Sunday, April 9, 2017

၁၃ ၊ ၁၄ ။ ကမ္မပစ္စယ ၊ ၀ိပါကပစ္စယ (နိဒ္ဒေသ)



ကမ္မပစ္စယ
ကုသလာ ကုသလံ ကမ္မံ ၊ ၀ိပါကာနံ ခန္ဓာနံ ကဋဋ္ဋာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော ။
စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ ၊ တံ သမ္မုဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော ။

ဝိပါကပစ္စယ
ဝိပါကာ ဆတ္တာရောခန္ဓာ ၊ အရူပိနော အညမညံ ၀ိပါကပစ္စယေန ပစ္စယော ။

          ဒီနေရာမှာ ကမ္မပစ္စယနဲ့ ၀ိပါကပစ္စယကို တွဲပြီးရှင်းရတဲ့အကြောင်းကတော့ အကြောင်းရင်းပစ္စယ ကမ္မကြောင့် အကျိုးပစ္စယုပ္ပန် ၀ိပါက ၊ ဒီလိုကြောင်းကျိုးဆက်နေလို့ ဖြစ်ပါတယ် ။
ကျနော်တို့ ယခုရရှိထားတဲ့ ဘ၀ဆိုတာဟာ တကယ်တော့ အကျိုးဝိပါက်ခန္ဓာတခုသာ ဖြစ်ပါတယ် ။ ဘာကြောင့်ရလာရ သလဲဆိုတော့ အတိတ်သံသရာက ကုသိုလ်မှု ၊ အကုသိုလ်မှုစတဲ့ အကြောင်းကံက ပစ်ချလိုက်လို့ ရလာတဲ့ ခန္ဓာဖြစ်ပါ တယ် ။ ကုသလာ ကုသလံ ကမ္မံ - ကုသိုလ်မှု အကုသိုလ်မှုတွေ ပြုလုပ်ခဲ့ပြီး ပျက်သွားပါပြီ ။ ဒါပေမဲ့ သူ့ရဲ့အရှိန်အဟုန်က ကမ္မပစ္စယသတ္တိနဲ့ ၀ိပါကာနံ ခန္ဓာနံ အကျိုးဝိပါက်ခန္ဓာလို့ခေါ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ (တနည်း) နာမ်ခန္ဓာလေးပါး သိခြင်း၊မှတ်ခြင်း၊ခံစားခြင်း၊ပြုလုပ်ခြင်း နဲ့ ပဋိသန္ဓေရုပ် ၊ ကမ္မဇရုပ်တွေ ဖြစ်လာရတာပါ ။
မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားခဲ့တဲ့ တရားလေးတပုဒ် မှတ်သားဖွယ်ပါ ။ ( ဒကာကြွယ်တို့ - မင်းတို့ကိုယ်မင်းတို့ ငါဘာကောင်လဲလို့ထင်နေကြသလား ၊ တကယ်တော့ မင်းတို့တွေဟာ ၀ဋ်ကောင်တွေပဲကွ ) တဲ့ ။ ဟုတ်ပါတယ် ။ ကျနော်တို့တွေဟာ ကမ္မ၀ဋ် ၊ ကိလေသ၀ဋ် ၊ ၀ိပါက၀ဋ်ဆိုတဲ့ ၀ဋ်ဒုက္ခသုံးပါးခံရင်း သံသရာလည်နေကြရတဲ့ ၀ဋ်ကောင် တွေ ချည်းပါပဲ ။ ကိလေသ၀ဋ် ဆိုတဲ့ အ၀ိဇ္ဇာ (အမှန်မသိခြင်း) ၊ သင်္ခါရာ (ပြုပြင်စီရင်ခြင်း) အကြောင်းတို့ကြောင့် ၀ိပါက ၀ဋ်ဖြစ်တဲ့ ၀ိဥာဏ် ၊ နာမ်ရုပ် ၊ သဠာယတန(အာရုံခြောက်ပါး) ၊ ဖဿ ၊ ဝေဒနာ ဆိုတဲ့ အကျိုးဝိပါက်ခန္ဓာတွေရ ၊ တဖန် ဒီခန္ဓာအမှီပြု ဝေဒနာက တဏှာ ဥပါဒါန် ဆိုတဲ့ ကိလေသ၀ဋ်ကို ပြန်ပေး ၊ ဒီ ပြင်းစွာစွဲလမ်းခြင်းကို အကြောင်းပြုပြီးတော့ ကမ္မ၀ဋ် ဆိုတဲ့ ကုသိုလ် ၊ အကုသိုလ် အမှုတွေလုပ်ကြပြန်တော့ တခါပြန်ပြီး အကျိုးဝိပါက်ခန္ဓာ (ဘ၀) ကိုရ ၊ ဘ၀က ဘာပေးလဲ မွေး၊အို၊နာ၊သေ - - အစရှိတဲ့ ဒုက္ခတွေချည်းပဲပေးပြီး ၀ဋ်ကောင်ကြီးတွေ ၀ဋ်သံသရာလည်နေကြတာကို ဗုဒ္ဓ ရှင်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးနဲ့ စက်ဝိုင်းသံသရာလည်နေကြရတယ်လို့ ဟောပြတော်မူခဲ့ပါတယ် ။
