Monday, June 13, 2016

၁၁ ။ ပစ္ဆာဇာတပစ္စယ (နိဒ္ဒေသ)

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ  ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော ။


          နောက်မှဖြစ်လာမယ့် စိတ်၊စေတသိက်တရားတွေဟာ ရှေးဦးဖြစ်နှင့်ပြီးသားရုပ်တရားတွေကို ပစ္ဆာဇာတပစ္စယ အကြောင်းအထောက်အပံ့နဲ့ ကျေးဇူးပြုတတ်ပါသေးတယ် ။
          ပဉ္စဝေါကာရဘုံသား(လူ၊နတ်၊သတ္တ၀ါ)တွေမှာ အရူပ၀ိဉာတ်(၄)ပါးဖယ်လို့ ကျန်စိတ်(၈၅)ပါး ၊ ဆိုင်ရာစေတသိက် (၅၂)ပါးတို့ဟာ အနာဂါတ်မှာ မလွဲမသွေဖြစ်လာစရာရှိပါတယ် ။ အဲဒီဖြစ်လာမဲ့စိတ်၊စေတသိက်တရားတွေကို အကြောင်း ပြုလို့ ယခု ပစ္စုပ္ပန်မှာ ကမ္မဇရုပ် ၊ ဥတုဇရုပ် ၊ အာဟာရဓဇရုပ် ၊ စိတ္တဇရုပ် လို့ခေါ်တဲ့ ရုပ်တရားလေးပါးဟာ ဖြစ်ကြပျက်ကြ ရပါတယ် ။ ဒါဟာ ပစ္ဆာဇာတပစ္စယ အကြောင်းအထောက်အပံ့ပါပဲ ။
          ရှေးဆရာများက ဠင်းတငှက်ဥပမာနဲ့ အဓိပ္ပါယ်ဖွင့်ကြပါတယ် ။ ဠင်းတမိဘနှစ်ပါးဟာ ငှက်ပေါက်လေးတွေမွေးပြီး တာနဲ့ အသိုက်မှာထားခဲ့ပြီး အစာရှာထွက်သွားပါတယ် ။ ဠင်းတပေါက်ကလေးတွေမှာ ဆာလောင်နေပေမဲ့ သူတို့မိဘတွေ ပြန်လာရင်စားရမှာပဲ ဆိုတဲ့အသိနဲ့ မျှော်တလင့်လင့်ပေါ့ ။ အချိန်တန်ပြန်လာတော့ ဘာအစာမှပါမလာပါဘူး ။ ကဲ-ဒီနေ့ မပါသေး နောက်နေ့ပေါ့ ၊ဒီလိုနဲ့ဆက်မျှော် ၊ နောက်နေ့လဲမပါ ။ (တော်တော်ရက်စက်တဲ့ လဒမိဘတွေနော်) ကုန်ကုန်ပြော ရရင် သူတို့အစာရှာနိုင်တော့မှပဲ ဠင်းတငှက်ကလေးတွေခမျာ စားရပါတော့တယ် ။ အစာမစားရပဲ ဘာလို့အသက်ရှင်နိုင် သလဲဆိုတော့ (အဖေအမေပြန်လာရင်စားရမယ်)ဆိုတဲ့မျှော်လင့်ချက် ၊ (တကယ်မစားရပါပဲနဲ့နောက်တော့စားရမှာပေါ့) ဆိုတဲ့အသိက ပစ္ဆာဇာတပစ္စယသတ္တိနဲ့ အထောက်အပံ့ပြုထားလို့သာ အသက်ရှင်နေနိုင်တာပါ တဲ့ ။
          ကဲ - ကျနော်တို့ လူတွေမျှော်လင့်တယ်ဆိုတာ လဒလေးတွေ ဘယ်မှီမလဲနော် ။ သူတို့ခမျာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာ ။ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီး ကြည်ညိုဖို့ကောင်းလိုက်တာ ၊ ပစ္ဆာဇာတ ပစ္စယ ပုဒ်ကလေး ကျဉ်းကျဉ်းလေးနဲ့ အနက်အဓိပ္ပါယ် ကျယ်ဝန်းလိုက်တာ ၊ တလောကလုံးကို ခြုံငုံမိအောင်ပါပဲ ။ ( မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ် ) ဆိုတာ ၊ အံ့သြဖို့ကောင်းလိုက်တာနော် ။
          ခု ကျနော်တို့ လူတွေ လုပ်ကိုင်၊ကြံစည်၊ပြောဆို၊ပြုမူ၊ကြိုးစားအားထုတ်နေသမျှဟာ အနာဂါတ်အတွက်ပဲ မဟုတ် လားခင်ဗျာ ။ အိမ်ရှင်မဟာ နေ့လည်ထမင်းစားဖို့အတွက် မနက်ကတည်းက တကုပ်ကုပ်နဲ့ ထမင်းချက်တယ်၊(ချက်တဲ့ အချိန် စားသေးတာမဟုတ်) ။ ကျောင်းသားဟာ နောက်နေ့စာမေးပွဲဖြေဖို့အတွက် ဒီနေ့ကတည်းက စာကျက်တယ်၊ (ကျက်တဲ့အချိန် ဖြေရသေးတာမဟုတ်) ။ အလုပ်သမားဟာ နေကုန်ရင်ပိုက်ဆံရဖို့အတွက် မနက်ကတည်းက ခါးချိ အောင် အလုပ်လုပ်တယ် ။ (လုပ်နေချိန် ပိုက်ဆံရတာမဟုတ်)။ အလှုရှင်တွေဟာ လာမဲ့သံသရာဘ၀ခရီးလမ်းတလျောက် ချမ်းချမ်းသာသာနေရအောင်လို့ ဒါနကုသိုလ်တွေပြုကြတယ် ။ (လှုနေချိန်ချမ်းသာလာတာမဟုတ်) ။ နောက်ဆုံး ကုန်ကုန် ပြောရရင် ခုစက္ကန့်မှာ အသက်ရှုလိုက်တာဟာ နောက်စက္ကန့်အသက်ရှင်ဖို့ပဲမဟုတ်လားဗျာ ။
          တချို့လူတွေပြောကြတယ် ။ ငါ့အနာဂါတ် မှောင်မိုက်နေတယ် တဲ့ ။ မျှော်လင့်ချက်မဲ့တဲ့ဘ၀မှာ ရှင်သန်ခြင်းဟာ အလကားပါပဲတဲ့ ။ ဟုတ်ပါတယ် ။ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ ၊ မျှော်လင့်စရာဘာမှမရှိ ၊ ဘာဖြစ်လာမယ်မှန်းမသိ ဆို တဲ့ အခြေအနေမျိုးမှာ လူတွေဟာ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး ၊ အိပ်ပဲနေချင်တော့တယ် ၊ အသက်တောင် မရှင်ချင်တော့ဘူး ဆိုတာဟာ နောင်ဖြစ်လာမဲ့ အားကောင်းတဲ့စိတ်စေတသိက်တရားတွေရဲ့ အကြောင်းအထောက်အပံ့ ကို မရလို့ လက်ရှိရုပ်တရားတွေ အားနဲချိနဲ့ ကုန်ကြတာပါပဲ ။
          ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရဲ့ ပုံပြင်လေးတပုဒ် စိတ်ထဲစွဲနေတယ် ။ ခွေးနက်ကြီးနှစ်ကောင် အလိုက်ခံရလို့ ထွက်ပြေးလာတဲ့ လူဟာ ရေတွင်းပျက်ကြီးထဲပြုတ်ကျသွားတယ် ၊ ရေတွင်းဘောင်မှာပေါက်နေတဲ့ နွယ်ပင် လေးကို သွေးရူးသွေးတမ်းဖမ်းဆုပ်ရင်း အလယ်ခေါင်မှာတွဲလွဲခိုလို့ ၊ အောက်မှာ ရေတွင်းအပြည့်လောက်ကြီးတဲ့ ပင့်ကူ ကြီးက ပြုတ်ကျလာရင် စားဖို့စောင့်နေ ၊ ဒီကြားထဲ ဧရာမကြွက်ကြီးတကောင်က သူခိုထားတဲ့နွယ်ပင်နွယ်ကြိုးလေးကို တရိရိပြတ်အောင် ကိုက်ဖြတ်နေပြန်တယ် ၊ ဒီလောက်အသည်းထိတ်စရာကောင်းပြီး အန္တရာယ်ကြားထဲကပဲ ဒီလူဟာ နွယ်ပင်အဖျားမှာ တင်နေတဲ့ ပျားရည်လေးတစက်ကိုမြင်တော့ အငမ်းမရ လျှာနဲ့လျက်လိုက်ပါသေးတယ် တဲ့ ။ ဒါဟာ လူ့ဘ၀ပါပဲ ။ ဘယ်လောက်မှောင်မိုက်နေပါစေ၊ဘယ်လောက်အန္တရာယ်တွေကြားထဲရောက်နေပါစေ ၊ အချိန်ရဲ့ တရိရိ ကိုက်စားခြင်းကိုခံရပြီး ဘယ်လောက်ပဲ သေမင်းခံတွင်းဝ ရောက်နေပါစေ ။ လူဟာ နောက်စက္ကန့်လေး အသက်ရှင်ခွင့်
ဆိုတဲ့ ဘ၀တဏှာ၊အလိုဆန္ဒ၊မျှော်လင့်ချက်ပျားရည်လေးတစက်ကို အငမ်းမရလျက်ရင်း ရုန်းကန်၊အားထုတ်၊ပျော်ရွှင် နေနိုင်ကြတာ ဖြစ်လာမဲ့စိတ်စေတသိက်တရားတွေက လက်ရှိရုပ်တရားကို ကျေးဇူးပြုလိုက်တဲ့ ပစ္ဆာဇာတပစ္စယသတ္တိပါပဲ။
          ပစ္ဆာဇာတ ပစ္စည်းကို ဆင်ခြင်သုံးသပ်ရင်း ဘုရားရှင်ရဲ့အဆုံးအမတခုဖြစ်တဲ့ ( ယောနိသောမနသိကာရ ) အသင့် အတင့် နှလုံးသွင်းပါ (တနည်း) အကောင်းမြင်စိတ်ကိုမွေးပါ ဆိုတာကို ပိုလို့ယုံကြည်လိုက်နာမိလာပါတယ် ။ အကောင်း မြင်စိတ်ရှိသူဟာ အပြုသဘောဆောင်တဲ့မျှော်လင့်ချက်တွေ တောက်ပနေတတ်တယ် ။ အနာဂါတ်မှာ ဖြစ်လာစရာရှိတဲ့ စိတ်ဓါတ်တွေဟာလဲ ကောင်းမွန်၊ခိုင်မာ၊အားကောင်းနေတော့ ပစ္စုပ္ပန်အပြုအမူ ၊ အားထုတ်မှုတွေဟာလဲ ကြည်လင် ၊ တက်ကြွလို့ ကောင်းတဲ့ဘ၀တွေကိုပဲ ဖြစ်စေတော့မှာပါ ။ လူ့လောက ကောင်းကျိုးဆောင်သွားခဲ့ကြတဲ့ မြတ်ဗုဒ္ဓ ၊ သခင် ယေရှု ၊ ဗိုလ်ချုပ်အောင်ဆန်း ၊ မဟတ္တမဂန္ဓီ ၊ အိုင်စတိုင်း ၊ အယ်ဒီဆင် - - - စတဲ့ နယ်ပယ်စုံက ပုဂ္ဂိုလ်ကြီးတွေဟာ ဒီ အကောင်းမြင်စိတ် ရှိတဲ့သူတွေပဲဆိုတာ သိနိုင်ပါတယ် ။
                              အမှန်တရားကိုမြတ်နိုးသော ချစ်စွာသောစာရှုသူ -   မိမိခန္ဓာမှာ ဖြစ်ပျက်နေမှုအစုစုကို ဉာဏ် ဖြင့် သေချာဆင်ခြင်သုံးသပ်ကြည့်ပါကုန်။ ပစ္စုပ္ပန်ရုပ်တရားတွေဟာ အနာဂါတ်မှာဖြစ်လာစရာရှိတဲ့ စိတ်စေတသိက် တရားတွေရဲ့ ပစ္ဆာဇာတပစ္စည်း  အကြောင်းအထောက်အပံ့ကြောင့်သာ  ဖြစ်ပျက်လေ့ရှိကြပါတယ် ။ ငါ့ရုပ် ၊ ငါ့အလုပ် ရယ်လို့ ဘယ်မှာမှ ရှာမရပါကလားဟု နားလည်သိရှိသွားပါလျှင် သက္ကာယဒိဋ္ဌိ(ငါစွဲ)ပျောက်နိုင်ပါသည်။ ပစ္ဆာဇာတပစ္စယ ၏ အကြောင်းအထောက်အပံ့ကို ရွတ်ဖတ်ရုံမျှမက အဓိပ္ပါယ်သဘောတရားကို ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်၍ သိလာရသော ကိုယ်ပိုင်အသိတရားတို့ကို သို့လောသို့လော တွေးတောယုံမှားခြင်းမရှိပဲ ယုံကြည်သဒ္ဓါခိုင်မြဲစွာဖြင့် ဆင်ခြင်သုံးသပ်၊ ပွားများအားထုတ် သွားမည် ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သံသရာပြတ်ကြောင်း မဂ္ဂင်အကျင့် ကောင်းကို ရရှိပိုင်နိုင်လျက် ဖြစ် ဆင်းရဲ၊ ပျက် ဆင်းရဲတို့ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မျက်မှောက် ပြုနိုင် ပါမည့်အကြောင်း သတင်းကောင်းပါး လိုက်ရပါသည် ။          ။     

