ပုရိမာ ပုရိမာ ကုသလာ
ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေ၀န ပစ္စယေန ပစ္စယော ။
ပုရိမာ ပုရိမာ အကုသလာ
ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေ၀န ပစ္စယေန ပစ္စယော ။
ပုရိမာ ပုရိမာ ကြိယာဗျာကတာ
ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေ၀န ပစ္စယေန ပစ္စယော ။
အာသေ၀နပစ္စည်းဆိုတာ
အကြိမ်ကြိမ်ပွားအပ် ၊ ထုံအပ်သောအားဖြင့် ကျေးဇူးပြုတတ်သော သဘောပင် ဖြစ်ပါတယ် ။ နံ့သာအမွှေးကို
တကြိမ်ထုံမွှမ်းစဉ် မွှေးရနံ့သတ္တိနဲပါးသေးပေမဲ့ နှစ်ကြိမ် ၊ သုံးကြိမ် (၇)ကြိမ် - ဒီလို
အကြိမ်ကြိမ် ထုံအပ် ၊ ပွားအပ်တဲ့အခါ သူ့ရဲ့မွှေးရနံ့ဟာ ထင်ရှားပျံ့နှံ့ ကြိုင်လှိုင်ရသလို ပါပဲလို့ ရှေးဆရာတော်ကြီးများ ဥပမာပြု ခဲ့ကြပါတယ် ။ ကျောင်းသားတယောက် စာတပုဒ်ကို တခါကျက် ၊ ရေးတေးတေး
၊ နှစ်ခါဆို နဲနဲရသလို ၊ သုံးခါဆို အတော် ရပြီ ။လေး ငါး ခြောက်ခါ ၊ ခုနှစ်ခါဆို ဘယ်တော့မှ မမေ့တော့ဘူး
၊ ဦးနှောက်ထဲစွဲမြဲသွားတော့တယ်ဆိုတာ အာသေ၀န ပစ္စယ ရဲ့ အစွမ်းသတ္တိပါပဲ ။
မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးက ကုသိုလ်တရားတို့သည် ကုသိုလ်တရားတို့ကို၎င်း ၊ အကုသိုလ်တရား တို့သည်
အကုသိုလ်တရားတို့ကို၎င်း ၊ ကြိယာအဗျာကတ တရားတို့သည် ကြိယာ အဗျာကတ တရားတို့ကို၎င်း အကြိမ်ကြိမ် ပွားများ၊လေ့ကျက်၊ထုံမွှမ်းသော အားဖြင့် ကျေးဇူးပြုလျက် ရှိကြ ကုန်၏ဟု ကိုယ်တိုင်သိမြင်တော်မူပြီးနောက်
လောကကို သိမြင်စေခဲ့ပါတယ် ။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာဟာ ပိုင်းပိုင်းခြားခြား ရှင်းလင်းထားတဲ့တချက်ကို
သတိပြုမိပါတယ် ။ ဒါက တော့ ပုထုဇဉ်လူနတ်သတ္တ၀ါအားလုံး ၊ အနရိယာပုဂ္ဂိုလ်နဲ့ အရိယာ(၃)ဆင့်
အနာဂါမ်ထိအောင် ပုဂ္ဂိုလ်များမှာ ကုသိုလ် ၊ အကုသိုလ် အာသေ၀န ပစ္စည်းတပ်ကောင်းပေမဲ့ ကုသိုလ်၊အကုသိုလ်တရားတွေကို စွန့်ပယ်ပြီးဖြစ်တဲ့
