Sunday, January 31, 2016

ရည်ရွယ်ချက်ရှိရှိ သာသနာဖျက်ကြလေပြီ



မြန်မာနိုင်ငံ ပညာရေးစနစ် Grade(1)၌ ဗျည်း(33)လုံးအစား ဗျည်း(25)လုံးဖြင့် သင်ကြားမည့် ပညာရေးစနစ်သစ်.. အကြောင်း fb သတင်းမှာဖတ်လိုက်ရသည် ။ ဒီသတင်း မမှန်ပါစေနဲ့ဆုတောင်းလိုက်ရတာအမောပါ ။ ဒါပေမဲ့ - အတော်များများ ပြောလာနေကြပြီဆိုတော့ ဟုတ်များနေပြီလား ၊ အင်း - ဒီလိုသာဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိ သာသနာဖျက်ကြလေပြီ ဟုသာ ညည်းတွားလိုက်ချင်ပါတော့သည် ။

တို့ဘာသာ၊တို့သာသနာက ခုမှ ကလေးတွေနှလုံးသားမှာ ဘုရားတည်ပေးဖို့ အစပျိုးရုံရှိသေးသည် ။သူတို့ ပညာရေး စံနစ်သစ်က ကလေးတွေနှလုံးသားအသိထဲက ရတနာသုံးပါးကို ပုံဖျက်လိုက်ကြပြီ ။ စဉ်းစားကြည့်လေ - မိဘတွေက ကလေးကို ဘုရားရှိခိုးသင်ပေးမယ် - ( ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါး - - ) ဆိုတာနဲ့ ကလေးက ( မေမေမှားနေပြီ ၊ သမီးတို့ကျောင်းမှာ ဃ မသင်ရဘူး ၊ ဒါကြောင့် သံဃာ ဆိုတာမရှိဘူး ) လို့ ဆိုလာခဲ့ရင် ဘယ်လိုလုပ်ရပါ့မလဲ ။ ( မိဘက သံဃာ ၊ ကလေးက သံဂါ )ဒီလို ၀ိဝါဒကွဲပြားပြီဆိုကတဲက ကလေးရဲ့ရင်ထဲမှာ ဒီ သံဃာရတနာအပေါ် ဘယ်လိုယုံကြည်မှုမျိုး ထားနိုင်တော့မှာလဲ ။ သံဃာကိုမှမယုံနိုင်တော့ရင် အဲဒီ သံဃာဟောတဲ့ တရားရတနာကို ဘယ်လိုယုံကြည်တော့မှာလဲ ။ ဗုဒ္ဓစာပေ ပါဠိတော်ကို ပါလိ လို့လုပ်ပစ်လိုက်ကြရင် တရားရတနာအပေါ် ဘယ်လိုသက်ဝင်ယုံကြည်မှုမျိုး ထားနိုင်တော့မလဲ ။ ဒီအသုံးအနှုန်းကိစ္စလေးနဲ့တင် မိဘနဲ့သားသမီးကြား နားလည်မှုလွဲ ၊ ယုံကြည်မှုလွဲ ဖြစ်ကုန်ကြတော့မယ် ။ ဒါ့ထက်ပိုဆိုးတာက ဓမ္မစကူးလ်တွေ ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ က ထွက်လာတဲ့ ကလေးနဲ့ ၊ အတန်းကျောင်း ဂရိတ်ဝမ်းထွက်ကလေး (သံဃာ နဲ့ သံဂါ) ငြင်းကြ၊ခုံကြမယ် ။ သူတို့ရန်ဖြစ် ရင်း ဒေါသတကြီးဖြစ်လာရင် (ကန်တော့ပါရဲ့)( ဒီ သောက်ရေးမပါတဲ့သံဂါ - - ဘာညာတွေဖြစ်လာရင် ) သွားပြီ ။ ကလေးရင်ထဲ သာသနာထွန်းလင်းခွင့် ပိတ်သွားပြီ ။  ဂရိတ်ဝမ်းမှာမသင်ပေမဲ့ အတန်းကြီးတော့ ထဲ့သင်ပေးမယ်ဆိုရင် တနှစ်လုံး မရှိဘူးလို့ ရင်ထဲစွဲသွားတဲ့ အကျိုးဆက်ကြောင့် သံဃာ နဲ့ သံဂါ ဘယ်ဟာအမှန်လဲ ဆိုတဲ့ သံသယ တခုနဲ့တင် အဲဒီကလေးရဲ့ အခြေခံယုံကြည်ချက် စတင်ယိုင်နဲ့သွားတော့မှာပါ ။

