နိုင်တယ် ။ မျက်စိမှုံတယ်ဆိုတာ အဲဒီ စက္ခုံနြေ္ဒ ချို့ယွင်းတာပဲ ။ ဒီတော့ဘာဖြစ်လဲ - မှုံဝါးဝါးတို့ တဖက်ကန်းတို့ ဖြစ်ကုန်တာပေါ့ ။ တချို့ဆို စက္ခုံနြေ္ဒ ဆိုတဲ့ ဝန်ကြီးတောင်မရှိရှာတော့ စုံလုံးကန်းတွေဖြစ် ထင်ရာမြင်ရာလျှောက်ထင် ၊ လျှောက်ပြောရတဲ့ဘဝရောက်ကရော ။မျက်မမြင်ပုဏ္ဍား (၆)ယောက် လိုပေါ့လေ ၊ ဆင်ကြီးကိုထင်ရာလျှောက်ပြောလိုက် တာ (ကျွန်းတိုင်ကြီးပေါ် ၊ အုတ်နံရံကြီးတင်လို့ ၊ လှံ၂ချောင်းကြား ပျော့စိလုံးရှည်ကြီးငေါထွက် ၊ ယပ်တောင်တဖျပ်ဖျပ် ခတ်လို့ ၊ နောက်က ကြိုးတန်းလန်း) အဲလို ဆင်ဘဝရောက်သွားရတာ အဲဒါ စက္ခုပသာဒ ဆိုတဲ့ ဝန်ကြီးမကောင်းလို့ ၊ သုံးစားမရတော့လို့ ဆိုတာ မှတ်ပါ ။ အဲဒီတော့ မျက်စိမကောင်းရင် ဘာလုပ်ရလဲ - အေး ၊ မျက်မှန်ဝယ်တပ်ပေါ့ . ဒါမှ မရသေး မျက်လုံးအစားထိုးပေါ့ ။ ဒါလုပ်ရတယ် ။ တို့ တိုင်းပြည်၊နိုင်ငံတွေမှာ ဝန်ကြီးမကောင်းရင် အောက်ခြေပြည်သူက သူ့အားမကိုးတော့ပဲ အားကိုးရတဲ့အဖွဲ့အစည်း အားကိုးသလို ၊ တတ်နိုင်ရင် အဲဒီဝန်ကြီးဖြုတ်ချ ၊အစားထိုးသလိုပေါ့ ၊ အင်း - ဒီမှာ ရပ်တာကောင်းမယ် ။ ဆက်ပြောရင် ( ၆၆ဃ ) ကလဲ ကြောက်ရသေးသကိုး ။

ဒီလိုပါပဲ သောတဆိုတဲ့နားအကြည်၊နားစည်လေးက ကြားခြင်းကိစ္စအဝဝကို အစိုးရတယ် ။ နားမကောင်းရင် ကောင်းစွာ မကြားရတော့ ကြားချင်ရာလျှောက်ကြား ၊ တဖက်လူက အော်ပြောရ ၊ ဒုက္ခတွေရောက်ကရောပေါ့ ။ အဲတော့ နားစည် ဝန်ကြီးကလဲ ကောင်းမှ ပြည်သူ့အသံ၊ပြည်သူ့ဆန္ဒ အမှန်အတိုင်းကြားမှာပေါ့လေ ။(ဤကား စကားချပ်)
ဃာနဆိုတဲ့ နှာခေါင်းကောင်းမှ နံ့သာဆီလား၊အီးလား ခွဲခြားသိမယ် ။ မဟုတ်ရင် ကိုယ်ရှုမိတာ ထမိန်နံ့ကို သနပ်ခါးနံ့ လေးထင်ပြီး မွှေးတယ်တွေဘာတွေ  ဖြစ်ကုန်ပါဦးမယ် ။
ဇိဝှါဆိုတဲ့လျှာရင်းလေးကလဲ အရသာသိဦးမှ ဣနြေ္ဒရရ အစိုးရဦးမှ ထမင်းဟင်းအရသာ ကောင်းမကောင်း အမှန်အတိုင်း သိမှာပေါ့ ။ လျှာမကောင်းတော့(ဟိုစကားပုံလို) နှာခေါင်းမပါရင် ချီးတောင်စားမဲ့အမျိုး ဆိုတာတွေ ဖြစ်ကုန်မှာပေါ့ ။
ကာယဣနြေ္ဒကောင်းလွန်းတော့ ပဉ္စပါပီလို အတွေ့ကောင်းလေးဆိုရင် ရုပ်မလှပေမဲ့ သူ့ထိမိတဲ့လူတိုင်း မရရင်မနေနိုင် ပါဘူး ဆို အရူးမီးဝိုင်း ဖြစ်ကုန်ကြတာပေါ့ ။ ကာမဘုံသားတွေ ထွန့်ထွန့်လူးကြတာ အဲဒီမှာ ၊ တော်တော်ဆိုးတာနော် ။ မကောင်းသင့်တဲ့ ဣနြေ္ဒ သွားကောင်းနေတာကိုး ။