ရဟန္တာ၊ပစ္စေကဗုဒ္ဓါနဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်တို့မှာတော့ ကြိယာအဗျာကတ စိတ်တို့သာ ပွားများ၊ထုံမွှမ်းလို့နေကြတယ်
ဆိုတာပါပဲ ။ အရပ်သုံး စကားနဲ့ နားလည်သလိုပြောရရင် ပုထုဇဉ် လူ၊နတ်၊သတ္တ၀ါတွေ မှာ ကောင်းစိတ်၊ မကောင်းစိတ် ဆိုတဲ့
အစွန်းထွက်စိတ် ကလေးတွေနဲ့ နေလေ့ရှိကြပေမဲ့
ဘုရား၊ရဟန္တာ အရိယာကြီးတွေမှာတော့ မြင်ရုံမျှ ၊ ကြားရုံမျှ ပုံမှန်စိတ်ကလေးနဲ့သာ နေသွားနိုင်ကြတယ်လို့ တွေးမိပါတယ် ။
ကျွန်တော်တို့လူများစုကြီးက
အစွန်းထွက်စိတ်ကလေးတွေနဲ့ ဘာလို့နေကြသလဲဆိုတော့
ဆင်းရဲခြင်းအစစ်အမှန် သဘောကိုမသိ ၊ လွတ်မြောက်ရာကိုမသိ
တဲ့အတွက်ကြောင့် ကောင်းစိတ်နဲ့လုပ် ၊ အကောင်းစွန်းဘ၀ရောက် ၊ ဆိုးစိတ်နဲ့ လုပ် ၊ အဆိုးစွန်းဘ၀ရောက်
ဒီလိုနဲ့ မဆုံးနိုင်တဲ့သံသရာ ကျင်လည်နေကြရတာ ဖြစ်ပါတယ် ။
ကုသလာ
- ကုသလာဓမ္မာ ၊ ကြည်ညိုလိုက်တာ ဆိုတဲ့စိတ်ကလေး ၊ လှုချင်တယ် လှုမယ် ဆိုတဲ့စိတ် ကလေး ၊ သနားပါတယ်
ဆိုတဲ့စိတ်ကလေး ၊ ပေးချင်တယ် ပေးမယ်ဆိုတဲ့စိတ်ကလေး ။ ကျွန်တော်တို့ အပေါ်ယံအသိပေါ်တက်လာ
တဲ့ ဒီလိုကုသိုလ်စိတ်ကလေး တခု၊တခု ဖြစ်လာဖို့ဆိုတာ စိတ်ပေါင်းများစွာ အဖန်တလဲလဲဖြစ်ဖြစ်ပြီးမှ
ဒီစိတ်ကိုသိတဲ့ အဆင့်ရောက်ရတာပါ ။လက်ဖြစ်တတွက်အတွင်းမှာ ကုဋေ တသိန်းခန့်ဖြစ်လိုက်ပျက်လိုက်နေတဲ့
စိတ်ကလေးတွေ ၊ စိတ်(၁၇)ခါဖြစ်တိုင်း တခါ တခါ ထထဖြစ်တဲ့ စိတ္တဇရုပ်ကလေးတွေ ၊ ဒီရုပ်နာမ်နှစ်ပါး
ဖြစ်လိုက်ပျက်လိုက်(ကုသိုလ်ရုပ် ၊ ကုသိုလ်စိတ်)နဲ့ အဖန်တလဲလဲ ပွားများ၊ထုံမွှမ်းပြီးတော့မှ
အပေါ်ယံအသိမှာ ကြည်ညိုစိတ်၊လှုချင်စိတ်တွေ ဖြစ်ခွင့်ရလာ တာပါ ။ ဒါ အာသေ၀နပစ္စယအကြောင်းမှတပါး
ငါ ရှာမရပြီလို့ သတိချပ်ခဲ့စေချင်ပါတယ် ။
အကုသလာ
- အကုသလာဓမ္မာ ၊ အလားတူပါပဲ ။ ကြိုက်တယ်၊လိုချင်တယ်ဆိုတဲ့စိတ်ကလေး ၊ မကြိုက်၊မလိုချင်
ဆိုတဲ့စိတ်ကလေး ၊ ချစ်တယ်၊မုန်းတယ်၊နာကျည်းတယ်၊ခံပြင်းတယ် ဆိုတဲ့ အကုသိုလ်စိတ်ကလေးတခုဖြစ်လာဖို့