          ကမ္မပစ္စယမှာ အရေးကြီးတဲ့တပိုဒ်ကိုလဲ ရှင်းပြချင်ပါသေးတယ် ။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ ၊ တံ သမ္မု ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော တဲ့ ။ စေတနာမွဲရင် ကံမွဲတယ် ၊ စေတနာကောင်းရင် ကံကောင်းတယ် ဆိုတာ စေတနာဆိုတဲ့ စေ့ဆော်ခြင်းစေတသိက်တရားရဲ့ အရေးပါပုံကို ဖော်ပြနေပါတယ် ။ ကောင်းတာကို စေတနာပါပါလုပ်ရင် ကောင်းကျိုးကြီးမားစွာဖြစ်ထွန်းသလို မကောင်းတာကို စေတနာသန်သန်လုပ်ရင်လဲ မကောင်းကျိုးကြီးစွာ ဖြစ်ရပါတယ် ။ စေတနာနဲ့အတူယှဉ်ဖက်စိတ်(၈၉)ပါး ၊ စေတနာမှလွဲတဲ့ ကျန်စေတသိက်(၅၁)ပါး တို့ဟာ ကမ္မပစ္စယ အကြောင်းသတ္တိဖြင့် ဆိုင်ရာ စိတ္တဇရုပ် ၊ ပဋိသန္ဓေကမ္မဇရုပ် စသည်တို့ကို ဖြစ်စေပါတယ် ။ ဒီနေရာမှာ ရှေးဆရာတို့က ကမ္မသတ္တိကို (မျိုးစေ့ ကြောင့် အပင်ပေါက်ရသကဲ့သို့) ဟု ဥပမာပေးခဲ့ပါတယ် ။ သရက်စေ့ မှ သရက်ပင်သာပေါက်ရသလို ၊ တဖန် ညံ့သော သရက်စေ့မှ ညံ့သောသရက်မျိုး ၊ ကောင်းမြတ်သောသရက်စေ့မှ ကောင်းမြတ်သောသရက်မျိုး စသဖြင့် ကွဲပြားသွားရ သလို စေတနာအနု၊အရင့် ၊ ကောင်းကံ၊မကောင်းကံ အပေါ်မူတည်လို့ အကျိုးပေးတွေ မတူကွဲပြားသွားခဲ့ရတာ ဒီ ကမ္မ ပစ္စယ သတ္တိကြောင့်ဖြစ်ပါတယ် ။
          ဖြစ်လာရသမျှ စိတ်တိုင်း၊စိတ်တိုင်းကတော့ ကမ္မသတ္တိ မရှိနိုင်သေးပါဘူး ၊ ဒါကို ၀ိပါက ပစ္စယမှာ ရှင်းပြထားပါ တယ် ။ ၀ိပါက ပစ္စယကို (အေးချမ်းတဲ့လေပြေလေညှင်းလေးနဲ့တူ၏)လို့ ရှေးဆရာတွေ နှိုင်းယှဉ်တင်စားခဲ့ပါတယ် ။ ဒါဟာ အကျိုးဝိပါက်ခန္ဓာဖြစ်တဲ့ နာမ်ခန္ဓာလေးပါးတို့ (ပစ်ချခံရသလို) စဖြစ်လာချိန်မှာ (စေတသိက်တရားတွေ မပူးယှက်၊မခြယ် လှယ် သေးပဲ) အချင်းချင်း အညမညဿနည်းဖြင့် ၀ိပါကပစ္စယအကြောင်းပြု ဖြစ်လာချိန်မှာ အလွန်ငြိမ်သက်ပါတယ် ။ ဇာတိပဋိသန္ဓေစိတ်လေးဟာ အိပ်မောကျနေတဲ့ဘ၀င်စိတ်ကလေး ငြိမ်သက်သလို ငြိမ်သက်နေတာကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတဥာဏ်တော်ကြီးနဲ့ ရှုကြည့် သိတော်မူခဲ့တာ ဖြစ်ပါတယ် ။
စိတ်ဝီထိအစဉ်မှာ စေတသိက်တွေရောယှက်အားကောင်းလာပြီး နောက်ဆုံးဇော(၇)ချက် ကျတော့မှ ကမ္မသတ္တိ ၀င်လာ ပြီး ဆိုင်ရာဘ၀အကျိုးပေးတွေဖြစ်စေတာပါပဲ ။ ကမ္မသတ္တိအကျိုးပေးပုံကို ပိုင်းခြားထားပုံကတော့ ပထမဇော ကမ္မသတ္တိ ဟာ လက်ငင်းဘ၀မှာပဲ အကျိုးပေးခွင့်သာရင် အကျိုးပေးပြီး ခွင့်မသာလျှင် အကျိုးမပေးနိုင်တော့ပါဘူး ။ အလယ်ဇော(၅) ချက်ကတော့ ကပ်လျက် ဒုတိယဘ၀မှလွဲတဲ့ သံသရာဘ၀တလျောက်မှာ အခွင့်ကြုံတိုင်းဝင်အကျိုးပေးနေမဲ့ ကံတွေ ဖြစ် ပါတယ် ။ တမလွန်မှာ ချက်ခြင်းအကျိုးပေးမှာကတော့ အားအကောင်းဆုံးဖြစ်တဲ့ နောက်ဆုံးဇောပါပဲ ။ ဒါကြောင့်မို့ မိမိနဲ့ ပါတ်သက်တဲ့ ဆွေမျိုးသားချင်း၊ပေါင်းသင်းမိတ်ဆွေတွေ သေခါနီးမှာ ကောင်းမွန်တဲ့သုဂတိဘ၀ကိုရနိုင်အောင် နောက်ဆုံး အာရုံပြုမှု ၊ နောက်ဆုံးဇောမှာ ကောင်းကံလေးပါသွားအောင် မိမိတို့က သူပြုဖူးတဲ့ ကုသိုလ်တရားတွေသတိရအောင် ၊ ခု လက်ရှိမှာ ကုသိုလ်အာရုံတွေနဲ့ ထုံမွှမ်းထားပြီး ကုသိုလ်ဇောလေးစောနိုင်အောင် ကူညီပေးတာဟာ သူ့နောက်ဆုံးခရီးကို အကောင်းဆုံးပို့ဆောင်ပေးခြင်းပါပဲ ။ တချို့သားသမီးတွေ မိဘဆွေမျိုးသေခါနီးမှာ မျက်ရည်လည်ရွဲငိုပွဲဆင်နေကြတာ သေမဲ့သူက ဒါကိုအာရုံပြုမိလို့ အကုသိုလ်ဇောနဲ့ အသက်ထွက်သွားမယ်ဆိုရင် ဘယ်လိုမှ အကျိုးပေးဘ၀ မလှနိုင်တော့ ပါဘူးဆိုတာ သတိလေးထားစေချင်ပါတယ် ။
                             
