Wednesday, December 14, 2016

၁၂ ။ အာသေ၀နပစ္စယ (နိဒ္ဒေသ)



ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေ၀န ပစ္စယေန ပစ္စယော ။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေ၀န ပစ္စယေန ပစ္စယော ။
ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေ၀န ပစ္စယေန ပစ္စယော ။

          အာသေ၀နပစ္စည်းဆိုတာ အကြိမ်ကြိမ်ပွားအပ် ၊ ထုံအပ်သောအားဖြင့် ကျေးဇူးပြုတတ်သော သဘောပင် ဖြစ်ပါတယ် ။ နံ့သာအမွှေးကို တကြိမ်ထုံမွှမ်းစဉ် မွှေးရနံ့သတ္တိနဲပါးသေးပေမဲ့ နှစ်ကြိမ် ၊ သုံးကြိမ် (၇)ကြိမ် - ဒီလို အကြိမ်ကြိမ် ထုံအပ် ၊ ပွားအပ်တဲ့အခါ သူ့ရဲ့မွှေးရနံ့ဟာ ထင်ရှားပျံ့နှံ့ ကြိုင်လှိုင်ရသလို ပါပဲလို့ ရှေးဆရာတော်ကြီးများ ဥပမာပြု ခဲ့ကြပါတယ် ။ ကျောင်းသားတယောက် စာတပုဒ်ကို တခါကျက် ၊ ရေးတေးတေး ၊ နှစ်ခါဆို နဲနဲရသလို ၊ သုံးခါဆို အတော် ရပြီ ။လေး ငါး ခြောက်ခါ ၊ ခုနှစ်ခါဆို ဘယ်တော့မှ မမေ့တော့ဘူး ၊ ဦးနှောက်ထဲစွဲမြဲသွားတော့တယ်ဆိုတာ အာသေ၀န ပစ္စယ ရဲ့ အစွမ်းသတ္တိပါပဲ ။ 

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကုသိုလ်တရားတို့သည် ကုသိုလ်တရားတို့ကို၎င်း ၊ အကုသိုလ်တရား တို့သည် အကုသိုလ်တရားတို့ကို၎င်း ၊ ကြိယာအဗျာကတ တရားတို့သည် ကြိယာ အဗျာကတ တရားတို့ကို၎င်း အကြိမ်ကြိမ် ပွားများ၊လေ့ကျက်၊ထုံမွှမ်းသော အားဖြင့် ကျေးဇူးပြုလျက် ရှိကြ ကုန်၏ဟု ကိုယ်တိုင်သိမြင်တော်မူပြီးနောက် လောကကို သိမြင်စေခဲ့ပါတယ် ။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာဟာ ပိုင်းပိုင်းခြားခြား ရှင်းလင်းထားတဲ့တချက်ကို သတိပြုမိပါတယ် ။ ဒါက တော့ ပုထုဇဉ်လူနတ်သတ္တ၀ါအားလုံး ၊ အနရိယာပုဂ္ဂိုလ်နဲ့ အရိယာ(၃)ဆင့် အနာဂါမ်ထိအောင် ပုဂ္ဂိုလ်များမှာ ကုသိုလ် ၊ အကုသိုလ် အာသေ၀န ပစ္စည်းတပ်ကောင်းပေမဲ့ ကုသိုလ်၊အကုသိုလ်တရားတွေကို စွန့်ပယ်ပြီးဖြစ်တဲ့ ရဟန္တာ၊ပစ္စေကဗုဒ္ဓါနဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်တို့မှာတော့ ကြိယာအဗျာကတ စိတ်တို့သာ ပွားများ၊ထုံမွှမ်းလို့နေကြတယ် ဆိုတာပါပဲ ။ အရပ်သုံး စကားနဲ့ နားလည်သလိုပြောရရင် ပုထုဇဉ် လူ၊နတ်၊သတ္တ၀ါတွေ မှာ ကောင်းစိတ်၊ မကောင်းစိတ် ဆိုတဲ့ အစွန်းထွက်စိတ် ကလေးတွေနဲ့ နေလေ့ရှိကြပေမဲ့ ဘုရား၊ရဟန္တာ အရိယာကြီးတွေမှာတော့ မြင်ရုံမျှ ၊ ကြားရုံမျှ ပုံမှန်စိတ်ကလေးနဲ့သာ နေသွားနိုင်ကြတယ်လို့ တွေးမိပါတယ် ။