သင်ရခက်လို့ ဆိုတဲ့ ဆင်ခြေလေးတခုထဲနဲ့ ဗုဒ္ဓဘာသာရဲ့အခြေခံ ရတနာသုံးပါးကို မဖျက်ဆီးလိုက်ကြပါနဲ့ ဗျာ ။ 

ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများအမှုးထားကာ သီတဂူဆရာတော်ကြီး ၊ မဘသဥက္ကဌဆရာတော်ကြီး ၊ တိပိဋကဆရာတော်ကြီးများနှင့်တကွ ဆရာတော်ဦးဝီရသူအပါအ၀င် ဘုရားသားတော် သံဃာတော်အပေါင်းတို့ကို ရိုသေစွာ ရှိခိုးဦးချတောင်းပန်လျက် လျှောက်ထားပါရစေဘုရား ။ ဒီကိစ္စဟာ မသင့်လျော်ပါဘုရား ။ မြန်မာစာ ၊ မြန်မာစကား ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေဟာ ဗုဒ္ဓစာပေ ၊ ဗုဒ္ဓအဆုံးအမအပေါ် များစွာမူတည်ခဲ့တာပါဘုရား ။ ကျောင်းစတက် ၊ စာစသင်မဲ့ ကလေးကို ဒီ ဗုဒ္ဓစာပေအခြေခံစာလုံးတွေ ဖြုတ်ပြီး သင်ပေးမယ်ဆိုရင် ကလေးတွေရဲ့ နှလုံးသားမှာဘုရားတည်ဖို့ သိပ်ခက်သွားပါလိမ့်မယ်ဘုရား ။ ကလေးတယောက်ပညာတတ်ဖို့ အတန်းကျောင်းပို့မိခါမှ ဗုဒ္ဓဘာသာမိဘနဲ့ အငြင်းအခုန်တွေဖြစ်ရ ၊ သံဃာရတနာကိုမှ မသိနိုင် ၊ နားမလည်နိုင် ၊ မယုံနိုင်ဖြစ်ရရင် သူ့ရင်ထဲမှာ သာသနာတည်ဖို့ သိပ်ခက်ကုန်ပါလိမ့်မယ်ဘုရား ။ ဗုဒ္ဓဘာသာရဲ့အသက်ဟာ ဒီ ဘုရားစကား ပါဠိတော်တွေ ပိဋကတ် တော်တွေသာ ဖြစ်လို့ ဒီစာလုံးတွေကို လုံးဝ မသုံးလို့ မရပါဘုရား ။ မြန်မာစာကနေ ဒီစာလုံးတွေဖျောက်ပစ်လိုက်ရင် အတန်းကျောင်းကလေးကို ဘယ်လိုဗုဒ္ဓဘာသာအခြေခံတွေ သင်ပေးနိုင်တော့မှာလဲဘုရား ။ ဒါဟာ ဗုဒ္ဓမြတ်စွာ သာသနာ ကို မြန်မာတွေရင်ထဲမှာ မတည်နိုင်အောင် အခြေခံကျကျ ၊ နက်နက်ရှိုင်းရှိုင်း ၊ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်တာ လို့ တပည့်တော် ယူဆမိပါသဖြင့် မြန်မာစာလုံးပေါင်းဗျည်း(၃၃)လုံးမှ ထို ( ဃ ၊ ဈ ၊ ဋ ၊ ဌ ၊ ဍ ၊ ဎ ၊ ဏ ၊ ဠ ) ၊ ဗုဒ္ဓစာပေသုံး စာလုံးများကို ဖြုတ်မပစ်ကြရန် သံဃာထုအင်အား ၊ ဗုဒ္ဓဘာသာဝင်လူထုအင်အားဖြင့် တားမြစ်ပေးတော်မူကြပါဟု ရိုသေ စွာ အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား ။

( ၀ီမံသာ )

