-
ဒီမနက် ငါစိတ်ညစ်နေတယ် ၊
နေလို့ထိုင်လို့မကောင်းဘူး ၊ ရင်ထဲမှာ နာကျင်၊ပူလောင်နေသလို မအေးချမ်းဘူး ။
ဘုရားရှိခိုးရတာတောင် - - - ၊ ခုမှသတိရ ၊ ဘုရားရှင်မျက်နှာတော်ကို မော် ဖူး မိတယ်
။
သြော် -
ဘယ်တော့မှ စိတ်မညစ်တတ်တဲ့ မြတ်စွာဘုရား ၊ အားကျလိုက်တာ ။
- ဟိုနေ့က
ငါသူ့ကိုမညှာမတာပြောခဲ့မိတယ် ။ ငါပြောရင်ခံရမဲ့သူမှန်းသိရဲ့နဲ့ ဒေါသတကြီး ပြောထွက်ခဲ့တယ်
။ သူ့ခမျာ နာကျင်သွားမှာပဲ ။ပြောမိတဲ့ငါလဲ ဒေါသနဲ့ ပူလောင်ဆူပွက် ၊ မကောင်းလိုက်တာ
၊ ခုမှ ဘုရားကိုသတိရမိတယ် ။
သြော် - ဘယ်တော့မှဒေါသမဖြစ်တတ်တဲ့
မြတ်စွာဘုရား ၊ အေးချမ်းလိုက်တာ ။
- နက်ဖြန်ငွေဝင်လမ်းရှိတယ်ဆိုပြီး
ညကအိပ်လို့တောင်မပျော်ဘူး ၊ လောဘမီးတလှပ်လှပ်နဲ့ နာလို့နာရကောင်းမှန်း မသိ ။
သတိရလို့ ဘုရားကိုအာရုံပြုမိတော့မှ -
သြော် - လောဘတစက်ကလေးမှမရှိတဲ့
မြတ်စွာဘုရား ၊ ငြိမ်းချမ်းလိုက်တာ ။
-
သေရင်မြေကြီးထဲရောက်မှာ သိသိကြီးနဲ့ ၊ ငါ့ဘာထင်သလဲဆိုတဲ့ ထင်တလုံးနဲ့ မာန်တွေတက် ၊
ခက်ထန်ကြမ်းတမ်း နေရတဲ့ မာနကြီးတခွဲသားနဲ့ငါ့ဘဝ ၊ သေမလိုဖြစ်မှ ဘုရား တ မိတယ် ။
သြော် - အကြီးကျယ်၊အမြင့်မြတ်ဆုံးဖြစ်တာတောင်
မာနမရှိတဲ့ မြတ်စွာဘုရား ၊ ချစ်ဖို့ကောင်းလိုက်တာ ။
-
ဝေဒနာနှိပ်စက်တော့ တလူးလူး၊တလိမ့်လိမ့် ၊ မခံချိမခံသာ ၊ ကံဆိုးလှချည်ရဲ့လို့
စိတ်ကထပ်နာ ၊ မိအေးနှစ်ခါနာ ဖြစ်နေ ရတဲ့ ငါ ၊ ဘုရားကယ်ပါ တ မိတယ် ။
- သြော်
ဖောက်ပြန်တတ်တဲ့ ရုပ်ကနာတာကို သည်းခံပြီး စိတ်မနာတတ်တဲ့ မြတ်စွာဘုရား ၊
သတ္တိရှိလိုက်တာ ။
- တချိန်က
တချို့ညတွေမှာ အပေါင်းအသင်းတွေနဲ့ မူးရူးပျော်ပါး ၊ မနက်နိုးတော့
ကိုယ်ဘာလုပ်လို့ဘာပြောခဲ့မိမှန်းမသိ ၊ ဘေးကပြောမှသိရတော့ - ဟယ် -
ရှက်ဖို့ကောင်းလိုက်တာ ၊ မူးမေ့ခြင်းရဲ့အပြစ် ၊ မွေးကတဲက ဇာတိနှိပ်စက်လို့ ဘယ်က
လာခဲ့မှန်းတောင်မသိရအောင် မောဟနဲ့စတဲ့ဘဝကို အမှတ်မရှိ ၊ မောဟတွေပွားနေလိုက်တဲ့
အဝိဇ္ဇာအမှောင်တိုက်ထဲက ငါ့ဘဝ ၊ ထိတ်လန့်၊သံဝေဂနဲ့ ဘုရားကိုသတိရမိတယ် ။
သြော် -
မောဟဆိုမြူမှုန်မျှမရှိ ၊ သဗ္ဗညုဥာဏ်တော်ကြီးနဲ့ ထာဝရလင်းလက်နေတဲ့ မြတ်စွာဘုရား ၊
ကြည်ညိုလိုက်တာ ။
- - - - -
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
-
ငြူစူခြင်း၊ဝန်တိုခြင်းကင်းတဲ့ မြတ်စွာဘုရား ၊
-
စိတ်ဆိုး၊စိတ်ယုတ်ကင်းတဲ့ မြတ်စွာဘုရား ၊
- မေ့လျော့၊ပေါ့ပျက်ခြင်းကင်းတဲ့
မြတ်စွာဘုရား ၊
- တဏှာ၊ရာဂ၊မာနကင်းတဲ့
မြတ်စွာဘုရား ၊ - - - - -
- - -
အလုံးစုံသော ကိလေသာတို့မှ လုံးဝကင်းရှင်းတော်မူသော မြတ်စွာဘုရား ၊
-
ထို့ကြောင့် လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါအားလုံး၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော
မြတ်စွာဘုရား ။
ထို
ဗုဒ္ဓမြတ်စွာဘုရားရှင်ကို (၁၅၀၀)ကိလေသာတို့ရဲ့ နှိပ်စက်ခံနေရသေးတဲ့ တပည့်တော်မှ
ပူဇော်အထူးဖြင့် ပူဇော်ပါရစေ ကျေးဇူးတော်ရှင်၊ဆရာသခင်၊အရှင်မြတ်ကြီးဘုရား ။
(
ဝီ မံ သာ )
ယနေ့မနက်
ဘုရားစင်ရှေ့တွင် မိမိ နားလည်၊ခံစား၊ပွားများမိခဲ့သော ( အရဟံ ) ဂုဏ်တော် ။ 6-6-2017