ကျွန်တော်တို့လူများစုကြီးက အစွန်းထွက်စိတ်ကလေးတွေနဲ့ ဘာလို့နေကြသလဲဆိုတော့ ဆင်းရဲခြင်းအစစ်အမှန် သဘောကိုမသိ ၊ လွတ်မြောက်ရာကိုမသိ တဲ့အတွက်ကြောင့် ကောင်းစိတ်နဲ့လုပ် ၊ အကောင်းစွန်းဘ၀ရောက် ၊ ဆိုးစိတ်နဲ့ လုပ် ၊ အဆိုးစွန်းဘ၀ရောက် ဒီလိုနဲ့ မဆုံးနိုင်တဲ့သံသရာ ကျင်လည်နေကြရတာ ဖြစ်ပါတယ် ။
ကုသလာ - ကုသလာဓမ္မာ ၊ ကြည်ညိုလိုက်တာ ဆိုတဲ့စိတ်ကလေး ၊ လှုချင်တယ် လှုမယ် ဆိုတဲ့စိတ် ကလေး ၊ သနားပါတယ် ဆိုတဲ့စိတ်ကလေး ၊ ပေးချင်တယ် ပေးမယ်ဆိုတဲ့စိတ်ကလေး ။ ကျွန်တော်တို့ အပေါ်ယံအသိပေါ်တက်လာ တဲ့ ဒီလိုကုသိုလ်စိတ်ကလေး တခု၊တခု ဖြစ်လာဖို့ဆိုတာ စိတ်ပေါင်းများစွာ အဖန်တလဲလဲဖြစ်ဖြစ်ပြီးမှ ဒီစိတ်ကိုသိတဲ့ အဆင့်ရောက်ရတာပါ ။လက်ဖြစ်တတွက်အတွင်းမှာ ကုဋေ တသိန်းခန့်ဖြစ်လိုက်ပျက်လိုက်နေတဲ့ စိတ်ကလေးတွေ ၊ စိတ်(၁၇)ခါဖြစ်တိုင်း တခါ တခါ ထထဖြစ်တဲ့ စိတ္တဇရုပ်ကလေးတွေ ၊ ဒီရုပ်နာမ်နှစ်ပါး ဖြစ်လိုက်ပျက်လိုက်(ကုသိုလ်ရုပ် ၊ ကုသိုလ်စိတ်)နဲ့ အဖန်တလဲလဲ ပွားများ၊ထုံမွှမ်းပြီးတော့မှ အပေါ်ယံအသိမှာ ကြည်ညိုစိတ်၊လှုချင်စိတ်တွေ ဖြစ်ခွင့်ရလာ တာပါ ။ ဒါ အာသေ၀နပစ္စယအကြောင်းမှတပါး ငါ ရှာမရပြီလို့ သတိချပ်ခဲ့စေချင်ပါတယ် ။

အကုသလာ - အကုသလာဓမ္မာ ၊ အလားတူပါပဲ ။ ကြိုက်တယ်၊လိုချင်တယ်ဆိုတဲ့စိတ်ကလေး ၊ မကြိုက်၊မလိုချင် ဆိုတဲ့စိတ်ကလေး ၊ ချစ်တယ်၊မုန်းတယ်၊နာကျည်းတယ်၊ခံပြင်းတယ် ဆိုတဲ့ အကုသိုလ်စိတ်ကလေးတခုဖြစ်လာဖို့ မရေနိုင် လောက်အောင်များလှတဲ့ (အကုသိုလ်ရုပ်၊ အကုသိုလ် နာမ်)တွေ အဖန်တလဲလဲ ပွားထုံပြီးမှ အပေါ်ယံအသိမှာ ကြိုက်စိတ်၊ မကြိုက်စိတ်စတာတွေဖြစ်လာရတာ အာသေ၀နပစ္စယအစွမ်းမျှသာဖြစ်ပါတယ် ။

