Monday, May 30, 2016

၁၀ ။ ပုရေဇာတပစ္စယ (နိဒ္ဒေသ)



စက္ခာယတနံ စက္ခုဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
သောတာယတနံ သောတဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ဃာနာယတနံ ဃာနဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ဇိဝှါယတနံ ဇိဝှါဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ကာယာယတနံ ကာယဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ရူပါယတနံ စက္ခုဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
သဒ္ဒါယတနံ သောတဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ဂန္ဓာယတနံ ဃာနဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ရသာယတနံ ဇိဝှါဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။
ယံရူပံ နိဿာယ မနောဓာတုစ မနောဝိဥာဏဓာတုစ ဝတ္တန္တိ ။
တံရူပံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော ။          
မနောဝိဥာဏဓာတုယာစ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတ ပစ္စယေန ပစ္စယော ၊
ကိဉ္စိကာလေ န ပုရေဇာတ ပစ္စယေန ပစ္စယော ။

          ပုရေဇာတ ပစ္စည်းဆိုတာ ရှေးဦးဖြစ်နှင့်သောအားဖြင့် ကျေးဇူးပြုတတ်တဲ့သဘောကိုခေါ်ပါတယ် ။ သားသမီး ဆိုတာဖြစ်လာဖို့အတွက် မိဘနှစ်ပါးက အရင်ဖြစ်နှင့်ရတဲ့ ဥပမာလိုပါပဲ ။ မိဘနှစ်ပါးသာ ရှိနှင့်မနေရင် သားသမီးဆိုတာ ၊ လူဆိုတာ ဖြစ်လာစရာကိုမရှိပါဘူး ။
          မြင်စိတ်ကလေးတခုဖြစ်လာဖို့အတွက် မျက်ဝန်းအကြည်ဓါတ်(၀ါ)အမြင်အာရုံခံဓါတ်ကလေးက အရင်ဖြစ်နှင့် ရ ပါတယ် ။  မျက်ဝန်းအိမ်ရဲ့အလယ်၊ မျက်ဆံကိုမှီပြီး ဖြစ်ပါတယ် ။ ဒီနေရာမှာတခုသတိပြုရမှာက ဒီစက္ခုအာယတန ဆိုတဲ့ မျက်ဝန်းအကြည်ဓါတ်လေးဟာ ဖြစ်ပြီးသားအနေနဲ့ရှိနေတာတော့မဟုတ်ပါဘူး ။ ရှေ့မှာပြဆိုပြီးသား အာရုံအာရမ္မဏိက အကြောင်းတိုက်ဆိုင်လာလို့ ဖြတ်ခနဲထဖြစ်၊ပုံရိပ်ထင် စသည့်ကိစ္စတွေ ဆက်တိုက်ဖြစ်ပျက်သွားကြရတာပါ ။ ကင်မရာက shutter ဖွင့်လိုက်တဲ့အချိန်မှ ဖြတ်ခနဲပုံရိပ်ထင်၊ဖလင်ပေါ်ကူးပို့၊မှတ်ထား ကိစ္စတွေ ဆက်တိုက်ဖြစ်သလိုပါပဲ ။ မျက်မမြင် ပုဂ္ဂိုလ်တွေမှာတော့ ဒီအာရုံခံဓါတ်ချို့ယွင်းမှုကြောင့် အပွင့်ဓါတ်ဖြစ်မလာတဲ့အတွက်ကြောင့် မြင်စိတ်မဖြစ်နိုင်တော့ မမြင် ရဘူးလို့ဖြစ်တာပေါ့ ။ ဒီသဘောအတိုင်းပါပဲ ၊ မျက်ဝန်းအကြည်၊နားအကြည်(နားရွက်ကြီးမဟုတ်)၊နှာခေါင်းအကြည်၊လျှာ အကြည်၊ကိုယ်ကာယအကြည် စတဲ့ အာရုံခံဓါတ်(sensor)လေးတွေ အရင်မဖြစ်ပဲနဲ့ မြင်စိတ်၊ကြားစိတ်၊နံစိတ်၊စားစိတ်၊ ထိသိစိတ်တွေ ဖြစ်မလာနိုင်ပါဘူး ။ မိဘရှိလို့သားသမီးရှိလာရသလိုပဲ အာရုံခံအပွင့်တရားတွေ အရင်ဖြစ်၊ရှိလာလို့ အာရုံ သိစိတ် အသီးသီးဖြစ်ကြရတာဟာ ပုရေဇာတ ပစ္စယအကြောင်းသာရှိပါတယ်လို့ သိလိုက်ပါ ။
