Sunday, July 30, 2017

၁၅ ။ အာဟာရပစ္စယ (နိဒ္ဒေသ)



ကဗဠီကာရော အာဟာရော ၊ ဣမဿ ကာယဿ အာဟာရပစ္စယေနပစ္စယော ။
အရူပီနော အာဟာရ သမ္ပယုတ္တကာနံဓမ္မာနံ ၊ တံ သမုဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေနပစ္စယော ။


          အိမ်အိုဟောင်းကြီးတခု ယိုင်နဲ့ပြိုလဲတော့မယ်ဆိုရင် ကျားထောက်တွေကန်ပေးရပါတယ် ။ ဒီနေရာမှာ အာဟာရ ပစ္စယ ဟာ ကျနော်တို့ခန္ဓာအိမ်အိုဟောင်းကြီးကို ထောက်ကန်ပေးနေတဲ့ ကျားထောက်တွေနဲ့ အလားသဏ္ဍာန် တူပါတယ် လို့ ရှေးပညာရှင်တို့ ပမာပြုခဲ့ကြပါတယ် ။

ဘယ်လို ဘာ့ကြောင့် ဒီခန္ဓာကိုအိမ်အိုဟောင်းနဲ့ နှိုင်းရပါသလဲ ။(အလှမာန်ယစ်နေသူတို့အဖို့တော့ အတော်နားဝင်ဆိုးမှာ နော်) တကယ်တမ်း သတိနဲ့ဆင်ခြင်စဉ်းစားမယ်ဆိုရင် ကျနော်တို့စမွေးလာကတဲက ဇာတိဆိုတာ ဖြစ်လာတဲ့သဘော ၊ ခန္ဓာအိမ်ကြီးဖြစ်လာတဲ့သဘောပါ ။ ကျနော်တို့မသိနိုင်တဲ့ ၊ အတိတ်ဘ၀တွေမှာပြုခဲ့တဲ့ ကုသိုလ် ၊ အကုသိုလ်ကံတွေက ကျနော်တို့ခန္ဓာအိမ်ကို ဆောက်လိုက်ကြပါပြီ ။ အဲဒီကစ ဇရတာရုပ် ဆိုတဲ့ ဇရာမီးဟာ တောက်လျှောက်လိုက်လောင်လာ တာ ရက်သားလေးကနေ လသားလေး ၊ လသားလေးကနေ တနှစ်သား ၊ တနှစ်သားကနေ ၁၅နှစ်သားလူငယ် ၊ အဲဒီ ကနေ အစိတ်၊သုံးဆယ် လူရွယ် ၊ ၄၀၊၅၀ လူကြီး ၊ နောက် ၆၀၊၇၀လူအို အဲလိုအဆင့်ဆင့် ရင့် ကျက် လာတဲ့အထိ ဇရာမီးကမပြတ်နှိပ်စက်လို့တရစပ်ဆွေးမြေ့လောင်ကျွမ်းပျက်စီး နေရတာတွေဟာ ကျားထောက်သာမရှိရင် ပြိုတော့မဲ့အိမ်အို ကြီးလိုပါပဲ ။

ကျနော်တို့ ဗိုက်ဆာတယ်လို့ဖြစ်တယ် ။ မစားရရင် ခန္ဓာကိုယ်ညှိုးနွမ်းခြောက်သွေ့ ၊ အားအင်ဆုတ်ယုတ်လို့ မလှုပ်ချင် ၊ မလှည့်ချင်ဖြစ်ကြရတာ လူတိုင်းကြုံဖူးမှာပါ ။ ဒါကိုပြန်တွေးကြည့်ရင် ပြိုတော့မဲ့အိမ်အိုကြီး ဆိုတာကိုသိလာနိုင်ပါတယ် ။ ကဲ ဘယ်မှာ တွယ်တာစရာရှိပါလိမ့်နော် ။ ရုပ်အာဟာရဆိုတဲ့ ထမင်းဟင်း၊ အဖျော်ယမကာစတဲ့ စားဖွယ်တွေစားလိုက်ရမှ ပျက်စီးလျော့နဲသွားတဲ့ ရုပ်ဟောင်းတွေနေရာမှာ အာဟာရ (သြဇာဓါတ်)ကြောင့် ရုပ်အသစ်တွေဖြစ်လာပြီး အားအင်ပြည့်ဝ တက်ကြွရွှင်လန်း ၊ လူလဲ တစတစသန်မာ ကြီးထွား လာရတာ အဲဒီ ကဗဠီကာရောအာဟာရာ ဆိုတဲ့ ရုပ်အာဟာရ ပစ္စယ အကြောင်းသာလျှင် ရှိပါတယ် ။ ( ငါစားနိုင်တယ်လို့မာန်တက်ပြီး ) စားဖို့အတွက်ပဲ ထွေလီကာလီမျိုးစုံလျှောက်လုပ် ၊ စားဖို့ပဲအသက်ရှင်နေကြသူတွေ ဒီနေရာမှာ သတိတရားရစေချင်ပါတယ် ။ တကယ်တော့ အသက်ရှင်ဖို့သာ စားနေရတာ ပါ ။ ဒီခန္ဓာကြီးက မတည်မမြဲ ဖောက်ပြန်ယိုယွင်းတတ်လွန်းလို့ အစာ အာဟာရဓါတ်နဲ့ မပြတ်ထောက်ပံ့ပေးနေရတာပါလို့ မာန်မစွက်ပဲ အမှန်အချက်ကို မြင်လိုက်ပါ ။