                              အမှန်တရားကိုမြတ်နိုးသော ချစ်စွာသောစာရှုသူ -   မိမိခန္ဓာမှာ ဖြစ်ပျက်နေမှုအစုစုကို ဉာဏ် ဖြင့် သေချာဆင်ခြင်သုံးသပ်ကြည့်ပါကုန်။ မိမိသန္တာန်မှာ ဖြစ်လာသမျှသော ကုသိုလ်၊အကုသိုလ်တရားတွေဟာ ကမ္မ ပစ္စယသတ္တိနဲ့ ဆိုင်ရာဘ၀သစ်တွေကို ဖြစ်စေမယ်ဆိုတာ ၊ မိမိစိုက်သမျှကိုသာ ရိတ်သိမ်းရမယ်ဆိုတာ နားလည်သိရှိ သွားပါလျှင် လုပ်သမျှကို သတိလေးထားပြီး ကောင်းတဲ့စိတ်နဲ့ ပိုလုပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ဒီကနေ တဆင့် တက်လို့ ကံပစ်ချလို့ ရလာတဲ့ အကျိုးဝိပါက ၀ဋ်ခန္ဓာဟာ ငါလို့ယူစရာမရ ၊ မယူစကောင်း ၊ ဒုက္ခသာရှိပါလားလို့ သံဝေဂ ဥာဏ်ဝင် ဆင်ခြင်သုံးသပ်လို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာမှာ ထွက်မြောက်လမ်းဖြစ်တဲ့ နိဂြောဓသစ္စာ ချုပ်ငြိမ်းခြင်း သဘောတရား (အ၀ိဇ္ဇာချုပ်ရင် သင်္ခါရချုပ်မယ် သင်္ခါရချုပ်ရင် ၀ိဥာဏချုပ်မယ် - နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ ဆက်ခါချုပ်ရင် တဏှာ၊ဥပါဒါန် အာသဝေါတရားတွေချုပ်မယ် ၊ စွဲလမ်းခြင်းချုပ်ရင် ကံချုပ်လို့ ဘ၀သစ်ဖြစ်ခြင်း ချုပ်မယ် ၊) ဒါဆို ဘ၀ဒုက္ခတွေ(အိုနာသေ-ဘေးဒုက္ခဆင်းရဲ)အပေါင်းမှ ချုပ်ငြိမ်းလို့ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို ဥာဏ်မှာ ထင်ထင် (မဂ်စိတ်ဝင်လျက်) သိမြင်မျက်မှောက်ပြုနိုင်တဲ့ အရိယာရှစ်ပါးအနွယ်ဝင် သူတော်စင်အစစ်ကြီးတွေ ဖြစ်နိုင်ပါ ကြောင်း သတင်းကောင်းပါးရင်း ကမ္မပစ္စယ ၊ ၀ိပါကပစ္စယ နိဒ္ဒေသ မြန်မာပြန်ဆောင်းပါး နိဂုံးချုပ်လိုက်ရပါသည် ။   



                                                                              ဝီမံသာ
  (၂၂-၇-၂၀၁၅)