မရေနိုင် လောက်အောင်များလှတဲ့ (အကုသိုလ်ရုပ်၊ အကုသိုလ် နာမ်)တွေ အဖန်တလဲလဲ ပွားထုံပြီးမှ
အပေါ်ယံအသိမှာ ကြိုက်စိတ်၊ မကြိုက်စိတ်စတာတွေဖြစ်လာရတာ အာသေ၀နပစ္စယအစွမ်းမျှသာဖြစ်ပါတယ်
။
ဘာ့ကြောင့်
ဒီစိတ်(ကုသိုလ်၊အကုသိုလ်)နှစ်ပါးကို အစွန်းထွက်တယ် ၊ အစွန်းရောက်တယ် ပြောရ ပါသလဲ ။ လူတွေကမသိတော့
ငါ ထင်တယ် ။ အဲဒီငါဝင်စွက်တော့ ကောင်းစွဲ၊မကောင်းစွဲ အစွဲတွေကြောင့် ဘ၀သစ်တဖန်ပြန်ရပြီး သံသရာလည်ကြောင်း အစွန်းထွက်တရားတွေ
ဖြစ်ကုန်ကြရလို့ပါ ။ တကယ်တော့ ဘ၀သစ်ဆိုတာ ကမ္မဘ၀ ပြုလုပ်မှု ကမ္မသတ္တိကြောင့် ၀ိပါကဘ၀ အကျိုးဝိပါက်ခန္ဓာလေး ဖြစ်ဖြစ် လာတာ ကိုပဲ ဘ၀သစ်လို့ ခေါ်အပ်ပါတယ် ။ ဒီကမ္မသတ္တိဟာ စိတ်ဝီထိအစဉ်(၁၇)ချက်ထဲက ဇောခုနှစ်ကြိမ် ထဲမှာ ပဲ
ကုသိုလ်၊အကုသိုလ် ၀င်စွက်လို့ ခုနှစ်ကြိမ်တိုင်တိုင်ပွားထုံလိုက်တဲ့ အာသေ၀န ပစ္စယ အကြောင်း အထောက်အပံ့ ရပြီး
သတ္တမမြောက်ကုသိုလ်ဇော၊အကုသိုလ်ဇောတွေက ကမ္မသတ္တိအစွမ်းနဲ့ ဆိုင်ရာ ကုသိုလ်စိတ်၊အကုသိုလ်စိတ်
၊ ကုသိုလ်ရုပ်၊အကုသိုလ်ရုပ် ဆိုတဲ့ နောက်ဘ၀အသစ် ၀ိပါက်ခန္ဓာတွေကို ပေး ကြတာဖြစ်ပါ တယ်
။ ဒါကြောင့် အကြိမ်ကြိမ်ဖြစ် ၊ အကြိမ်ကြိမ်ပျက်ရတဲ့ ခန္ဓာငါးပါး(ရုပ်၊နာမ်) တရားတွေ ရဲ့ ဖြစ်ရတဲ့ဒုက္ခ ၊ ဇာတိပိဒုက္ခာ ကိုမှ မြတ်စွာဘုရားရှင်နဲ့
အရိယာသူတော်စင်တို့သိတော်မူကြတဲ့ ဒုက္ခအရိယာသစ္စာ
လို့ နားလည်သွားစေ ချင်ပါတယ် ။ မွေး/သေ ဒုက္ခလောက်ကို သိနေရုံနဲ့တော့ ဆင်းရဲခြင်း အစစ်ကို
မမြင်နိုင်ကြလို့ သံသရာလွတ်မြောက်ရေးကို နဲနဲလေးမှ တွေးမိကြမှာမဟုတ်ပါဘူး ။
ကုသလံ၊အကုသလံ ဇဟံ လို့ ကုသိုလ်၊အကုသိုလ်တရားနှစ်ပါးစလုံးကို
ပယ်စွန့်တော်မူပြီးဖြစ်တဲ့ ဘုရား၊ရဟန္တာ အရိယာသူတော်စင်ကြီးတွေမှာတော့ ၀ိပါက်ကြိယာစိတ်ဆိုတဲ့
(ကုသိုလ်လဲမဟုတ်၊ အကုသိုလ်လဲမဟုတ်)တဲ့ အဗျာကတ စိတ် ၊ ပြုရုံမျှကြိယာစိတ်ကြီးသာ မပြတ်ထုံမွှမ်းနေတော့
ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တွေ(အစွန်းထွက်စိတ်)တွေ ဖြစ်ခွင့် မရှိတော့ပါဘူး ။