မိတ်ဆွေတို့ စိတ်ဓါတ်ကျဖူးလား ။ စိတ်ဓါတ်ကျပြီဆိုရင် ဘာမှ မလုပ်ချင်မကိုင်ချင် ၊ ဘယ်မှမသွားချင် ၊ ဘယ်သူနဲ့မှ စကားမပြောချင် ၊ အာရုံခံစားမှုတွေတောင် ဘာမှလက်မခံချင်လောက်အောင် ဖြစ်သွားရတာ ။ အဲဒါ စိတ်အားကုန်သွား ခြင်းပါပဲ ။ တနည်းအားဖြင့်ပြောရရင် စိတ်အာဟာရ ပြတ်သွားခြင်းပါပဲ ။ ထိတွေ့ချင်တဲ့/ထိတွေ့သင့်တဲ့တရားတွေ မထိ မတွေ့ရတာ ၊ သိချင်တဲ့/သိသင့်တဲ့တရားတွေ မသိရတာ ၊ မိမိစေတနာတွေ အဟောသိကံ(အလကား)ဖြစ်ရတာ စသည့်အခြေအနေများမှာ စိတ်ဓါတ်ကျတယ် လို့ ဖြစ်ကြပါတယ် ။ တကယ်တော့ စိတ်အာဟာရ ပြတ်သွားလို့ပါ ။ ဘယ်လိုလဲ လူငယ်လေးတွေစဉ်းစား ကြည့်နော်-မိမိမြင်ချင်တဲ့မိန်းကလေးမမြင်ရ၊မတွေ့ရရင် စိတ်မှာဆာတာတာမဖြစ်ဘူးလား ။ ဘယ်တော့မှ မတွေ့ရတော့ပါဘူး ဆိုရင်တော့ စိတ်ဓါတ်ကျပြီ ။ လူကြီးတွေလဲတွေးကြည့်နော် - တရားဓမ္မအာရုံလေး နဲ့ အေးအေးချမ်းချမ်းနေချင်ကာမှ သားသမီးမြေးမြစ်တွေ ၊ လူမှုစီးပွားကိစ္စတွေပွေလီရှုပ် ၊ ဆူညံပွက်လောရိုက်လို့ တွေ့သင့် တဲ့ အေးချမ်းမှုကို မထိမတွေ့ရရင် ဘယ်လိုနေမလဲ ။ ၀တ္တရားဆိုတာ ကြီးကလဲရှိသေးလို့ ကျောင်းကန်ဘုရား ၊ ရိပ်သာလဲ မသွားနိုင် ၊ ဒီဘ၀ ငါတော့ အေးချမ်းရာ ရှာမရနိုင်တော့ ပါဘူးလို့ စိတ်ကိုဒုံးဒုံးချလိုက်ရရင် စိတ်ဓါတ်ကျသွားမှာနော် ။ အဲဒါ ဖဿ ဆိုတဲ့ စိတ်အာဟာရပြတ် လို့ ဖြစ်ရတာပါ ။ ဖဿဆိုတာ အာရုံ နဲ့ အာရုံခံပစ္စည်းတို့ ထိတွေ့ခြင်းသဘောပါ ။ ဒီလိုပါပဲ ၊ တချို့ ကလေးငယ်တွေ ပညာလိုလားတယ် ၊ သိချင်တတ်ချင်တယ် ၊ မသိရ မတတ်ရရင် စိတ်ဓါတ်ကျမှာနော် ၊ တချို့မိန်းမငယ်လေးတွေ မိမိကိုယ်ကိုဖြစ်စေ ၊ သူတပါးကိုဖြစ်စေ လှတပတလေးပဲ မြင်ချင်တယ် ။ လှတာလေးမမြင်ရရင် အထူးသဖြင့် မိမိကိုယ်ကိုမှန်ထဲပြန်ကြည့်ပြီး (ဆိုးလိုက်တဲ့ငါ့ရုပ်နော်) ဆိုကာ စိတ်ဓါတ်ကျနေကြတာ အဲဒါ သိချင်၊မြင်ချင် တာ မသိရမမြင်ရတဲ့ ၀ိဥာဉ်ဆိုတဲ့ စိတ်အာဟာရပြတ်လို့ပါ ။ ၀ိဥာဉ်ဆိုတာ သိခြင်း(၀ါ) မြင်ခြင်း၊ကြားခြင်း၊နံခြင်း၊တွေးကြံ ခြင်း စတဲ့ သဘောတွေပါ ။