                                                                               ဝီမံသာ
  (၂၀-၃-၂၀၁၄)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည် ။   (စာရေးသူ)



Tuesday, June 7, 2016

ဘုရားကို စော်ကားမိသလို ဖြစ်လိမ့်မယ်

ဒီစာကို (အထူးသဖြင့်) ဗုဒ္ဓဘာသာဝင်မှန်ရင် သေချာဖတ်စေချင်ပါတယ် ။ အသီးသီးရဲ့ သံသရာ ဘေးကို စိုးရိမ်လို့ ရေးလိုက်ရခြင်းဖြစ်ပါတယ် ။

ဗုဒ္ဓဘာသာဝင်မှန်ရင် မိရိုးဖလာဘာသာဝင်ဖြစ်ဖြစ် ၊ ကလျာဏအနွယ်ဝင်ဖြစ်ဖြစ် ဘုရားကိုတော့ ရိုသေရကောင်းမှန်း သိမှာပါ ။ ဒါပေမဲ့ နိုင်ငံရေး လိုအင်လောဘတချို့နဲ့ ဝါဒမှိုင်းတိုက်သူတွေ ကြောင့် (မဘသ) သံဃာအဖွဲ့အစည်းကြီးကို စော်ကားတိုက်ခိုက်နေကြသူတွေ သိပ်ကြောက်ဖို့ကောင်းတဲ့သံသရာဘေးကြီးက စောင့်နေလို့ ဒီစာကိုရေးရတာပါ ။