မှတ်ချက် ။       ။ နောက်ဆုံးသိရသည်မှာ သူငယ်တန်း(မူကြိုအဆင့်တွင်) အဆိုပါဗျည်း(၈)လုံးကို အရေးမသင်ပဲ အမြင် နှင့် အပြောသာသင်ကာ ပထမတန်း(သူငယ်တန်းအဆင့်) ရောက်မှ အရေးသင်မည်ဟု သိရပါသည် ။ လုံးဝဖြုတ်ချလိုက် ခြင်းထက်စာလျှင် တော်ပေသေးသည် အောက်မေ့ရသည် ။ သို့သော် (ကလေးဒဏ်ပိမှာစိုးလို့မသင်တာဆိုသော်လဲ) မိခင်ဘာသာမဟုတ်သည့် အင်္ဂလိပ်စာလုံး(၂၆)လုံးကိုတော့ အကုန်အရေးသင်မည် ဆိုတာကို သိပ်ဘ၀င်မကျလှ ။ ဗုဒ္ဓဘာသာဝင် မြန်မာကလေးငယ်များ ဗုဒ္ဓစာပေနှင့် ဗုဒ္ဓယဉ်ကျေးမှုတို့ကို အလေးထားမှုလျော့ကျသွားနိုင်သည့် အကျိုးဆက်က တကယ်စိုးရိမ်ဖို့ကောင်းသည်ဟု ထင်မြင်မိပါသည် ။

Thursday, January 7, 2016

ဝါကျွတ် ဥပုသ် အထူးတရားပွဲတခု



မိခင်ကြီးရှိရာ နယ်မြို့လေးကိုပြန်ရင်း သီတင်းကျွတ် လပြည့်နေ့မှာ မိသားစုကိုးကွယ်တဲ့ မိမိငယ်ဆရာ ရိပ်သာကျောင်း ဆရာတော်ဆီမှာ ဥပုသ်သီလ ယူခဲ့ပါတယ် ။ အဲဒီမှာ အင်မတန် အံ့သြ ကြည်ညိုဖွယ် ကောင်းတဲ့ ထူးခြားချက်နှစ်ခုကို တွေ့လိုက်ရပါတယ် ။
ပထမအချက်က ဥပုသ်တရားပွဲ အများစုလို သီလပေးပြီး မှ တရားဟောတာမျိုးမလုပ်ပဲ တရားဟောပြီးမှ အဲဒီလို တရားတွေကို သိသောအသိနဲ့ လို့ စကားပလ္လင်ခံပြီး အဟံ ဘန္တေ အစချီလို့ သီလ တန်းပေးတော့ တာပါပဲ ။ အင်မတန်အဓိပ္ပါယ် ရှိပါတယ် ။ လူများစုက ဥပုသ် စောင့်ရင် သီလပေးက အဓိကလို့ မှတ်ယူကြတော့ သီလပေးလဲပြီးရော ကိစ္စပြီးပြီ မှတ်ပြီး တရားကို အာရုံစိုက် နာယူမှု လျော့ရဲရဲ ဖြစ်တတ်ကြတော့ တရား အနှစ်သာရ ထင်သလောက် မရကြဘူး ။ ပိုအရေးကြီးတာက တရားအသိနဲ့ သီလစောင့်မှ ထိရောက်တယ်လို့ ဆရာတော်ပြောသလို တရားဟောပြီးစ တရားအသိလေး ရင်ထဲကိန်းနေတုန်း ဆောက်တည်လိုက်ရတဲ့ သီလ ၊ အာမဘန္တေ ဆိုရတာကိုက ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ နှစ်နှစ်ကာကာ ရှိလှပါတယ် ခင်ဗျာ ။
ဒုတိယအချက်က အများစုသီလပေးသလို အင်္ဂါကိုးပါး ရှိသော ဥပေါသထသီလကိုပေးတာမဟုတ်ပဲ အင်္ဂါ (၁၂)ပါး ရှိသော အိန္ဒြိယသံဝရ သီလကို ပေးခြင်းပါပဲ ။ ဒီသီလက ဥပေါသထသီလ ကိုးမျိုးမှာပါတဲ့ မုသာဝါဒ နေရာမှာ ဝစီဒုစရိုက် ၄ ပါးစလုံး ထဲ့ပြီး တပါးချင်း သေချာ ရှောင်ခိုင်းတဲ့ သီလပါ ။ ဆိုလိုတာက မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိ ၊ ပိသုဏဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိ ၊ ဖရုဿဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိ ၊ သမ္ဖပ္ပလ္လာပဝါစာ ဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ ၊ လို့ ဖြစ်ပါတယ် ။ ဆရာတော်ကြီးပြောခဲ့ဖူးတာက ဥပုသ်သည်တွေ နေ့လွဲညစာတို့ ၊ ပါဏာတိပါတာ ၊ အဒိန္နဒါနာ စတာတွေ ရှောင်နိုင်ကြပေမဲ့ မုသာဝါဒါ တလုံး အမြဲ ကျိုးတယ်တဲ့ ။ မုသာဝါဒါရဲ့နောက်မှာ မြုပ်နေတဲ့ ဝစီဒုစရိုက်လေးပါးကို သေချာမသိကြလို့ ဖြစ်ရတာ ဒါကြောင့် တခုချင်းအသေအချာကို စောင့်ခိုင်းတာတဲ့ ။ ဥပုသ်သည်တွေစုပြီး အတင်းတုတ်ပြီဆို ငြိပြီ ပိသုဏဝါစာ ဂုံးတိုက်ချောပစ် စကား ။ စုပြီး သားရေးသမီးရေး ဇတ်အကြောင်း နတ်အကြောင်း ပြောပြီဆို ငြိပြီ သမ္ဖပ္ပလ္လာပ၀ါစာ အကျိုးမဲ့သိမ်ဖျင်းစကား ။ ဒကာကြီးတွေစုပြီး ဘာသာရေး နိုင်ငံရေး ဆွေးနွေးရင်းနဲ့ ငြင်းကြ ခုန်ကြ ဒေါသတကြီး ထဆဲကုန်ပြီဆို သွားပြီ ဖရုဿဝါစာ ကြမ်းတမ်းသော စကား ၊ ဒီလောက်ဆို ဆရာတော် ပေးတဲ့ ဥပုသ်ရဲ့ ထူးခြား နက်နဲပုံကို သိလောက်ပါပြီ ။
 ဝါကျွတ်အထူးအဖြစ် ဥပုသ်တန်းလန်းနှင့် မျှဝေလိုစိတ်ဖြင့်သာ ရေးရသည် ။ ဖုန်းဖြင့် ရေးနေကျ မဟုတ်လို့ အတော်ဇက်ညောင်းပါသည် ။ ဆရာတော်ကြီးရဲ့ တရားတော်ကို ပြန်လည် မျှဝေချင် ပါသော်လဲ ( အဝိဇ္ဇာ ပစ္စယာ သင်္ခါရ ) ဟူသည့် ပုဒ်ကလေးတပုဒ်ကို ရဲရဲတောက် ဒေါင်းဒေါင်းပြေး ပိဿလေးနဲ့ တည့်တည့်ပစ်သလို တနာရီကျော်ကြာ ဟောချသွားသော ငယ်ဆရာရဲ့ တရားတော်ကို ဒီဖုန်းဖြင့်သာ ရေးရမယ်ဆို ဇက်ကျိုးဖို့သာ ရှိပါသဖြင့် ဒီနေ့ ဒီမျှနဲ့သာ ကျေနပ်ပါ နောင်အခွင့်သင့်လျှင် ဆရာတော့်တရား ပြန်လည် မျှဝေမည်ဖြစ်ကြောင်းဖြင့် ဆုတောင်းနိဂုံးသတ်ပါပြီ ။          သဗ္ဗေသတ္တာ အဝေရာ ဟောန္တု ။
ဝီမံသာ ( မြန်မာသက္ကရာဇ် ၁၃၇၇ ခု ၊ သီတင်းကျွတ်လပြည့်နေ့ ၊ 28-10-2015 )