ခုပြောခဲ့တဲ့ ဖဿ နဲ့ ၀ိဥာဉ်ဆိုတဲ့ စိတ်အာဟာရ(၂)ပါးထက် ပိုအရေးကြီးတဲ့ စိတ်အာဟာရတခု ရှိပါတယ် ။ အဲဒါ စေတနာ အာဟာရ ပါ ။ ဘာလို့အရေးကြီးလဲ ဆိုတော့ သူ့မှာ ကုသိုလ် ၊ အကုသိုလ် ဆိုတဲ့ စိတ်အရောင်ခြယ်တရားတွေ ပါလာပါ ပြီ ။ စေတနာဟာ စေ့ဆော်ခြင်းသဘော ၊ တိုက်တွန်းခြင်းသဘော ၊ အမှုကိစ္စတခုပြုဖို့ စိတ်အားထက်သန်လာအောင် ရှေ့ဆောင်ပေးရတဲ့ အကျိုးတော်ဆောင်တယောက်လိုပါပဲ ။အဖွဲ့အစည်းတခုမှာ အကျိုးတော်ဆောင်မရှိတော့ရင် အဲဒီအဖွဲ့အစည်း တခုမှ ပေါက်မြောက်အောင်မြင်ဖို့ မလုပ်နိုင်တော့ပါဘူး ။ ဒီလိုပဲ စိတ်စေတနာကင်းမဲ့နေတဲ့ လူတယောက်ရဲ့ လုပ်ဆောင်ချက်တွေဟာ အသက်ဝင်ခြင်းမရှိသလို အောင်မြင်၊ဖြစ်မြောက်ခြင်းလဲ မရှိတော့ပါဘူး ။ တခါ စေတနာမဲ့သူတွေနဲ့ ဆက်ဆံ ရသူမှာလဲ အဆင်မပြေခြင်းတွေကိုသာ ရလာတော့မှာပါ ။ ဒီကနေ့လူ့လောက၊လူ့ကမ္ဘာကြီး မှာ စိတ်ဓါတ် ကျနေသူတွေဘယ်လောက်တောင်များလာပြီလဲဆိုရင် မနှစ်က ကမ္ဘာ့စစ်တမ်းတခုမှာ အသက်(၂)နှစ်ခွဲ အရွယ် ကလေးလေးတွေတောင် စိတ်ဓါတ်ကျရောဂါ ခံစားနေရပါပြီတဲ့ ။ အဲဒါ - စေတနာအာဟာရ ချို့ယွင်း ရလို့ ဖြစ်ပါ တယ် ။ ကလေးအရွယ်လေး ဒီလိုဖြစ်ရတာ မိမိစိတ်စေတနာအာဟာရပြတ်လို့မဟုတ်ပဲ သူတပါး ဆီက စေတနာမဲ့မှု ကြောင့်ပါ ။အထူးသဖြင့် စိတ်ခွန်အားကိုတိုးပွားစေတတ်တဲ့ ကုသိုလ်စေတနာတွေ ဆုတ်ယုတ်လာကြခြင်းဟာဘ၀ကို အဓိပ္ပါယ်ကင်းမဲ့စေပါတယ် ။ အထင်ရှားဆုံး ကုသိုလ်စေတနာ အာဟာရ တခုကိုပြပါဆိုရင် (မေတ္တာတရား)ကိုပဲ ပြဆိုရပါ မယ် ။ ဒီဘက်ခေတ် စားဝတ်နေမှုပြသနာတွေကြောင့် မိခင်တွေဟာ ကလေးကို (၆)လပြည့်အောင် နို့တိုက်နိုင်ရင်တောင် ကံကောင်းလှပြီဆိုရပါမယ်။ အမေ့နို့ရည် ထဲမှာ အစွမ်းအထက်ဆုံးမေတ္တာဓါတ်တမျိုး ပါဝင်ပါတယ် ။(အဲဒီဓါတ်ကပဲ သွေးနီ တွေကို နို့ရည်ဖြူ အဖြစ်ပြောင်းပစ်လိုက်တာပါ) ။ အဲဒါကို အချိန်ကြာကြာ(ဟိုတုန်းကဆို ၊ ကျနော်ဆို ၃နှစ်လောက် စို့တာ) သောက်စို့ရတဲ့ကလေးဟာ မေတ္တာအာဟာရပြည့်ဝခဲ့လို့ စိတ်သဘောထားကြီးမြတ်ခြင်း ၊ နူးညံ့နွေးထွေးခြင်းစတဲ့ စိတ်ခွန်အားတွေ ပြည့်ဝလာနိုင်ပါတယ်။ မေတ္တာငတ်တဲ့ကလေးကတော့ အတ္တ ကြီးခြင်း ၊ အလိုမကျခြင်း၊နာကျည်းခြင်းတွေနဲ့ စိတ်ဓါတ်ခွန်အားအင်မတန်နဲပါးနေတာ တွေ့ရမှာပါ ။ ဒီနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြသူတွေဟာ အဲဒီလို စိတ်ဓါတ်ခွန်အားနဲပါးတဲ့ (ကောင်းမြတ်စိတ်ထား ကင်းမဲ့တဲ့) လူတွေပဲဆိုတာ တွေ့နေရပါတယ် ။ ဒါကြောင့်မို့ ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော အကျိုးအတွက် စေတနာအာဟာရမပြတ်ကြဖို့ ( မိမိစေတနာတွေလဲ မပြတ်ဖို့ ၊ သူတပါး ဆီက စေတနာတွေလဲ မှီခိုနေရတဲ့ကလေးတွေ မငတ်ကြဖို့ ) အရေးတကြီးလိုအပ်နေပါတယ် ။