ဒါလေး သေချာမှတ်ထားပါ - ( မဘသကို စော်ကားရင် ဘုရားကိုစော်ကားမိသလို ဖြစ်လိမ့် မယ် ) ။ ဒီထက် ထပ်ပြောရရင် မဘသ ကို ဝစီကံနဲ့ စော်ကားနေသူတွေဟာ ဘုရားပုံတော်တွေကို ခြေနဲ့တက်နင်းနေတဲ့ ၊ ဘုရားဆင်းတုတော်တွေကို မိန်းမကိုယ် ၊ ယောက်ျားကိုယ်နဲ့ ပွတ်ပြီး၊ခွပြီး မဖွယ်မရာလုပ်ပြနေတဲ့ ၊ ဘာသာပျက်/ဘာသာခြားတို့ရဲ့ လုပ်ရပ်ထက် ပိုအပြစ်ကြီးပါတယ် ။ ဘာကြောင့်လဲဆိုတော့ မဘသအဖွဲ့ကြီးမှာ (သုတဗုဒ္ဓ) တွေ ပါနေလို့ပါပဲ ။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန်က စရှင်းပါ့မယ် ။ မြတ်စွာဘုရားရှင်ဟာ အာယုသင်္ခါရလွှတ်ပြီး မလ္လာမင်းတို့ရဲ့ ဥယျာဉ်တော်မှာ နောက်ဆုံးအကြိမ်တရားဟောခြင်းအဖြစ် အရှင်အနုရုဒ္ဓါ ၊ အရှင်အာနန္ဒာ စတဲ့ သာဝကကြီးတွေနဲ့ ရဟန်း အပေါင်းကို အမှာစကားဟောကြားတော်မူပါတယ် ။ (ဟန္တဒါနိဘိက္ခဝေ၊အာမန္တရာမိဝေါ ၊ ဝယဓမ္မာသင်္ခါရာ၊အပ္ပမာဒေန သမ္မာဒေဌ တိ) ဆိုတဲ့ နောက်ဆုံးစကားကိုတော့ အများသိပြီးဖြစ်မှာပါ ။ အဲဒီရှေ့ ၊ အဲဒီနောက်ဆုံးစကားမပြောမီ တပည့် သာဝကတွေကို သာသနာတော်အတွက် အမှာစကား ပါးခဲ့တာက -
(ချစ်သားတို့ - မစိုးရိမ်ကြလင့် ၊ ငါဘုရားပရိနိဗ္ဗာန်ပြုသွားပေမဲ့ ဘုရားမရှိတော့ဟု မမှတ်ယူကြကုန်လင့် ၊ ငါဘုရားမရှိလို့ ဘုရားအဆုံးအမတွေ မရှိတော့ဟု မမှတ်ယူကြကုန်လင့် ။ (၄၅)ဝါတို့ပတ်လုံး ငါဘုရားဟောကြားတော်မူခဲ့သော တရား အစုစုတို့ကို ဘုရားရှင်ကိုယ်စား ထားရစ်ခဲ့ပြီးဖြစ်သည် ။ ထိုတရားအစု (ဓမ္မ) သည်ပင် ငါဘုရားအဖြစ် အသင်တို့အား အဆုံးအမကို ပေးလတ္တံ့) ဒါ ပထမဦးဆုံးစေတီဖြစ်တဲ့ ဓမ္မစေတီကို ညွှန်ပြခဲ့တာပါပဲ (၁) ။                               
တဖန် - တရားတော်နှင့် မနီးစပ် ၊ မယဉ်ပါး ၊ ဥာဏ်ပညာနုံ့နဲကြသူတို့အား အပါယ်ဘေးမှထုတ်ဆောင်ခါ လောကီကုသိုလ် တရား ပွားများလျက် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်စေခြင်းငှါ (၂) ငါဘုရား၏ ဓါတ်တော် ၊ မွေတော် ၊ ဆံတော် ၊ စွယ်တော် စသည့် သရီရဓါတ်အစုစု တို့ကို မြှုပ်နှံလျက်တည်ထားသော ဓါတုစေတီ ၊ (၃) ငါဘုရားပုံတော် ကိုယ်ပွား ရုပ်ထုတော် ၊ ပုံတော်ပန်းချီကား ၊ အထိမ်းအမှတ် အုတ်ပုံစေတီ၊သဲပုံစေတီ စသည့် ဥဒ္ဒိဿစေတီ ၊ (၄) ငါဘုရားရှင် မှီဝဲသုံးဆောင်ရာ ပစ္စည်းလေးပါးနှင့် သဗ္ဗညုတဥာဏ်တော်ရကြောင်း အမှီပြုရာ မဟာဗောဓိညောင်ပင် အစရှိသည့် ပရိဘောဂစေတီ ဟူ၍ ကိုးကွယ်ရာ ၊ အားထားရာ စေတီ(၄)မျိုး - ဓမ္မစေတီ ၊ ဓါတုစေတီ ၊ ဥဒ္ဒိသစေတီ ၊ ပရိဘောဂစေတီ တို့ကို အစဉ်လိုက် ပြဌာန်းခဲ့ပါတယ် ။ ဓမ္မစေတီ ဆိုတာ ဘုရားဟောသမျှတရားအားလုံးကို သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာလို့ တူရာစုပေါင်း ထားတဲ့ ပိဋကတ်သုံးပုံပါပဲ ။
ဒါကြောင့်မို့ ဓမ္မစေတီထိုက်တဲ့ ပိဋကတ်သုံးပုံဟာ ရွှေတိဂုံလို ဆံတော်ရှင်၊စွယ်တော်ရှင် ဓါတုစေတီတော်ကြီးတွေထက် ပိုပြီးဘုရားအရာထိုက်လို့ ပိုပြီးမြတ်ပါတယ် ။ ဥဒ္ဒိဿစေတီ ရုပ်ပွားတော်၊ဆင်းတုတော်တွေထက် ပိုပိုပြီးမြတ်ပါတယ် ။