Tuesday, January 5, 2016

ဒုလ္လဘ တရား



လူ့ဘ၀ဟာ ရခဲတယ်တဲ့ ။ အပါယ်လေးဘုံဟာ သတ္တ၀ါတွေရဲ့ အိမ်ဖြစ်တယ် လို့တောင် ဗုဒ္ဓမြတ်စွာ သဲမှုံ့ဥပမာ နဲ့ တင်စားလို့ဟောတော်မူခဲ့ပါသေးတယ် ။ လက်သည်းခွံပေါ်က သဲမှုံပမာဏလောက်သာ သုဂတိ(လူ၊နတ်၊ဗြဟ္မာ) ဘုံဘ၀ ရရှိကြပြီး ဒုဂ္ဂတိအပါယ်ဘုံသားတွေကတော့ မြစ်ကြီး(၅)သွယ်၊ပင်လယ်သမုဒ္ဒရာထဲက သဲမှုံမျှလောက် များပြားလှလို့ အပါယ်လေးပါးဟာ သတ္တ၀ါတွေရဲ့ မူလအိမ် လို့ ဘုရားရှင်ဟောခဲ့တာပါ ။ မယုံရင် - မိမိအိမ်မှာရှိတဲ့ အိမ်သားတွေ အရေအတွက်နဲ့ မိမိအိမ်မှာမှီတင်းနေထိုင်ကြတဲ့ ခြ ၊ ပရွက်ဆိတ် ၊ ခြင် ၊ ယင် ၊ ပိုးမွှား စတဲ့ မြင်နိုင်တဲ့ တိရိစ္ဆာန်တွေ အရေအတွက်လောက်ကိုသာ နှိုင်းယှဉ်ကြည့်ကြပါတော့ဗျာ ။