အဲဒီတော့ မနိုင်တဲ့အာရုံငါးပါး ဘယ်မှာသွားထိန်းမလဲဆိုတော့ အရူပီနောဣန္ဒြိယ ဆိုတဲ့ ပညာ၊သတိ စတဲ့ဣနြေ္ဒ တွေနဲ့ ထိန်းမှ တော်ကာကျပါမယ်နော် ။*

ဒီကြားထဲကျန်နေခဲ့တာလေး အရင်ပြန်ကောက်ပြောပါ့မယ် ။(အရေးကြီးပါတယ်) ။ ရူပဇီဝိတိနြေ္ဒ - ရုပ်အသက်ဓါတ်၊ လူတွေက အသက်ဇီဝ(တချို့ လွဲမှားစွာ-လိပ်ပြာ၊အတ္တလို့ထင်နေတဲ့) ရှင်သန်ခြင်းသဘောတရားလေးဟာ မွေးကတဲက ပါလာပါတယ် ။ ပဋိသန္ဓေစိတ်နဲ့ယှဉ်ဖြစ်တဲ့ ကမ္မဇရုပ် ၊ ဇီဝိတရုပ် - စတာတွေမှာ အဲဒီဇီဝိတရုပ်ကလေးဟာ သေတဲ့အထိ ဖြစ်လိုက်ပျက်လိုက်နဲ့ ရုပ်တွေ ရှင်သန်နေအောင် ကြီးမှူးပြုလုပ်ပေးနေလို့ ဒီကနေ့ လူသတ္တဝါတွေ သွားလာ၊ လှုပ်ရှား၊ ပြောဆို၊စားသောက် အမှုတွေ ပြုနိုင်တာပါ ။ ဒါကို နားမလည်လို့ ( ငါ ) တွေ ကပ်နေကြတာပါ ။