ဂေါတမဗုဒ္ဓမြတ်စွာဘုရား သာသနာတော်မှာ ပထမဆုံး ပိဋကတ်သုံးပုံ အာဂုံဆောင်သူဟာ အရှင်အာနန္ဒာ မထေရ်မြတ် ကြီးပါ ပဲ ။ ထိုစဉ်က ပိဋကတ်သုံးပုံရယ်လို့ မစုစည်းရသေးခင်မှာ ဘုရားရှင်ဟောသမျှ တရားအားလုံးကို သိရှိခွင့်ရတာ ရှင်အာနန္ဒာပဲ ဖြစ်ပါတယ် ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဘုရားမရှိတော့ရင် ငါဘုရားကိုယ်စား တရားတော် အားလုံးကို အကုန်အစင်အာဂုံဆောင်နိုင်တဲ့ အာနန္ဒာဟာ ဗဟုသုတ ၊ အကြားအမြင်အားဖြင့် သမုတ်အပ်သော ငါဘုရား ကိုယ်ပွား (သုတဗုဒ္ဓ)ပင် ဖြစ်ပေတယ် လို့ ချီးကျူးတော်မူခဲ့ပါတယ် ။ ဒီစကားကိုထောက်ရင် ပိဋကတ်သုံးပုံ အာဂုံဆောင် နိုင်သော တိပိဋကဆရာတော်ကြီးတွေဟာ (သုတဗုဒ္ဓ)တွေ ဖြစ်တယ်ဆိုတာ ထင်ရှားသိသာနိုင်ပါပြီ ။

ဒီကနေ့ မြန်မာနိုင်ငံမှာ သာသနာတော်ကြီးဟာ မိစ္ဆာဒိဌိတွေရဲ့ အန္တရာယ်နဲ့ကြုံနေရလို့ ထေရ်ကြီး၊ဝါကြီး သံဃာတော် မထေရ်မြတ်ကြီးတွေဟာ ဘုရားသာသနာကို ဘုရားသားတော် ငါတို့သံဃာတွေက ဦးဆောင်ကာကွယ်မှ ဖြစ်တော့မယ် ဆိုပြီး အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီး (မဘသ)ကို ဖွဲ့စည်းခဲ့ပါတယ် ။ နိုင်ငံရေးသွေးခွဲသူ တွေက မဘသဟာ (မဟန) သံဃာ့မဟာနာယကအဖွဲ့ကို စင်ပြိုင်ထောင်တယ် ၊ သိန်းစိန်လက်ကိုင်ဒုတ် လို့ ယုတ်မာစွာ လုပ်ကြံသွေးထိုးခဲ့လို့ ဒီမိုကရေစီ လိုလားတဲ့ ဗုဒ္ဓဘာသာဝင်လေးတွေခမျာ သံသရာနွံနစ်စေမဲ့ စော်ကားမှုကြီးတွေ လုပ်မိ လျက်သားဖြစ်ခဲ့ရပါတယ် ။ တကယ့် အဖြစ်မှန်မှာတော့ -
မဘသဗဟို ဥက္ကဌဆရာတော်ကြီး (ရွာမဆရာတော်ကြီး) ကိုယ်တိုင်က ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်   ကြီးတပါး ဖြစ်ပါတယ် ။ ဒုတိယဥက္ကဌ(၁) သီတဂူဆရာတော်ကြီးဟာ ဗဟိုသံဃာ့မဟာနာယကအဖွဲ့ကြီးရဲ့ တာဝန်ပေးချက်အရ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ တာဝန်ကိုယူရင်း ၊ သီတဂူဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ ကမ္ဘာ့ ဗုဒ္ဓဘာသာ သာသနာပြု ဆရာတော်ကြီးတပါးဖြစ်ပါတယ် ။ (သုတဗုဒ္ဓ)လို့ သမုတ်အပ်တဲ့ ပိဋကတ်သုံးပုံအာဂုံဆောင် လက်ရှိ တိပိဋကဆရာတော် (၉)ပါးစလုံးဟာ မဘသ ဦးဆောင်ဆရာတော်ကြီးတွေအဖြစ် စတင်ဖွဲ့စည်းကတည်းက ပါဝင်ခဲ့ကြတာပါ ။ ဓါတ်ပုံတောင် အရိုက်မခံတဲ့ ဘယ်အဖွဲ့အစည်းမှ ပါဝင်လေ့မရှိတဲ့ တိပိဋကဓရ ယောဆရာတော်ကြီးကတောင် ( ဒါကလုပ်ရမဲ့ဟာ ) ဆို ပြီး လက်မှတ်ရေးထိုး ပါ ဝင်လာခဲ့တာဖြစ်ပါတယ် ။

