ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံဓမ္မာနံ
၊ တံသမုဌာနာနဉ္စရူပါနံ ဈာနပစ္စယေန ပစ္စယော ။
ဈာန
ဆိုတာ ဈာန် ပေါ့ ။ ဘာဝနာပွားများအားထုတ်သူတွေ ဈာန် ရနိုင်ပါတယ် ။
ဈာနင်္ဂါနိ ဈာန်အင်္ဂါ(ငါးပါး)တို့သည်
ဈာနသမ္ပယုတ္တကာဓမ္မာ သူနှင့်ယှဉ်ဖက် စိတ်(၇၉) စေတသိက်(၅၂)တို့အား၎င်း ၊ သမုဌာရူပါနံ ဆိုင်ရာ(အရှုခံ)
စိတ္တဇရုပ်၊ပဋိသန္ဓေကမ္မဇရုပ်တို့အား၎င်း ဈာနပစ္စယသတ္တိဖြင့် ကျေးဇူးပြုကုန်၏ တဲ့ ။
ဈာန ရဲ့အဓိပ္ပါယ်က စိုက်စိုက်စူးစူး
အထူးအားဖြင့်ရှုတတ်သော သဘောသာဖြစ်ပါတယ် ။ သူများမမြင်နိုင်တာကို သူက မြင်တယ် ။ ရှေးဆရာတွေပမာပြတာက
သစ်ပင်ပေါ်ကလူ(ဈာန)ဟာ မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရလို့ အောက်က လူ (စိတ်၊စေတသိက်)တွေကို
ဒါ အိမ်ပဲ ၊ ဒါ ချောင်းပဲ စသဖြင့် အသေးစိတ်ပြောနိုင်သလို ဈာနအစွမ်းဖြင့် ကျေးဇူးပြုတတ်
သောပစ္စည်းဖြစ်ပါတယ် ။
ဈာန်အင်္ဂါငါးပါးကတော့ ( ဝိတက် ၊ ဝိစာရ
၊ ပီတိ ၊ သုခ ၊ ဧကဂ္ဂတာ )တို့ ဖြစ်ပါတယ် ။ နဲနဲရှင်းပေးပါ့မယ် ။
ဝိတက် ဆိုတာ - အာရုံကိုတင်ပေးတဲ့သဘော
၊ အာရုံကို စိတ်က ယူနိုင်အောင် ထပ်ခါထပ်ခါ တင်ပေးတဲ့သဘောပါ ။
ဝိစာရ ဆိုတာက - တက်လာတဲ့အာရုံကို သုံးသပ်ခြင်းသဘော
၊ (အပြန်ပြန်အလှန်လှန် ၊ အနုလုံပဋိလုံ)ဆင်ခြင်သုံးသပ် တဲ့ ၊ ထိတွေ့ပွတ်သပ်တဲ့ သဘောပါ
။
ဒီနေရာမှာ အကြီးဆုံးအဟန့်အတားကတော့
ဝေဒနာပါပဲ ။ ဒါကို (resist) ဆန့်ကျင်ခုခံဖို့ ၊ သက်သာအောင် ခဏခဏ ပြောင်းမယ် ပြင်မယ်ဆိုရင်တော့
သမာဓိအဆင့်ကို မရောက်နိုင်တော့ပါဘူး ။ ဝေဒနာကို အလိုက်သင့်သဘောထားရမယ် ။ ဝီရိယ အားစိုက်ပြီး
အာရုံတင်မှု ၊ အာရုံသုံးသပ်မှုအလုပ်တွေကို ယုံယုံကြည်ကြည်၊ဇွဲသန်သန်နဲ့ ဆက်လုပ်သွားရမှာပါ
။
ပီတိ ဆိုတာ - အဲလို အာရုံကို စူးစိုက်ကြည့်ရှုသုံးသပ်နေရတာကို
ပျော်မွေ့တဲ့သဘော ၊ သမာဓိလေးရလာလို့ ဒီ ပီတိ ဝင်လာပြီဆိုရင် ငြီးငွေ့ သွားတယ်လို့ မရှိတော့ဘူး
၊ မခံနိုင်တဲ့ ကာယိကဝေဒနာတွေကိုတောင် ခံနိုင်လာတယ် ။ ဖရဏာ ပီတိ ၊ ဂွမ်းဆီထိသကဲ့သို့
ဆိုတာ - ဂွမ်းလေးပေါ် ဆီတစက် တင်လိုက်ရင် ဂွမ်းစလေးတခွင်တပြင်လုံး စိမ့်ဝင်ပျံ့နှံ့သွား