နောက်တခုက လောကပါလတရားလို့ခေါ်တဲ့ (ဟီရိ၊သြတ္တပ္ပ)တရားနှစ်ပါးနဲ့ အတော်သက်ဆိုင်နေတဲ့ (ဣတ္ထိဣနြေ္ဒ ၊ ပူရိသဣနြေ္ဒ) နှစ်ပါးဟာလဲ အရေးကြီးပါတယ် ။ မိန်းမဟာ မိန်းမသဘာဝဣနြေ္ဒကို စောင့်ရှောက်ပါမှ ၊ ယောက်ျားကလဲ ယောက်ျားသဘာဝဣနြေ္ဒကုစောင့်ထိန်းပါမှ အရှက်၊အကြောက်ရှိတဲ့လောကကြီးအဖြစ် တည်ငြိမ်အေးချမ်းရာ ရမှာပါ ။    ခုတော့ ဒီလိုမဟုတ်ပါပဲ - - -
မိန်းမတို့ဣနြေ္ဒရွှေပေးမရ ဆိုတဲ့စကားပုံလဲ - ပေါင်ပေါ်၊ ရင်ပေါ်လေးတွေနောက်မှာ ပျောက်ကုန်ပါပြီ ။ ကိုယ်က ဣနြေ္ဒမရ ဆတ်စလူးထနေမှတော့ ( သောက်တော်ရေအိုးထဲမှာဆို အမြတ်တနိုးနဲ့ ဘုရားကပ်ရမဲ့ရေကို အိုင်ဗွက်ထဲ ထဲ့တော့ ခြေဆေးခံရသလို ) ၊ ( ဆွမ်းဆန်လို တန်ဖိုးရှိတဲ့ ဘာသာယဉ်ကျေးမှုပိုင်ရှင်မလေးကို ကြွက်ချီးလိုမိစ္ဆာကုလားရောတော့ သုံးစားမရ လွှင့်ပစ်ရတော့သလို ) မဖြစ်သင့်တာတွေ အတော်များလာကြပါပြီ ။ ဒါကြောင့်မို့ ဒီ လူ့တန်ဖိုးကိုထိန်းပေးမဲ့ ဘာသာ၊ယဉ်ကျေးမှု ဣနြေ္ဒပျက်စီးရင် (တနည်း) သာ၊ယဉ်ဝန်ကြီးပျက်စီးရင် ဖြုတ်လဲသင့်ပြီလို့ ပြောချင်ပါတယ် ။ (ငပိကြော်နံ့ရနေတယ်)
ယောက်ျားတို့ဘုန်း ၊ မိုးသို့ချုန်း ၊ တဲ့ ဒါ - ပူရိသ ဣနြေ္ဒ ။ တကယ်တော့ ဘုရားဆုပန်နိုင်ခွင့်ရှိတဲ့ မင်းယောက်ျားဆိုတာ ဘုန်းသမ္ဘာရှိပါတယ် ။ တိုတိုပဲပြောမယ်ဗျာ ။ အဲဒီ ဘုန်းသမ္ဘာတွေ ထမိန်ခြုံအောက်ရောက်လို့ မပျောက်ကြပါစေနဲ့ ၊ ဘုန်းသမ္ဘာပျောက်ရင် အမျိုးပါပျောက်မယ်လို့ မှတ်ထားကြစေချင်ပါတယ် ။