မဘသ ကိုစော်ကားရင်းနဲ့ သံဃာကိုပါ စော်ကားမိလာတယ် ။ တပါးထဲဆို ရဟန်း(ပုဂ္ဂိုလ်) ၊ နှစ်ပါး သုံးပါး အစုဆို သံဃာ ထိုက်ပါပြီ ။ တချို့တောနယ်တွေမှာ အခြေအနေအရ သိမ်သမုတ်ဖို့ခက်ရင် နှစ်ပါးရအောင်ရှာပြီး သိမ်သမုတ်ကြပါတယ် ။ ဝိနည်းတော်အရ သိမ်သမုတ် ၊ ရဟန်းခံ ကမ္မဝါညှပ်ရာမှာ (၃)ပါး ၊ (၅)ပါး သတ်မှတ်ထားပေမဲ့ ခက်ခဲရှားပါးတဲ့အချိန်မှာ တပါးအထက်သံဃာဖြင့်ပြုနိုင်သည်ဟု  ခွင့်ပြုထားလို့ ရဟန်း(၂)ပါးစု ဟာလဲ သံဃာပါပဲ ။ သံဃာဟာ တရားတော်တွေ (ဓမ္မ)ကို ဆောင်ရလို့ ဓမ္မစေတီထိုက်ပါတယ် ။ ရွှေတိဂုံထက် မြတ်ပါတယ် ။ (ရွှေတိဂုံကိုဦးခိုက်ပြီး မဘသကိုဆဲနေသူတွေ သတိပြုမိ ဖို့ပြောတာပါ ။) ကုန်ကုန်ပြောပါမယ် ၊ ဒီမိုတွေအမုန်းဆုံး ဆရာတော်ဦးဝီရသူကို ဆဲတာဟာ (ကန်တော့ပါရဲ့) ရွှေတိဂုံကို မိန်းမကိုယ်နဲ့ တက်ပွတ်တာထက် အပြစ်ကြီးပါတယ် ။ ဘာ့ကြောင့်လဲဆိုတော့ ဆရာတော်ဟာ အဘိဝံသ ဘွဲ့တော်ရ ၊ စာချဆရာတော် ၊ မစိုးရိမ်စာသင်တိုက်ကြီးရဲ့ ပဓါနနာယကဆရာတော်တပါးအဖြစ် တရားဓမ္မကို ဆောင်ယူ ၊ သင်ကြားနေသူဖြစ်လို့ တပါးထဲတောင် ဓမ္မစေတီထိုက်နေပါပြီ ။ (ဒီမိုတွေ မယုံလို့ဆက်လုပ်နေရင် ငရဲကျမှ နောင်တတွေ နောက်ကျမှာစိုးလို့ပါ)