သလို ပီတိ(ပဿဒိ)တွေ တဖွားဖွားဖြစ်နေတတ်ပါတယ် ။
သုခ ဆိုတာက - ချမ်းသာတဲ့ ၊ ကောင်းတဲ့သဘော
။ ဒီလို စူးစိုက်ရှုကြည့်ပျော်မွေ့နေတာကို အင်မတန်ကောင်းတယ် ၊ ချမ်းသာလိုက်တာလို့ ခံစားနေတဲ့သဘောပါ
။ ဘယ်လောက်ကောင်းသလဲဆိုတော့ ပီတိ ၊ ပဿဒိ အစွမ်းတွေကြောင့် ခန္ဓာကိုယ်တခုလုံးဟာ ပေါ့ပါး
၊ လွတ်လပ် ၊ လန်းဆန်းလို့ ထပျံတော့မတတ် ဖြစ်နေပါတယ် ။ (ဒါကြောင့် ဈာန်ပျံတယ် ဆိုတာ
ရှိတယ်လို့ ပြောတာပေါ့) ။ နိုင်ငံခြားပညာရှင်တွေ စမ်းသပ်ကြတာ အဲလို သမာဓိရပြီး ပီတိ
၊ သုခ တွေ ဖြစ်နေတဲ့ လူမှာ ခန္ဓာကိုယ်တွင်းက (အင်ဒိုဖင်း)ဆိုတဲ့ ဓါတ်တမျိုးထွက်လာတယ်
။ အဲဒီဓါတ်က ခန္ဓာကိုယ်ကို (သွေးလေမှန်အောင်) balance လုပ်ပေးလို့ ရောဂါတွေပါ ပျောက်သတဲ့
။
ဧကဂ္ဂတာ ဆိုတာ - ဈာန်ဖြစ်ရေးမှာ အရေးအကြီးဆုံးပါ
။ အာရုံတခုတည်းအပေါ်မှာ စူးစိုက်တည်ကြည်နေတယ် ။ တပါး သော အာရုံထံ ပျံ့လွင့်ခြင်းမရှိတော့ဘူး
။ တရားကိုယ်အားဖြင့် (သမာဓိ) တရားကိုယ် ပါ ။ ဗြဟ္မာပြည်ရောက်စေတဲ့ ကာမာဝစရဈာန်တွေ ၊
ရူပါဝစရ ၊ အရူပါဝစရ စတဲ့ဈာန်တွေဖြစ်ဖို့ ၊ ရဖို့ - အဲဒီ ဧကဂ္ဂတာအဆင့် မရောက်ရင် မရပါဘူး
။ ဧကဂ္ဂတာအဆင့်ရောက်ရင် အနားမှာတဝီဝီ၊တကျွီကျွီ မြည်နေတဲ့ ပန်ကာလည်သံမျိုးကိုတောင် လုံးဝမကြားရတော့ပါဘူး
။ ကမ္မဌာန်း ပြန်ထကာစအထိ ပန်ကာဟာ အသံတစက်မှမထွက်ပဲ လည်နေသလိုမြင်ရတယ် ။ အတော်ကြာမှ လည်သံ
ပြန်ကြားလာရတယ် ။ အပြင်က ဆူဆူညံညံအသံတွေကိုလဲ အဲဒီတော့မှ ပြန်ကြားလာရတော့တယ် ။
ဒီ ဈာန်တွေရချင်ရင်တော့ ဘာဝနာပွားများအားထုတ်မှ
ရပါတယ် ။ ဘာဝနာပွားတယ်ဆိုတာ အာရုံတခုကို ထပ်ပြန် တလဲလဲ ပွားများပြီး စူးစိုက်နေတဲ့သဘောပါပဲ
။ ဒီတော့ကာ - အာရုံ အမှား/အမှန် ၊ နှလုံးသွင်း အမှား/အမှန် ကို မူတည် ပြီး ကုသိုလ်ဘာဝနာ
နဲ့ အကုသိုလ်ဘာဝနာရယ်လို့ (၂)မျိုးကွဲသွားပါတယ် ။
ကုသိုလ် ဘာဝနာတွေကတော့ - (၁) သမထဘာဝနာ
- (အနုဿတိဆယ်ပါး အပါအဝင်) ကမ္မဌာန်းတရားတခုခုကို (တည်နေအောင်) စူးစိုက်ရှုပွားတဲ့ ကျင့်စဉ်
၊ (၂) သမထဝိပဿနာဘာဝနာ/ဝိပဿနာဘာဝနာ - တရားတို့ရဲ့ ဖြစ်ပျက်မှု အမှန် သဘောကို သိအောင်
ရှုပွား၊အားထုတ်တဲ့ကျင့်စဉ် တို့ပါပဲ ။