ပစ္စုပ္ပန် ၊ သံသရာ အကျိုးကိုလိုလား၍ ကောင်းမြတ်ခြင်းတရား တန်ဖိုးထားတဲ့ ချစ်စွာသောစာရှုသူ -
မိမိကိုယ်တိုင် ခန္ဓာကိုဥာဏ်စိုက် ပြန်ကြည့်လိုက်ပါလေ ။ အိမ်အိုဟောင်းကြီးတခုလို တရံမစဲ အမြဲပျက်စီးနေလို့ ရုပ်အာဟာရ ၊ စိတ်အာဟာရတွေနဲ့ မပြတ်ဖြည့်တင်းနေရတဲ့ ဒီခန္ဓာအိမ်အိုဟောင်းကြီးကို ဘာများမြဲတာရှိ၍ ငါ ဟု စွဲနေ ရပါသနည်း ။ ထိုငါက ဘာများဖြည့်တင်းပေးနိုင်ပါသနည်း ။ ဖြည့်တင်း၊ထောက်ကန်ပေးစရာ အာဟာရပစ္စယ အကြောင်း သာ ရှိ၏ ဟု မှတ်ထင်၊သိမြင်လိုက်ပါလျှင် အတ္တဟူသော သက္ကာယဒိဌိ ကွာကျမည်ဖြစ်ပါသည် ။ အတ္တဒိဌိ နှင့်အတူ ပြတ်တယ် ၊ မြဲတယ် ဟူသော အစွန်းရောက်ဒိဌိတွေလဲ ကွာကျလျက် ၊ ယုံမှားကင်းကွာ အမှန်မြင်လာပြီဆိုလျှင် တိဟိက် မှန်ပါက သာသနာသူရဲကောင်း သောတာပန်အရိယာသူတော်ကောင်းဘ၀ကို ပစ္စုပ္ပန်ဆတ်ဆတ် ရတတ်နိုင်ပါကြောင်း အာဟာရပစ္စယ အကြောင်းပြုကာ ဓမ္မဒါနမျှဝေလိုက်ရပါသည် ။