ရခဲလှတဲ့ လူ့ဘ၀မို့ ဒုလ္လဘတရားထဲမှာ ထဲ့သွင်းထားရတာပါ ။ ဘယ်လောက်အထိ ရခဲသလဲဆိုရင် ဟိုး (ဗြဟ္မာပြည်) အာကာသ ကောင်းကင်ပေါ်က ကျလာတဲ့အပ်တစင်းနဲ့ လူ့ပြည်မှာထောင်ထားတဲ့ အပ်တစင်းတို့ အဖျားချင်းထိခတ်မိဖို့ လွယ်ရင်လွယ်မယ် ၊ လူ့ဘ၀ တကြိမ်ရဖို့ မလွယ်ပါဘူးတဲ့ ။ အဲဒီလိုရခဲလှတဲ့ လူ့ဘ၀ထဲမှာမှ သစ္စာလေးပါးအမှန်တရား ကို နာကြားခွင့် ၊ ရတနာသုံးပါးကိုးကွယ်၊ သရဏဂုံဆောက်တည်တဲ့ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်ခွင့် ၊ (တနည်းအားဖြင့်) သဒ္ဒါ ၊ သီလ ၊ သုတ ၊ စာဂ ၊ ပညာ ၊ ဟီရိ ၊ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရား(၇)ပါးကို နာကြားခွင့် ရဖို့ဆိုတာလဲ အင်မတန် ရှားပါးလှတဲ့ ဒုလ္လဘတရားပါပဲ ။ သာသနာရောင်ဝါတ၀င်းဝင်းနဲ့ တရားတော်တွေနာကြား ၊ ကျင့်သုံးခွင့်ရနေတဲ့ သာသနာတော်တွင်း (အချိန်နဲ့နေရာ) မှာ လူလာဖြစ်ဦးမှ ဒီအခွင့်ရမှာပါ ။

ရခဲလှတဲ့ လူ့ဘ၀ ၊ ကြုံခဲလှတဲ့ သစ္စာတရား နာကြားခွင့်ရ ဗုဒ္ဓဘာသာဝင်ဘ၀ ရောက်နေတောင်မှ ဘုရားသားတော် ၊ မြင့်မြတ်တဲ့ ရဟန်း၊သံဃာတော်ဘ၀ကို ရရှိဖို့ဆိုတာ ရဖို့အခဲယဉ်းဆုံး ဒုလ္လဘတရားကြီးဖြစ်ပါတယ် သူတော်ကောင်းတို့ ခင်ဗျာ ။ ဗုဒ္ဓမြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်အတွက် လေးအသင်္ချေနဲ့ကမ္ဘာတသိန်း (ဘ၀တွေ မရေတွက်နိုင် လောက်အောင်) ပါရမီဖြည့်တော်မူခဲ့စဉ်မှာတောင် ရဟန်းဘ၀ကို(၉)ဘ၀သာ ရခဲ့ပါသတဲ့ ။ နိက္ခမပါရမီ ဆိုတဲ့ လောက စည်းစိမ်ဥစ္စာပကာသနတွေကို စွန့်လွှတ်နိုင်ခြင်း၊လစ်လျူရှုခြင်း ပါရမီ ပါလာမှသာ ရဟန်းဘ၀ ရနိုင်တာပါ ။ ကိုယ်တိုင် စဉ်းစားကြည့်ကြပါ ။ မိမိတို့တွေ ဒုလ္လဘရဟန်းဘ၀ တပတ်ကလေး ၊ တလကလေးနေရတာတောင် မနဲအောင့်အည်း သည်းခံလို့ ရှင်လိင်ပြန်ချိန်အပျော်ဆုံးလို့တောင် တင်စားရအောင် မနေနိုင်တဲ့ မိမိရဲ့ကိလေသာအထူကို ပြန်စဉ်းစားရင် သာသနာတော်ညှိုးနွမ်းအောင် ဘုရားသားတော်၊ သံဃာတော်တွေကို ဆဲဆိုစော်ကား အပြစ်များကို အလွယ်လုပ်နေကြသူတွေ ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့ အပြစ်ကြီးတွေလဲလို့ ထိတ်လန့်၊သံဝေဂ ယူသင့်လှပါတယ် ။ အလွယ်သိသာ အောင် ဥပမာပေးရရင် မိမိအိမ်က မိမိရင်သွေးသားသမီးရတနာကို မိမိအိမ်က ကြွက်တကောင်လောက်မှ တန်ဖိုးမထား လဲလှယ်ပစ်ရက်သူ (ရှိရဲ့လားဗျာ) အဲလိုမိုက်မဲမှုမျိုးထက် ပိုမိုက်မဲတဲ့ မိမိကိုးကွယ်ရာသံဃာရတနာကို မိမိရင်ထဲက မာန ၊ လောဘ ၊ ဒေါသ ၊ မစ္ဆရိယ တရားဆိုးတွေနဲ့ လဲလှယ်နေကြတဲ့ ( မိမိဥာဏ်တထွာနဲ့ သံဃာကိုယှဉ်ဝံ့သူ ) လူမိုက်တွေ - ဘယ်သူ ပိုမိုက်မဲသလဲ ဆိုတာ စဉ်းစားဆင်ခြင်သင့်ပါပြီ ။