မနေ့ကဖတ်လိုက်ရတယ် ၊ ဒေါ်စုအနားက ကွန်ပြူတာ(၂)ဘွဲ့ရကောင်မလေး မဖွယ်မရာပုံတင်ပြီး သံဃာကိုစော်ကား နေလိုက်တာ ။ သူ့စာကို ရှယ်(၃၀၀၀)ကျော်အောင် အကုသိုလ်ပွားလိုက်ကြ ။ ကိုယ်တိုင်အကုသိုလ်လုပ်လို့ အားမရ ၊ သူတပါးပါ အကုသိုလ်မျှဝေသူလောက် ယုတ်ညံ့တာ လောကမှာမရှိတော့ပါဘူး ။ သူ့စာထဲက နောက်ဆုံးစကားလေး (ကျမကဗုဒ္ဓဘာသာဝင်ပေမဲ့ သင်္ကန်းကို ကိုးကွယ်နေသူမဟုတ်ဘူး)တဲ့ ။ ဆဒ္ဒန်ဆင်မင်းဝတ္ထုကိုဖတ်ဖူးပုံမရတဲ့ ဗုဒ္ဓဘာသာ အမည်ခံတဲ့ သူ့စိတ်ဓါတ်အဆင့်အတန်းကတော့ (ရှက်ဖွယ်လိလိ) တိရိစ္ဆာန်လောက်မှ မရှိဘူးဖြစ်နေတာ မှိုင်းတိုက်ခြင်းရဲ့ အကျိုးဆက် ၊ ဝမ်းနဲဖွယ်ရာအဖြစ် သံသရာငရဲသားလေးတွေကို သနားမိပါတယ် ။
ဒီမိုလေးတွေကို နောက်ဆုံးမှာကြားချင်ပါတယ် ။  ဒေါ်စုကို ကြည်ညိုချင်ကြည်ညိုပါ ။ ကိုးကွယ်ရလောက်အောင်အထိ ဆရာတင်မှားရင်တော့ ဒေဝဒတ်ကိုဆရာတင်မှားတဲ့ အဇာတသတ်ကလေးတွေဖြစ်ပြီး ပဉ္စာနန္တိယ ကံကြီးတွေထိုက်မှ အမေ မကယ်နိုင် ဖြစ်ကုန်ကြမှာစိုးလို့ ဒီနောက်ဆုံးစကား သေချာမှတ်သွားကြပါလေ ။ - - -

( သုတဗုဒ္ဓ တွေ ပါဝင်နေတဲ့ မဘသ ကို စော်ကားရင် ဗုဒ္ဓမြတ်စွာဘုရား ကို စော်ကားမိသလို ဖြစ်       လိမ့်မယ် )

                             ( ဝီမံသာ )


Monday, June 6, 2016

မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင် တရားတော် အပိုင်း - ၁ (ဃ)