ဘာ့ကြောင့် ဒီစိတ်(ကုသိုလ်၊အကုသိုလ်)နှစ်ပါးကို အစွန်းထွက်တယ် ၊ အစွန်းရောက်တယ် ပြောရ ပါသလဲ ။ လူတွေကမသိတော့ ငါ ထင်တယ် ။ အဲဒီငါဝင်စွက်တော့ ကောင်းစွဲ၊မကောင်းစွဲ အစွဲတွေကြောင့် ဘ၀သစ်တဖန်ပြန်ရပြီး သံသရာလည်ကြောင်း အစွန်းထွက်တရားတွေ ဖြစ်ကုန်ကြရလို့ပါ ။ တကယ်တော့ ဘ၀သစ်ဆိုတာ ကမ္မဘ၀ ပြုလုပ်မှု ကမ္မသတ္တိကြောင့် ၀ိပါကဘ၀ အကျိုးဝိပါက်ခန္ဓာလေး ဖြစ်ဖြစ် လာတာ ကိုပဲ ဘ၀သစ်လို့ ခေါ်အပ်ပါတယ် ။ ဒီကမ္မသတ္တိဟာ စိတ်ဝီထိအစဉ်(၁၇)ချက်ထဲက ဇောခုနှစ်ကြိမ် ထဲမှာ ပဲ ကုသိုလ်၊အကုသိုလ် ၀င်စွက်လို့ ခုနှစ်ကြိမ်တိုင်တိုင်ပွားထုံလိုက်တဲ့ အာသေ၀န ပစ္စယ အကြောင်း အထောက်အပံ့ ရပြီး သတ္တမမြောက်ကုသိုလ်ဇော၊အကုသိုလ်ဇောတွေက ကမ္မသတ္တိအစွမ်းနဲ့ ဆိုင်ရာ ကုသိုလ်စိတ်၊အကုသိုလ်စိတ် ၊ ကုသိုလ်ရုပ်၊အကုသိုလ်ရုပ် ဆိုတဲ့ နောက်ဘ၀အသစ် ၀ိပါက်ခန္ဓာတွေကို ပေး ကြတာဖြစ်ပါ တယ် ။ ဒါကြောင့် အကြိမ်ကြိမ်ဖြစ် ၊ အကြိမ်ကြိမ်ပျက်ရတဲ့ ခန္ဓာငါးပါး(ရုပ်၊နာမ်) တရားတွေ ရဲ့ ဖြစ်ရတဲ့ဒုက္ခ ၊ ဇာတိပိဒုက္ခာ ကိုမှ မြတ်စွာဘုရားရှင်နဲ့ အရိယာသူတော်စင်တို့သိတော်မူကြတဲ့ ဒုက္ခအရိယာသစ္စာ လို့ နားလည်သွားစေ ချင်ပါတယ် ။ မွေး/သေ ဒုက္ခလောက်ကို သိနေရုံနဲ့တော့ ဆင်းရဲခြင်း အစစ်ကို မမြင်နိုင်ကြလို့ သံသရာလွတ်မြောက်ရေးကို နဲနဲလေးမှ တွေးမိကြမှာမဟုတ်ပါဘူး ။
          ကုသလံ၊အကုသလံ ဇဟံ လို့ ကုသိုလ်၊အကုသိုလ်တရားနှစ်ပါးစလုံးကို ပယ်စွန့်တော်မူပြီးဖြစ်တဲ့ ဘုရား၊ရဟန္တာ အရိယာသူတော်စင်ကြီးတွေမှာတော့ ၀ိပါက်ကြိယာစိတ်ဆိုတဲ့ (ကုသိုလ်လဲမဟုတ်၊ အကုသိုလ်လဲမဟုတ်)တဲ့ အဗျာကတ စိတ် ၊ ပြုရုံမျှကြိယာစိတ်ကြီးသာ မပြတ်ထုံမွှမ်းနေတော့ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တွေ(အစွန်းထွက်စိတ်)တွေ ဖြစ်ခွင့် မရှိတော့ပါဘူး ။
 ဒါကြောင့်မို့  လက်ရှိအကျိုးခန္ဓာချုပ်ငြိမ်းတာနဲ့ ဘ၀အသစ်တဖန်ပြန်မဖြစ်တော့ပဲ အပြီးတိုင် ချုပ်ငြိမ်းရာ သန္တိသုခမြတ်နိဗ္ဗာန်ကို ၀င်စံနိုင်ကြတာဖြစ်ပါတယ် ။ ဒီနေရာမှာသိစေချင်တာက ဘုရား၊ရဟန္တာ အရိယာ သူတော်စင်ကြီး တွေ ပြောကြား၊ပြုလုပ်တော်မူကြတဲ့ ကောင်းသောစကား၊ကောင်းသောအမှုတို့ဟာ အများ သူငါ သိထားတဲ့ ကုသိုလ်မျိုး မဟုတ်ပါဘူး ။ အများသိကုသိုလ်က (ပုညာဘိသင်္ခါရ)လို့ခေါ်တဲ့ ကာမာဝစရ ကုသိုလ် (လူ၊နတ်အကျိုးပေး)၊ ရူပါဝစရ ၊ အရူပါဝစရကုသိုလ် (ဗြဟ္မာအကျိုးပေး) စတဲ့ အကျိုးပေး မကင်းတဲ့ ကုသိုလ်တွေသာဖြစ်ပါတယ် ။ ဘုရား၊ရဟန္တာတို့ရဲ့ ကုသိုလ်ကတော့ ဘ၀သစ်ဖြစ်ခြင်းငှာ အကျိုးမပေး နိုင်တော့သော မဟာကြိယာကုသိုလ် ကြီးသာဖြစ်ပါတယ် ။   
                             