*စောစောကပြောခဲ့တဲ့ - အထိန်း ဣနြေ္ဒ တရားတွေ - အရူပီနော ဣန္ဒြိယာ ဆိုတဲ့ စိတ်အကြီးအမှုးတရားတွေအကြောင်း နဲနဲရှင်းပါမယ် ။ ဇီဝိတ(အသက်) ၊ စိတ်(သိခြင်း) ၊ ဝေဒနာ(ခံစားမှု) ၊ သဒ္ဓါ (ယုံကြည်မှု) ၊ ဝီရိယ(လုံ့လစိုက်အားထုတ်မှု) ၊ သတိ (အောက်မေ့မှု/စောင့်ကြည့်ခြင်းသဘော) ၊ ဧကဂ္ဂတာ (စူးစိုက်တည်ကြည်ခြင်း) ၊ ပညာ (အမှန်ကိုသိမြင်ခြင်း) လို့ နာမ် ဣနြေ္ဒ (၈)ပါး ရှိပါတယ် ။ ဒီကနေ့ခေတ်အခြေအနေအရ (သဒ္ဓါ) ကို နဲနဲ ဖွင့်ဆိုရှင်းပြချင်ပါတယ် ။
သဒ္ဓါဆိုတာ ယုံကြည်ခြင်း တဲ့ ။ ဘာကို ယုံကြည်တာလဲ ။ ဟုတ်တိုင်းမှန်ရာကို ဟုတ်တယ်၊မှန်တယ်လို့ ယုံကြည်ခြင်း ၊ အားကိုးရာအမှန် ၊ ထောက်တည်ရာအမှန် ကို အားကိုးရာအမှန်၊ထောက်တည်ရာအမှန်လို့ ယုံကြည်ခြင်း ။ ဒီနေရာမှာ ကျနော်တို့ မြတ်ဗုဒ္ဓက သူများအယုံသွင်းလို့ ယုံတာဟာ သဒ္ဓါအစစ်မဟုတ်ဘူးတဲ့ ။ မိမိကိုယ်တိုင် ကောင်းမှု၊မကောင်းမှု ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့သိမြင်ယုံကြည်လာတာမှ သဒ္ဓါအစစ် ၊ ယုံကြည်မှုအစစ် တဲ့ ။ နောက်တခုက ဘုရား၊တရား၊ သံဃာ ဆိုတဲ့ ရတနာ(၃)ပါးဟာ အားကိုးရာအမှန်၊ထောက်တည်ရာအမှန်လို့ ယုံကြည်ခြင်းဟာလဲ သဒ္ဓါတရားပါ တဲ့ ။ ဘာကြောင့် ရတနာ(၃)ပါး အားကိုးရာဖြစ်သလဲ ဆိုတဲ့ အကြောင်းအကျိုးဆက်တွေကို ရှင်းပြရမယ်ဆိုရင်တော့ ကျမ်းတစောင်မျှ ဖြစ်သွားမှာမို့ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ ရဲ့ (ရတနာ့ဂုဏ်ရည်)လို စာအုပ်မျိုးတွေသာ ရှာဖတ်ကြဖို့ ညွှန်းချင်ပါတယ် ။ ကျနော်ဒီမှာပြောချင်တာက သဒ္ဓါ ဆိုတာမှာ ယုံ တာနဲ့ ကြည် တာ နှစ်မျိုးပါတယ် ။ ကြည် ဆိုတာ လောကသိပ္ပံဓါတ်သဘောနဲ့ယှဉ်ပြောရရင် ကလိုရင်းဓါတ်လိုမျိုးပါ ။ ရေထဲမှာရှိတဲ့ အနံအသက်ဆိုးတွေ ၊ အရောင် အစွန်းအထင်းတွေကို ကလိုရင်းဓါတ်က ဖယ်ရှားနိုင်သလို - ဘုရားဟုတ်ရဲ့လား ၊ တရားစစ်ရဲ့လား ၊ သံဃာစစ်ရဲ့လား ဆိုတဲ့ သံသယအညစ်အကြေးတွေကို သဒ္ဓါအစစ်ကသာ ဖယ်ရှားနိုင်ပါတယ် ။ ဒီတော့ကာ ယနေ့ ဗုဒ္ဓဘာသာဝင်ပါလို့ အမည်ခံထားကြသူတွေ - သံဃာကို ပုဂ္ဂိုလ်နဲ့မကွဲ ဆဲဆိုစော်ကားနေကြတာဟာ သဒ္ဓါ ဣနြေ္ဒ ချို့ယွင်းနေလို့ (တနည်း) ယုံကြည်ချက်ဝန်ကြီး ပျက်စီးနေလို့ပဲ ဆိုတာ သိကြပါ ။ အဲဒီ ဝန်ကြီးအပျက်ကို ဖြုတ်ပစ်လိုက်ကြပါလို့ သတိပေး တိုက်တွန်း ချင်ပါတယ် ။