                                                                              ဝီမံသာ
  (၆-၆-၂၀၁၆)

Friday, July 28, 2017

ငါက ဘာမှမဟုတ်



ဒီရက်ထဲ ကြည့်လိုက်ရတဲ့ Dr Strange ဆိုတဲ့ ရုပ်ရှင်ကားတကားမှာ ကမ္ဘာကျော်အဆိုအမိန့်တခု(ထင်ပါတယ်)ကို ကိုးကားပြောဆိုသွားတာ တွေ့လိုက်ရတယ် ။ အဲဒါက -
( လောကကြီးက မင်းအတွက် ဖြစ်တည် လည်ပတ်နေတာ မဟုတ်ဘူး ) တဲ့ ။
ဒီစကားက ဗုဒ္ဓရဲ့ စကား ( ယေဓမ္မာ ဟေတုပ္ပပ္ဗဝါ ) ဆီကို ချဉ်းကပ်လာတဲ့ အတွေးအခေါ်ပါတဲ့ စကားတခုပဲ ။
တကယ်တော့ လောကကြီး ဖြစ်တည်လာတာ သူ့အတွက် ၊ ငါ့အတွက် အဲလို ဘယ်သူ့အတွက်မှ မဟုတ်ဘူး ။ အကြောင်းတရားတွေ ပြည့်စုံတိုက်ဆိုင်လို့ ဖြစ်တည်လာရတာ ။ ဒီလိုပဲ ပျက်စီးသွားရတာမှန်သမျှဟာလဲ ပျက်ဖို့ အကြောင်းတရားတွေ ပြည့်စုံတိုက်ဆိုင်လာရင် ပျက်မှာပဲ ။ ( ယေဓမ္မာ ဟေတုပ္ပပ္ဗဝါ ) - (အကြင်တရားတို့သည် အကြောင်းကြောင့်သာလျှင် ဖြစ်ပေါ်လာရကုန်၏) ဆိုတာ အဲဒါပဲ ။
လူအတော်များများဟာ အဖြစ်အပျက် အခြင်းအရာတွေကို ချဉ်းကပ်ရှုမြင်တဲ့အခါ (အတ္တဗဟိုပြုဝါဒ)နဲ့ပဲ ရှုမြင်တတ် ကြတယ် ။ ဒါဟာ တကယ့်အစစ်အမှန်တရားကိုမသိလို့(တနည်း)မရင့်ကျက်သေးလို့ ဖြစ်ရတာပဲ ။
ကျနော် ငယ်ငယ်က ခဏခဏတွေးဖူးတယ် ။ ( ငါဟာ လောကကြီးရဲ့ အပယ်ခံပါ )လို့ ။ ခု သတိရလို့ ပြန်ကြည့်တော့ တော်တော်ရူးသွပ်တဲ့ အတွေးပဲ ဆိုတာ သိလိုက်ရတယ် ။ တချို့ ခုထိ(အသက်ကြီးတဲ့အထိ) တွေးနေကြတာ တမျိုး ရှိသေးတယ် ။ ( ငါက လောကကြီးကို ပေးဆပ်သူပါ ) ၊ ဒိထက် ပိုဆိုးတာက ( ငါက လောကကြီးရဲ့ ကယ်တင်ရှင် )တဲ့ ။ ကိုယ့်ဟာကိုယ် တယောက်ထဲ တိတ်တိတ်ကလေးပြန်စဉ်းစားကြည့်ရင် တော်တော်ရီစရာကောင်းတဲ့ အတွေးတွေဆိုတာ သိနိုင်ပါလိမ့်မယ် ။ အတ္တကိုမှစွဲနေတဲ့ (ဒိဌိဥပါဒါန်)သမားတွေကတော့ သိမှာမဟုတ်ပါဘူး ။ (ဒိဌိဥပါဒါန် - ငါ ၊ သူတပါး စတာတွေကို အစစ်အမှန် ၊ အမြဲထာဝရ ဟု စွဲလန်းနေခြင်း)
အဲဒီတော့ ဘယ်လိုတွေဖြစ်ကုန်သလဲဆိုတော့ -
( ငါက အပယ်ခံ ၊ လောကကြီးက ငါ့အတွက် ဘာမှလုပ်မပေးဘူး ၊ လောကကြီး က ငါ့ကို ဂရုမစိုက်ဘူး ) ဒီလိုအတွေးတွေဖြစ်လာတော့ ဒေါသစိတ်တွေ (သိမ်ငယ်၊နာကျည်း၊ဝမ်းနဲ၊ပေါက်ကွဲ)တာတွေ ဖြစ်ကုန်ကြတာပေါ့ ။ 