          တခါ အမျိုးမျိုးသော အာရုံရုပ်တရားတွေဖြစ်တဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊ထိတွေ့စရာ တရားတွေ ရှိမနေရင် လဲ မြင်မှု၊ကြားမှု၊နံမှု၊စားမှု၊ထိတွေ့မှုတွေ ဖြစ်မလာနိုင်ပါဘူး ။ ဒီနေရာမှာလဲ တခုသတိထားဖို့က မိမိနဲ့မဆိုင်တဲ့ ပြင်ပ ဗဟိဒ္ဓအာရုံတွေဟာ သူ့သဘောသူဆောင်ပြီး သူ့ဟာသူဖြစ်လိုက်၊ပျက်လိုက်ရှိနေတာပါ ။ ဒါကို မိမိကသွားဆိုင်လိုက်၊ သွားပတ်သက်လိုက်လို့သာ မြင်ရုပ်၊ကြားရုပ်တွေဖြစ်လာ၊မြင်စိတ်၊ကြားစိတ်တွေဖြစ်လာတာလို့ သတိပြုရပါမယ် ။ဆိုလို တာက ကြည့်လို့မြင်တယ်၊နားစွင့်လို့ကြားတယ် ။ ဒီသဘောပါ ။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာလဲ မသိလို့ပြုလုပ်၊ပြုလုပ် လို့ ၀ိဥာဉ်၊နာမ်ရုပ်ဖြစ်၊အဲဒီနောက်မှ သဠာယတန အာရုံ(၆)ပါးဖြစ်လို့ဆိုထားတာ သတိပြုရမှာပါ ။ မသိလို့ကြည့်တယ်၊ ကြည့်လို့မြင်ရုပ်ဖြစ်တယ်၊မြင်ရုပ်ရှိလို့မြင်စိတ်ဖြစ်တယ် ။ မြင်ပြီဆိုမှတော့ ကြိုက်၊မကြိုက်ဝေဒနာလိုက်လာပြီး တဏှာ၊ သမုဒယ ကိလေသာတရားတွေတိုးပွားလို့ ဘ၀ဒုက္ခသံသရာဆက်ကြရပြန်ပါတယ် ။
          အရင်ဖြစ်နှင့်ပြီးဖြစ်တဲ့ ဒီရုပ်တရားတွေကို အမှီပြု၍သာ အာရုံသိစိတ်၊တွေးကြံစိတ်များ ဖြစ်ကြရတယ်ဆိုတဲ့ ဒီ ပုရေဇာတပစ္စယ သဘောကို နားလည်နိုင်ခဲ့ပါလျှင် ငါလုပ်တာဘာမှမရှိဆိုတဲ့သဘောကို သိလာနိုင်ပါလိမ့်မယ် ။
          ၇၆ပါးသော စိတ်တွေဟာ အတူယှဉ်ဖက်တရားတွေကို ပုရေဇာတပစ္စည်း အကြောင်းအထောက်အပံ့ကို အမှီပြုပြီး မှ ဖြစ်ရတာလဲရှိသလို အကြောင်းအထောက်အပံ့မရှိဘဲလဲ ဖြစ်တတ်ပါတယ် ။ ပဋိသန္ဓေကာလမှာ စိတ် ၃၃မျိုးပဲဖြစ်ပျက် ရတယ်လို့ဆိုပါတယ် ။
                    အမှန်တရားကိုမြတ်နိုးသော ချစ်စွာသောစာရှုသူ -   မိမိခန္ဓာမှာ ဖြစ်ပျက်နေမှုအစုစုကို ဉာဏ်ဖြင့် သေချာဆင်ခြင်သုံးသပ်ကြည့်ပါကုန်။ မြင်ခြင်း၊ကြားခြင်း၊ထိခြင်း၊သိခြင်း၊ တွေးခြင်း၊ရှုခြင်း အားလုံးတို့ဟာ ထင်ရှားရှိနှင့်ပြီး ဖြစ်တဲ့ တရားတွေအကြောင်းကြောင့်သာ များသောအားဖြင့် ဖြစ်ပျက်ကြရပြီး ငါမြင်၊ငါကြား၊ ငါတွေး၊ငါသိတာရယ်လို့ ဘယ်မှာမှ ရှာမရပါကလားဟု နားလည်သိရှိသွားပါလျှင် သက္ကာယဒိဋ္ဌိ(ငါစွဲ)ပျောက်နိုင်ပါသည်။ ပုရေဇာတပစ္စယ၏ အကြောင်းအထောက်အပံ့ကို ရွတ်ဖတ်ရုံမျှမက အဓိပ္ပါယ်သဘောတရားကို ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်၍ သိလာရသော ကိုယ်ပိုင်အသိတရားတို့ကို သို့လောသို့လော တွေးတောယုံမှားခြင်းမရှိပဲ ယုံကြည်သဒ္ဓါခိုင်မြဲစွာဖြင့် ဆင်ခြင်သုံးသပ်၊ ပွားများအားထုတ် သွားမည် ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သံသရာပြတ်ကြောင်း မဂ္ဂင်အကျင့် ကောင်းကို ရရှိပိုင်နိုင်လျက် ဖြစ် ဆင်းရဲ၊ ပျက်ဆင်းရဲတို့ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မျက်မှောက် ပြုနိုင်ပါမည့်အကြောင်း သတင်းကောင်းပါး လိုက်ရပါသည် ။                
 