ပစ္စုပ္ပန် ၊ သံသရာ အကျိုးကိုလိုလား၍ ကောင်းမြတ်ခြင်းတရား တန်ဖိုးထားတဲ့ ချစ်စွာသောစာရှုသူ -
မိမိကိုယ်တိုင် ခန္ဓာကိုဥာဏ်စိုက် ပြန်ကြည့်လိုက်ပါလေ ။ သူ့နေရာ၊သူ့ဌာနအလိုက် သူ့ဝန်ကြီးနဲ့သူ စိုးမိုးအုပ်ချုပ် နေကြတာ ဘာများ ငါကိုင်တုတ်စရာလိုပါဦးမလဲ ။ မဟုတ်ရင်ဖြုတ်ပြင်ယုံမှတပါး ၊ အားကိုးမရ ကိုယ့်အားကိုယ် ကိုးယုံမှတပါး အခြားမရှိ ဆိုသလို - ခန္ဓာအရှိမှာ ဆိုင်ရာကိစ္စ ကြီးမှူးအစိုးရ ဆောင်ရွက်ပေးစရာ ဣန္ဒြိယပစ္စယ အကြောင်း သာ ရှိ၏ ဟု မှတ်ထင်၊သိမြင်လိုက်ပါလျှင် အတ္တဟူသော သက္ကာယဒိဌိ ကွာကျမည်ဖြစ်ပါသည် ။ အတ္တဒိဌိ နှင့်အတူ ပြတ်တယ် ၊ မြဲတယ် ဟူသော အစွန်းရောက်ဒိဌိတွေလဲ ကွာကျလျက် ၊ ယုံမှားကင်းကွာ အမှန်မြင်လာပြီဆိုလျှင် တိဟိက် မှန်ပါက သာသနာသူရဲကောင်း သောတာပန်အရိယာသူတော်ကောင်းဘ၀ကို ပစ္စုပ္ပန်ဆတ်ဆတ် ရတတ် နိုင်ပါကြောင်း ဣန္ဒြိယပစ္စယ အကြောင်းပြုကာ ဓမ္မဒါနမျှဝေလိုက်ရပါသည် ။

                                                                            ဝီမံသာ
  (၁၀-၇-၂၀၁၇)


Tuesday, August 8, 2017

သတ္တိရှိရင် ချွတ်ကြည့်လေ



ဘုန်းကြီးကိုလူဝတ်လဲတာက လူတွေလဲလို့ရလား ဆိုရင် လုံးဝမရပါ လို့ပဲ ဖြေရပါမယ် ။
ဗုဒ္ဓဘာသာဆိုရင် လဲတဲ့သူ သာသနာပျက်ပြီ ။ ဘာသာခြားဆိုရင်တော့ အစကတဲက မိစ္ဆာဒိဌိ အပြစ်ကြီးကရှိပြီးသား(ကယ်စရာကုသိုလ်မရှိရင် ငရဲကြီးဆီတန်းလို့) ။ ရဟန်းကတော့ တကိုယ်လုံး ဆွဲချွတ်လဲ ပါရာဇိကမကျသမျှ ရဟန်းပဲ ။ ဆရာတော် ဦးဝိစာရတို့ ၊ ဆရာတော်ဦးဥတ္တမတို့ လဲ ဒီလိုပဲ ။ ရဟန်းဘဝတပြားသားမှ မလျော့ကြပါဘူး ။ လုပ်တဲ့လူတွေ သိပ်ကြောက်ဖို့ကောင်းတဲ့ ဘေးဆိုးကြီး တွေ့ပါလိမ့်မယ် ။

ဆရာတော်ဦးဝိစာရဆိုရင် - နယ်ချဲ့အလိုတော်ရိ ထောင်အာဏာပိုင်က (ဟေ့ - ဘုန်းကြီး ၊ ခင်ဗျားဟာ ခုဆို ထောင်ကျအကျဉ်းသားဖြစ်သွားပြီ ၊ သည်တော့ ထောင်ဝတ်လဲရမယ် ၊ သင်္ကန်းချွတ်ပါ ----- အခု ချွတ်ပါ)လို့ မိုက်ရိုင်းစွာပြောတယ် ။ ဆရာတော်က ( ငါဟာ ဘုရားသားတော်ပဲ ၊ ဘာဖြစ်လို့ သင်္ကန်း ချွတ်ရမှာလဲ ၊ မချွတ်ဘူး ) လို့ တင်းခံနေတယ် ။ ဒီအချိန် အင်္ဂလိပ်လူမျိုး ထောင်အရာရှိ(၄)ကောင် ရောက်လာပြီး အတင်းဆွဲချွတ်တယ် ။ ထောင်ဝတ်စုံ ဝတ်ခိုင်းတယ် ။ ဆရာတော်ဦးဝိစာရကတော့ ထောင်ဝတ်စုံကို လက်နဲ့တောင် တို့မကြည့်ပဲ သင်္ကန်းမရှိ ဗလာကိုယ်ထီးဖြင့်ပဲ သီတင်းသုံးတော်မူခဲ့ ရှာတယ် ။ ( ခင်ဗျားတို့ ငှက်စုတ်တွေ အမေ ခေါ်နေတဲ့ ဘွားတော်ကြီးရဲ့ ယောက်ျား အမျိုးတွေ ဘယ်လောက် ယုတ်မာလဲ ၊ ကြည့်ကြနော် )