တခါ ( ကိုယ်က သူတပါးအကျိုးဆောင်လိုက်တာ သူတပါးအဆင်ပြေသွားရင် ကိုယ့်မှာ ကုသိုလ်အကျိုးဖြစ်တယ် ) ဆိုတဲ့ (ကမ္မနိယာမ)ကို နားမလည်တော့ ( ငါက နင်တို့အတွက် လူဖြစ်လာရတာ ၊ ငါကပဲ ပေးဆပ်နေရတယ် ၊ ငါက လောကကြီးရဲ့ ကယ်တင်ရှင် ) အဲလိုတွေးပြီဆိုတာနဲ့ ( မာန ) က ဝင်လာပါပြီ ။ တချို့ကျတော့ ဒီလိုတွေးတယ် ။ (အမေက ကယ်တင်ရှင်)တဲ့ ။ တွေ့ဖူးကြတယ်မဟုတ်လား -  ( သူကပဲ တလောကလုံးကို လုပ်ကျွေးနေရတယ် ဆိုတဲ့ မျက်နှာထားမျိုးတွေလေ ) ။ တချို့ကျတော့ ပရဟိတ လုပ်တယ် ။ အလှုကြီးအတန်းကြီးပေးတယ် ။ ( ငါဘယ်သူ ) ဆိုတဲ့ နာမည်ကြီးချင်တဲ့ ( လောဘ ) ကြီးက နဖူးမှာ အပြူးသားကြီးနဲ့ ။ သတိထားနော် ။ (ဘုရားဒကာ၊ကျောင်းဒကာတွေ) (ပရဟိတဆရာကြီးတွေ) ။ (လောဘ) ကြီး တန်းလန်းပါနေရင်တော့ တောထဲမှာ ခွေးပိန်မလေး အစာကျွေးသလောက် တောင် ကုသိုလ်ရမှာမဟုတ်ဘူးဆိုတာ ။
ချုပ်ရရင် အတ္တဗဟိုပြု လာရင် ( လောဘ ၊ ဒေါသ ၊ မာန ) စတဲ့ အကုသိုလ်တရားဆိုးတွေ ဖြစ်လာတတ်လို့ ကောင်းတာ လုပ်တောင် ကောင်းကျိုးမရ (တချို့) လူရီချင်စရာ ဖြစ်ရတာ သတိပြုမိကြစေဖို့ - အများ နားလည်အောင် -
( လောကကြီးက မင်းအတွက် လည်ပတ်နေတာမဟုတ်ဘူး ) လို့ ပညာရှိစကားနဲ့ သတိပေးခဲ့တာ ဖြစ်မှာပါ ။
ဒါကြောင့်မို့ -
(လောကအပယ်ခံ)လို့ သိမ်ငယ်စိတ်ဝင်လာရင် -  လောကကြီးကလဲ သူ့အကြောင်းနဲ့သူ ဖြစ်လိုက်ပျက်လိုက် ချာလပတ်ရမ်းနေတာ ၊ ငါကလဲ ငါ့အကြောင်းနဲ့ငါ ( ဘာမှဝမ်းနဲစရာမဟုတ် ) လို့ စဉ်းစားပြီး ဖြေသိမ့်လိုက်ပါ ။
(ငါကကယ်တင်ရှင်) လို့ အခြောက်တိုက်ဘဝင်မြင့် မာန်တက်ချင်နေရင်လဲ - ကိုယ့်စိတ်ကလေး ခဏ ကောင်းကင် (လေယာဉ်ပျံပေါ်တင်ပြီး) ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ ၊ ပရွက်ဆိတ်လောက်တောင်မရှိတဲ့ ပိစိညှောက်တောက် ကလေး ဖြစ်နေရှာတဲ့ ( ငါကဘာမှမဟုတ် ) ဆိုတာကိုသိပြီး မာန်မာနတွေ လျှော့ချနိုင်ပါစေလို့ သတိပေးလိုက်ပါရစေ ။

( ဝီမံသာ )      ( 28-7-2017 )
မှတ်ချက် ။         ။ မိမိကိုယ်ကို သတိပေးခြင်းလဲ ဖြစ်ပါသည် ။