သမထဘာဝနာဟာ ကိလေသာတွေကို တဒင်္ဂငြိမ်းအေးစေခြင်းအစွမ်းကြောင့်
ဗြဟ္မာပြည်ရောက်တဲ့အထိ အကျိုးပေးနိုင် ပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းကိုတော့ လုပ်မပေးနိုင်ပါဘူး
။ တနည်းပြောရရင် သမထဘာဝနာ ကျင့်စဉ်မှာ ဝီရိယ ၊ သမာဓိ ၊ သတိ ၊ တရားတွေ ယှဉ်ပေမဲ့ ပညာ
မယှဉ်ပါဘူး ။ ဝိပဿနာဘာဝနာကျမှ ဝီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ အစုံယှဉ်လို့ နိဗ္ဗာန်ရောက်ကြောင်းမဂ်ဖြစ်ပါတယ်
။ ဒီနေရာမှာ သမထဖြစ်ဖြစ် ၊ ဝိပဿနာဖြစ်ဖြစ် (သဒ္ဓါ)ဆိုတဲ့ ယုံကြည်မှု မရှိရင်တော့ အောင်မြင်ပေါက်မြောက်နိုင်မှာ
မဟုတ်ပါဘူး ။
အကုသိုလ် ဘာဝနာကိုတော့ သိပ် အကျယ်မပြောတော့ပါဘူး
၊ အားလုံးလုပ်နေကြပဲလေ ။ ဒီသီချင်းလေးလိုပဲလို့သာ ပြောလိုက်ပါရစေ - ( တနေကုန် ထိုင်ပြီး
တစိမ့်စိမ့်ကြည့် - - - ) ၊ အဲ ကြည့်တော့ဘာဖြစ်လဲ (နဖူးကခြေဖျားထိအောင် - ဘာညာ) တဏှာတွေပွားများကုန်တော့
ဘာဈာန်ရသလဲ ။ ရတာပေါ့ ၊ အချစ်ဈာန်လေ ၊ ရာဂဈာန်လေ ။ အင်း - ဒီဈာန် နဲ့ သွားလို့ကတော့
နောင်ဘဝမပြောနဲ့ ဒီဘဝတောင် သေမဲ့သာကြံပေရော့ ၊ နွားလိုကုန်းရုန်းလုပ်ကျွေးဖို့သာကြံပေရော့လို့ပဲ
ပြောလိုက်ချင်ပါတယ် ။
ပစ္စုပ္ပန် ၊ သံသရာ အကျိုးကိုလိုလား၍ ကောင်းမြတ်ခြင်းတရား
တန်ဖိုးထားတဲ့ ချစ်စွာသောစာရှုသူ -
မိမိကိုယ်တိုင် ခန္ဓာကိုဥာဏ်စိုက် ပြန်ကြည့်လိုက်ပါလေ ။
အထူးထူးအပြားပြား ၊ တသိမ့်သိမ့်တငြိမ့်ငြိမ့် မြင်လာတဲ့ ဆန်းကြယ်တဲ့အရာတွေဟာ ဝိတက်၊ဝိစာရ
စတဲ့ အထူးစူးစိုက်တတ်တဲ့ ဈာနပစ္စယ အကြောင်းအထောက်အပံ့သာ ရှိ၏ ဟု မှတ်ထင်၊သိမြင်လိုက်ပါလျှင်
တန်ခိုးရှင်ဖန်ဆင်းသလိုလို ၊ နတ်ပူး၊စုန်းပူးသလိုလို တလွဲအမြင်တွေကင်းပ ၊ အတ္တ ဟူသော
သက္ကာယဒိဌိ ကွာကျမည်ဖြစ်ပါသည် ။ အတ္တဒိဌိ နှင့်အတူ ပြတ်တယ် ၊ မြဲတယ် ဟူသော အစွန်းရောက်
ဒိဌိ တွေလဲ ကွာကျလျက် ၊ ယုံမှားကင်းကွာ အမှန်မြင်လာပြီဆိုလျှင် တိဟိက် မှန်ပါက သာသနာသူရဲကောင်း
သောတာပန် အရိယာသူတော်ကောင်းဘ၀ကို ပစ္စုပ္ပန်ဆတ်ဆတ် ရတတ် နိုင်ပါကြောင်း ဈာနပစ္စယ အကြောင်းပြုကာ
ဓမ္မဒါနမျှဝေ လိုက်ရပါသည် ။
ဝီမံသာ
(၂၀-၈-၂၀၁၇)