ဒုလ္လဘရဟန်းခံဖူးသူတွေ သိကြပါလိမ့်မယ် ။ ရဟန်းဘဝမနေချင်တော့လို့ လူဝတ်လဲတော့မယ် ဆိုရင် ကျောင်းထိုင်ဆရာတော် စတဲ့ ထေရ်ကြီး၊ဝါကြီးတွေက သိက္ခာချပေးရတယ် ။ ဝိနည်းတော်နဲ့အညီ သိက္ခာ(၂)ဆင့် ချပေးရတယ် ။ ပထမဆုံး ရဟန်းဘဝမှ သာမဏေဘဝသို့ သိက္ခာချတယ် ။ နောက် သာမဏေဘဝကနေ လူဘဝကို သိက္ခာချပေးမှ လူ ပြန်ဖြစ်တယ် ။ ဘာ့ကြောင့်ဆို - (၂၂၇)သွယ်သော သိက္ခာပုဒ်တွေဆောင်တဲ့ ရဟန်းရဲ့ (သိက္ခာကျ)ဒဏ်ကို အဆင့်နိမ့် (လူ)က မခံနိုင်လို့ သာမဏေဘဝ တဆင့်ခံပြီးမှ သိက္ခာချပေးရတာ ။

စကားစပ်မိလို့ ရဟန်း နဲ့ လူ အဆင့်ချင်း ၊ တန်ဖိုးချင်း ဘယ်လောက်ကွာတယ်ဆိုတာ သာဓကတခု ပြရဦးမယ် ။ လူဝတ်ကြောင်(လူအဖြစ်နဲ့) တရားအားထုတ်ရင်း အရိယာမဂ်ဥာဏ်တွေတဆင့်ချင်းတက် လာရင် အနာဂါမ်အဆင့်အထိပဲ လူဝတ်နဲ့နေလို့ရတယ် ။ အနာဂါမ်ကနေတဆင့်တက်လို့ အရဟတ္တမဂ် ဥာဏ်ကိုရတာနဲ့တပြိုင်နက် အဲဒီ လူပုဂ္ဂိုလ်ကို (ဧဟိဘိက္ခူ)ခေါ်ပြီး ရဟန်းအသွင်ယူစေရတယ် ။ အင်္ဂုလိမာလ လူဆိုးကြီးဘဝကနေ မြတ်စွာဘုရားတရားဟောတာကို ရပ်ပြီးနာရင်း အရဟတ္တမဂ်ဥာဏ် ရပြီ ဆိုတာ ဘုရားရှင်သိတာနဲ့ (ဧဟိဘိက္ခူ) ခေါ်လိုက်တယ် ။ (ဧဟိဘိက္ခူ) ဆိုတာ (ချစ်သား လာလှဲ့ ၊ မြတ်သော သာသနာ့ဘောင်သို့ ဝင်လှဲ့) လို့ ဆိုလိုတာ ။ အဲလို (ဧဟိဘိက္ခူ) ခေါ်လိုက်တာနဲ့ တပြိုင်နက် ပရိက္ခရာရှစ်ပါးအစုံနဲ့ ရဟန္တာမထေရ်မြတ်ကြီးအသွင် ပေါ်လာတာပဲ ။ ဒါက အဂုင်္လိမာလ အရှင်မြတ်ကြီး အတိတ်ဘဝတွေက ပရိက္ခရာရှစ်ပါး (သင်္ကန်းစသည်) လှုခဲ့ဖူးတဲ့ ကုသိုလ်အရှိန်ရယ် ၊ အရဟတ္တ မဂ်ကုသိုလ်ကြီးရဲ့အရှိန်ရယ် ပေါင်းစပ်ပြီး