ဒါကြောင့်မို့ လက်ရှိအကျိုးခန္ဓာချုပ်ငြိမ်းတာနဲ့ ဘ၀အသစ်တဖန်ပြန်မဖြစ်တော့ပဲ
အပြီးတိုင် ချုပ်ငြိမ်းရာ သန္တိသုခမြတ်နိဗ္ဗာန်ကို ၀င်စံနိုင်ကြတာဖြစ်ပါတယ် ။ ဒီနေရာမှာသိစေချင်တာက
ဘုရား၊ရဟန္တာ အရိယာ သူတော်စင်ကြီး တွေ ပြောကြား၊ပြုလုပ်တော်မူကြတဲ့ ကောင်းသောစကား၊ကောင်းသောအမှုတို့ဟာ
အများ သူငါ သိထားတဲ့ ကုသိုလ်မျိုး မဟုတ်ပါဘူး ။ အများသိကုသိုလ်က (ပုညာဘိသင်္ခါရ)လို့ခေါ်တဲ့
ကာမာဝစရ ကုသိုလ် (လူ၊နတ်အကျိုးပေး)၊ ရူပါဝစရ ၊ အရူပါဝစရကုသိုလ် (ဗြဟ္မာအကျိုးပေး) စတဲ့
အကျိုးပေး မကင်းတဲ့ ကုသိုလ်တွေသာဖြစ်ပါတယ် ။ ဘုရား၊ရဟန္တာတို့ရဲ့ ကုသိုလ်ကတော့ ဘ၀သစ်ဖြစ်ခြင်းငှာ
အကျိုးမပေး နိုင်တော့သော မဟာကြိယာကုသိုလ် ကြီးသာဖြစ်ပါတယ်
။
အမှန်တရားကိုမြတ်နိုးသော
ချစ်စွာသောစာရှုသူ - မိမိခန္ဓာမှာ ဖြစ်ပျက်နေမှုအစုစုကို
ဉာဏ်ဖြင့် သေချာဆင်ခြင်သုံးသပ်ကြည့်ပါကုန်။ မိမိသန္တာန်မှာ ဖြစ်လာသမျှသော ကုသိုလ်၊အကုသိုလ် တရားတွေဟာ
ရှေ့က ဖြစ်ပြီးသော ကုသိုလ်၊အကုသိုလ်တရားတွေရဲ့ အဖန်တလဲလဲ ပွားများခြင်းဟူသော အာသေ၀နပစ္စယအလုပ်သာရှိပြီး
ငါ့အလုပ် ရယ်လို့ ဘယ်မှာမှ ရှာမရပါကလားဟု နားလည်သိရှိသွားပါလျှင် သက္ကာယဒိဋ္ဌိ(ငါစွဲ)ပျောက်နိုင်ပါသည်။
အာသေ၀နပစ္စယ ၏ အကြောင်းအထောက်အပံ့ကို ရွတ်ဖတ်ရုံမျှမက အဓိပ္ပါယ်သဘောတရားကို ဉာဏ်ဖြင့်ဆင်ခြင်
သုံးသပ်၍ သိလာရသော ကိုယ်ပိုင်အသိတရားတို့ကို သို့လောသို့လော တွေးတောယုံမှားခြင်းမရှိပဲ
ယုံကြည်သဒ္ဓါ ခိုင်မြဲစွာဖြင့် ဆင်ခြင်သုံးသပ်၊ ပွားများအားထုတ် သွားမည် ဆိုပါလျှင်
တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သံသရာပြတ်ကြောင်း မဂ္ဂင်အကျင့် ကောင်းကို ရရှိပိုင်နိုင်လျက်
ဖြစ် ဆင်းရဲ၊ ပျက် ဆင်းရဲတို့ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မျက်မှောက် ပြုနိုင်
ပါမည့်အကြောင်း သတင်းကောင်းပါး လိုက်ရပါသည် ။ ။
ဝီမံသာ (၁၃-၇-၂၀၁၄)