အမေရိကန်မှာ ၀ိပဿနာသင်တန်းတက်ဖို့ လူပေါင်းသန်းချီ စာရင်းပေးလို့ စောင့်ဆိုင်းနေရပြီ ။ ဂျာမနီမှာ လူချင်းတွေ့လို့ နှုတ်ဆက်ရင်တောင် မင်းဝိပဿနာတရားအားထုတ်ပြီးပြီလား လို့ နှုတ်ဆက်တဲ့အလေ့ဖြစ်နေပြီ ။ နေတိုးတပ်ဖွဲ့ဝင်တွေ စစ်ပွဲခဏနားချိန်မှာတောင် တရားထိုင်တဲ့အလေ့ လုပ်နေကြပြီ ။ ဒီလိုဖြစ်လာရတာ သာသနာပြုဆရာတော်၊သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်ဆိုတာ သူတို့သိနေကြချိန်မှာ ၊ မြန်မာပြည်မှာတော့ (မဘသဆိုဆွမ်းမလောင်းဘူး) ဆိုတဲ့ စကားရိုင်းတွေ နဲ့ သာသနာဖျက်ချင်သူတွေ ၊ သာသနာကိုအထောက်အပံ့တွေ နဲလာကြတာတွေကြောင့် မနှစ်က သံဃာ ငါးသိန်းရှိတာ ဒီနှစ် တသိန်းနီးပါး လျော့သွားပြီ ဆိုတဲ့ စိတ်မကောင်းစရာ သတင်းကို ကြားနေရပါပြီ ။ ( ယိုသူတွေ မရှက်ပေမဲ့ ၊ မြင်မိတဲ့ ကျနော် ရှက်မိပါတယ် )

ရွှေစေတီတော်ကြီးတွေ ၊ ရွှေရောင်ဝင်းတဲ့ သာသနာရောင်ဝါအရှိန်နဲ့ ရွှေမြန်မာလို့ကမ္ဘာကသိတဲ့ ရွှေမြန်မာတို့ရေ - ဗုဒ္ဓဘာသာဟာ နတ်သုဓ္ဓါဟင်းလေးအိုးကြီးဆိုရင် မြန်မာဆိုတာ အဲဒီဟင်းအိုးရဲ့အနီးဆုံးမှာပါ ၊ ဒါပေမဲ့ ဟင်းမြည်းသူ တောင် မလုပ်နိုင်ပဲ ဟင်းအိုးမွှေတဲ့ ယောင်းမလို နေကြမယ်ဆိုရင်တော့ သစ္စာလေးပါးတရား အရသာတောင် မခံစားလိုက်ရပဲ သာသနာတော်မှ ဆုံးရှုံးရသူတွေဖြစ်ကြမှာစိုးလို့ ဘာအတွက်နဲ့မှ ရင်ထဲက သရဏဂုံ မဖျက်မိကြပါစေနဲ့လို့ မေတ္တာဖြင့် ဆုတောင်းလိုက်ပါရစေခင်ဗျာ ။ 

( ၀ီမံသာ )  5-1-2016