ကျောက်သင်္ဘောဆရာတော်ကြီး၏
မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင် တရားတော်
အပိုင်း - ၁ (ဃ)
ဖြစ်ဖို့ရာတွေက အကြောင်းကူမှဖြစ်ရလေတော့ တနည်းနည်းနဲ့ပေါ့ ၊ ကံ၊စိတ်၊ဥတု၊အာဟာရရယ် ၊ အ၀ိဇ္ဇာ၊တဏှာ၊ ဥပါဒါန်ရယ် အများကြီးပဲ ။ အကြောင်းတွေဆိုတာက အများကြီးပဲ ။ ဒေသနာနည်းနဲ့ပြောမယ်ဆိုရင်တော့ ဆုံးနိုင်မှာ မဟုတ်ဘူး ။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ အကြောင်းက(၁၂)ပါး ၊ ပဌာန်းဒေသနာတော်မှာ နည်းအားဖြင့်(၂၄)နည်း ရှိတယ် ။ အဲဒါကြောင့် တရားဆိုတာ သူ့ဟာသူကတော့ မဖြစ်နိုင်ပါဘူး ။ သူ့ဟာသူကတော့ အဗျာပါရတရားမို့ သုန်း နေပါတယ် ၊ ဆိတ်နေပါတယ် ၊ ကုန်နေပါတယ် ၊ ခန်းနေပါတယ် ။ အားထုတ်မှုက ဗျာပါရတရားပါ ။ နဂိုကတော့ သူ့ အလိုလိုကတော့ သူ့အတိုင်းတိုင်းကတော့ အဗျာပါရတရားပါ ။ ဖြစ်ခြင်းကိုမစွမ်းနိုင်လို့ အဖြစ်တွေမှ -    သုန်းနေရပါတယ် ၊ ဆိတ်နေရပါတယ် ၊    ကုန်နေရပါတယ် ၊ ခန်းနေရပါတယ် ၊   ငြိမ်းနေရပါတယ် ၊ ချုပ်နေရပါတယ် ။ အဲဒီ ချုပ်နေတာသိတာ ၀ိပဿနာဥာဏ်ခေါ်တယ် ။ ၀ိပဿနာဥာဏ်က ဒီလို ဖြစ်နေတာတွေမရှိဘူး ။ ချုပ်နေတာ သာလျှင် ရှိပါကလားလို့သိတယ် ။ စာကလဲ - ( သမုဒယော နတ္ထိ ၊ နိရောဓေါ အတ္ထိ ) တဲ့ ။                           သမုဒယော - ဖြစ်ပေါ်နေခြင်းသည် ၊ နတ္ထိ - မရှိ ။ နိရောဓေါ - မဖြစ်ပေါ်ပဲ ချုပ်ငြိမ်း၍နေခြင်းသည် ၊ အတ္ထိ - ထင်ရှားရှိ၏ ။ ကဲ့သို့ ဟောခဲ့ပါတယ် ။ လိုသိတဲ့ဥာဏ်ကို ၀ိပဿနာဥာဏ်လို့ခေါ်တယ် ။ ဖြစ်နေကျစိတ်တွေ ၊ ဖြစ်နေကျခန္ဓာတွေ မိမိတို့ရဲ့မနောမှာကြည့် ၊ တရားဆိုတာ အခြား လှမ်းလှမ်းမကြည့်ရဘူး ။မိမိတို့ရဲ့ခန္ဓာမှာ နောက်တုန်းကဖြစ်နေကျစိတ် ဖြစ်ပေါ်နေပြီးသားမရှိဘူး ။ ဖြစ်ပေါ်နေပြီးသားမရှိပါကလား ၊ သူ့အလိုလိုချုပ်နေမှုသာလျှင် ရှိပါကလားလို့ သိတဲ့ဥာဏ် ဖြစ်ရမယ် ။
သူ့အလိုလိုချုပ်နေတော့ ချုပ်ရာကြီးရှိတယ်ပေါ့ ။ ချုပ်နေတာသိ၍ ချုပ်ရာကိုမြင်ပါ ။ အဲဒီ ချုပ်ရာဟာ နိဗ္ဗာန်ပဲ ။ ချုပ်တာ သိတာ - ဝိပဿနာဥာဏ် ၊ ချုပ်ရာသိတာ - မဂ်ဥာဏ်ပဲ ။ အဲဒီလိုချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မြင်တဲ့ဥာဏ် ဖြစ်ပလားဆိုမှဖြင့် အဝိဇ္ဇာ အစရှိသည်တို့ကလဲ ချုပ်ပါလေရော ။ ( အဝိဇ္ဇာယတွေဝ ၊ အသေသဝိရာဂနိရောဓါ ၊ သင်္ခါရနိရောဓေါ ) ဆိုတာ အဲဒီလို ချုပ်သွားပုံ ၊ ချုပ်လိုင်းကြီးကိုဟောတာ ။ ဒီလိုသိကြရမယ် ။ အဲဒီလိုသိရင်ဖြင့် မကျန်ပါဘူး ၊ ကုန်ရော ။ ဒီလိုမြင်ပြီး ဒီလိုသိတာကို နိဗ္ဗာန်ရောက်တယ်လို့ ပြောရတာ ။
အဲဒီလိုသိစေခြင်းငှါ ၊ ရောက်စေခြင်းငှါ ၊ မြတ်စွာဘုရားက နည်းအမျိုးမျိုးနဲ့ ဟောခဲ့တာပေါ့ ။ အကြောင်းသတ်တဲ့နည်း တွေနဲ့ ဟောခဲ့တယ် ။ အကျိုးသတ်တဲ့နည်းတွေက မြတ်စွာဘုရားရဲ့နည်းမဟုတ်ဘူး ။ ဒိဌိတို့ရဲ့နည်း ။ အကြောင်းသတ်ဆိုတာက တခြားမဟုတ်ဘူး ။ ဘာရယ်ညာရယ်လို့သိတော့ သိတဲ့စိတ်ဖြစ်လာတယ် မဟုတ်လား ။ လူရယ်လို့ဆိုတာ ၊ မိန်းမ-ယောက်ျားဆိုတာတွေသိတဲ့စိတ် ဖြစ်လာတာပါ ။ ဘာတွေညာတွေလို့သိတော့ သိတဲ့စိတ် ဖြစ် လာတာပေါ့ ။ ရုပ်တွေ နာမ်တွေလို့သိတော့ သိတဲ့စိတ်ဖြစ်လာတာ ။ အဲဒီ သိတဲ့စိတ်က ပဓါန ၊ ဟို - လူတွေ ၊ ယောက်ျား မိန်းမတွေ ၊ ရုပ်တွေ နာမ်တွေက အဓိကမဟုတ်ဘူး ။ အဲဒီစိတ်ကိုသိရမယ်လို့ ဘုန်းကြီးတို့ကပြောတာ ။
အခုတော့ အဲဒီစိတ်ကိုချန်ထားတယ် ။ ရုပ်တွေရယ်လို့တော့ သိပါရဲ့ ၊ နာမ်တွေရယ်လို့တော့ သိပါရဲ့ ။ ခန္ဓာတွေလို့တော့ သိပါရဲ့ ၊ အာယတနဓါတ် အစရှိသည်တို့ကိုတော့ သိပါရဲ့ ။ သိတာတခုကိုတော့ ချန်ထားကြတယ် ။ သိတာက ပဓါန ၊ အဲဒါကို သိရမှာ ။
လိုရင်းကတော့ ဒီ ရုပ်တရား၊နာမ်တရား၊ခန္ဓာတရားတွေကိုသိတော့ ရုပ်၊နာမ်သိတဲ့ဥာဏ် ၊ ခန္ဓာသိတဲ့ဥာဏ် ၊ အာယတန သိတဲ့ဥာဏ်တွေပဲ ဖြစ်မယ် ။ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်တွေတော့ မဟုတ်ဘူး ။ မဂ်ဥာဏ် ဖိုလ်ဥာဏ် မဖြစ်သ၍တော့ သက္ကာယဒိဌိ မပယ်နိုင်သေးဘူး ။

ဆက်လက်ဖော်ပြပါမည် ။
ကူးယူ တင်ပြသူ  ( ၀ီမံသာ ) 6-6-2016