                                                                              ဝီမံသာ
  (၁၁-၁၁-၂၀၁၃)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်နားလည်ခွင့်လွှတ်စေချင်ပါသည် ။   (စာရေးသူ)

Friday, May 20, 2016

ထမင်းစား ၀ိပသနာ



ကျနော် ဒီနေ့ အိမ်က နေ့လည်စာ ထမင်းစားပွဲမှာ ဟင်းက(၃)မျိုး ၊ ၀က်သားနဲ့ခရမ်းသီးနှပ်ချက်က တမျိုး ၊ ပုဇွန်ခြောက် ကလေးတွေထောင်းပြီး ငံပြာရည်ကျော်က တမျိုး ၊ ကျော့ပုဇွန်လေးတွေကို ခရမ်းချဉ်သီးနဲ့ငရုပ်သီးစိမ်းနဲ့ ချက်ထားတဲ့ ခရမ်းချဉ်သီးငပိချက်က တမျိုး ၊ အိမ်ရှင်မကလက်စွမ်းပြ ချက်ထားတော့ အရသာတွေက အပြိုင်အဆိုင်ဖြစ်နေကြတယ် ၊ ကဗျာဆရာဥာဉ်မပျောက်တဲ့ ကျနော် - စားကောင်းနေပေမဲ့ ထမင်းထဲစိတ်မရောက်တော့ပဲ သူတို့ပြိုင်နေပုံလေး ပြောပြ ချင်စိတ်ပေါက်လာတယ်ဗျ ။ ဒီလိုလေ -

- ခရမ်းသီးက ကျော့ပုဇွန်ကိုမောင်းချတယ် ၊ ( မင်းက ငပိချက်မို့ ဘက်မတန်ဘူး ၊ ငါလို - ၀က်သားရဲ့သူငယ်ချင်းနဲ့ လာမတွဲနဲ့ ) တဲ့ ။

- ၀က်သားကစိတ်ညစ်နေတယ် ၊ ( သြော် အဆင့်မရှိတဲ့ ပုဇွန်အမှုံအမွှားတွေနဲ့ပေါင်းပြီး ငါတော့ နာမည်ပျက်ပါပြီ ၊ ဟိုကောင်ခရမ်းသီးလဲ မရှိသုံးမို့ပေါင်းရတယ် ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်လိုက်တာ လွန်ပါရော ) တဲ့ ။

- ကျော့ပုဇွန်က ပုဇွန်ခြောက်ကို ဒေါကန်နေတယ် ၊ ( ဟေ့ကောင် - မင်းလိုအခြောက်တွေကြောင့် ငါတို့ပုဇွန်မျိုးတွေ      သိက္ခာကျကုန်ပြီ ၊ ဒါနဲ့များ မင်းက ငံပြာရည်ကျော်ထဲမှာ နေရာယူချင်သေးသလား ကွ ) တဲ့ ။

- ပုဇွန်ခြောက်က လက်ခမောင်းထခတ်တယ် ၊ ( ဟရောင်တွေ မင်းတို့ဘာပြောပြော ငါက ဘိလပ်ကလာတဲ့ငံပြာရည် အရှိန်နဲ့ ဒီဝိုင်းမှာ ငါဆရာကြီးကွ ၊ လာမရှုပ်နဲ့ ကိုင်ပြိုက်လို့ မသေမရှင်ဖြစ်သွားမယ် ) တဲ့ ။

အဲဒါပါပဲဗျာ ။ - - - ကျနော်လေ - သူတို့တွေ ပါးစပ်ဖျားမှာ ပြိုင်ဆိုင် ၊ တိုက်ခိုက်နေကြတာကိုကြည့်ပြီး ဒီလိုလေး မေးလိုက်ချင်ပါတယ်ဗျာ ။

( သြော် - ဟေ့ကောင်လေးတွေရယ် ၊ မင်းတို့တွေ ပါးစပ်ထဲရောက်သွားရင် အကုန် စိစိညက်ညက်ကျေအောင် ၀ါးမြို ခံရမယ်ဆိုတာ မသိလို့များ ၊ လျှာပေါ်မှာ အချင်းချင်းမညီမညွတ် ရန်ဖြစ်နေကြရတာလားကွာ )

                                      ( ဝီမံသာ )