ဘွားခနဲဖြစ်ရတာ ။ အဲဒီ သင်္ကန်းအလှုကုသိုလ် မျိုး တခါမှ မရှိဘူးတဲ့ သန္တတိအမတ်ကြီးကျတော့ - စစ်ပွဲအောင်လို့ ဘုရင်ကမင်းစည်းစိမ် တပတ် ပေး ခံစားစေတာ ၊သူကြိုက်တဲ့ ကချေသည်လေး ကခိုင်းရင်း မူးရူးနေရာက ကချေသည်လေး လဲသေတာ မြင်လိုက်ရ ၊ ပူဆွေးသောက ၊ သံဝေဂဥာဏ်ရောက် အမူးပျောက်ပြီး ဘုရားရှင်တရားတော်နာလိုက်ရ တာမှာ ဝိပဿနာဥာဏ်စဉ် အဆင့်ဆင့်တက် ၊ အရဟတ္တမဂ်ဥာဏ်အထိ တရှိန်ထိုးရောက်သွားတယ် ။ ဒါပေမဲ့ သူ့မှာ သံသရာက ပရိက္ခရာအလှုကုသိုလ် ပါမလာတော့ ဧဟိဘိက္ခူ ခေါ်လို့မရတော့ပဲ နေရာ မှာတင် လဲကျသေဆုံး(ပရိနိဗ္ဗာန်ပြု) သွားရတယ် ။ အမြတ်ဆုံး အန္တိမဘဝဖြစ်စေတဲ့ အရဟတ္တမဂ် (ရဟန္တာ) ဥာဏ်တော်ကြီးရဲ့ ဂုဏ်ကို ယုတ်ညံ့တဲ့ လူ ခန္ဓာကိုယ်က မထမ်းဆောင်နိုင်လို့ တခါတည်း ပရိနိဗ္ဗာန်ပြုရတာ ဖြစ်တယ် ။ ရဟန်း နဲ့ လူ ဘယ်လောက်ကွာတယ်ဆိုတာ သိလောက်ပါပြီ ။

အဲဒီလောက် မြတ်တဲ့ ရဟန်းကို လူ က သင်္ကန်းဆွဲချွတ်ပြီဆိုရင်တော့ - သာသနာပျက်သွားပြီမို့ အဲဒီလူ သေရင် သရဏဂုံတင်ပေးလို့တောင် မရတော့ပါဘူး ။ ငရဲအိုး ဇောက်ထိုးကျတော့မှာပါ ။ ငရဲမှလွတ်လာပြန်ရင်တောင် ဘဝပေါင်း သောင်းချီပြီး သာသနာပ ဘဝ (ရတနာသုံပါးမရှိတဲ့ ၊ သစ္စာလေးပါးမသိနိုင်တဲ့ဘဝမျိုး)မှာပဲ နေရပါတော့မယ် ။ နိယတမိစ္ဆာဒိဌိအယူကြီး (ကံ၊ကံ၏အကျိုး ကို ပစ်ပယ်သောအယူ) စွဲမိပြီဆိုရင်တော့ ကမ္ဘာတွေပျက်တောင် မပျက်နိုင်သေးတဲ့ လောကန္တရိတ် ငရဲကြီးမှာ ခံရပါလိမ့်မယ် ။ ဒါတွေခံနိုင်တယ်ကွလို့ သတ္တိရှိရင်တော့ ချွတ်ကြည့်ကြပေါ့လေ ။

( ဝီမံသာ )