              အမှန်တရားကိုမြတ်နိုးသော ချစ်စွာသောစာရှုသူ -   မိမိခန္ဓာမှာ ဖြစ်ပျက်နေမှုအစုစုကို ဉာဏ်ဖြင့် သေချာဆင်ခြင်သုံးသပ်ကြည့်ပါကုန်။ မိမိသန္တာန်မှာ ဖြစ်လာသမျှသော ကုသိုလ်၊အကုသိုလ် တရားတွေဟာ ရှေ့က ဖြစ်ပြီးသော ကုသိုလ်၊အကုသိုလ်တရားတွေရဲ့ အဖန်တလဲလဲ ပွားများခြင်းဟူသော အာသေ၀နပစ္စယအလုပ်သာရှိပြီး ငါ့အလုပ် ရယ်လို့ ဘယ်မှာမှ ရှာမရပါကလားဟု နားလည်သိရှိသွားပါလျှင် သက္ကာယဒိဋ္ဌိ(ငါစွဲ)ပျောက်နိုင်ပါသည်။ အာသေ၀နပစ္စယ ၏ အကြောင်းအထောက်အပံ့ကို ရွတ်ဖတ်ရုံမျှမက အဓိပ္ပါယ်သဘောတရားကို ဉာဏ်ဖြင့်ဆင်ခြင် သုံးသပ်၍ သိလာရသော ကိုယ်ပိုင်အသိတရားတို့ကို သို့လောသို့လော တွေးတောယုံမှားခြင်းမရှိပဲ ယုံကြည်သဒ္ဓါ ခိုင်မြဲစွာဖြင့် ဆင်ခြင်သုံးသပ်၊ ပွားများအားထုတ် သွားမည် ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သံသရာပြတ်ကြောင်း မဂ္ဂင်အကျင့် ကောင်းကို ရရှိပိုင်နိုင်လျက် ဖြစ် ဆင်းရဲ၊ ပျက် ဆင်းရဲတို့ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မျက်မှောက် ပြုနိုင် ပါမည့်အကြောင်း သတင်းကောင်းပါး လိုက်ရပါသည် ။         
                                                                              ဝီမံသာ  (၁၃-၇-၂၀၁၄)


Sunday, December 11, 2016

ဒီနေ့ အတွေး



When money is speaking, the truth is silent.
(ငွေကစကားပြောနေတဲ့အခါ အမှန်တရားကတိတ်ဆိတ်သွားရတယ်) တဲ့ ။
လောကမှာ ပိုက်ဆံမလိုချင်တဲ့လူတော့ မရှိလောက်ပါဘူး ။ ပိုက်ဆံက လိုအပ်တာတွေ လိုချင်တာတွေရဖို့ အဓိက အရေးကြီးတဲ့အရာလေ ။ ကျနော်လဲ ပိုက်ဆံရှိချင်တာပေါ့ ။ ပိုက်ဆံမရှိလို့ ကိုယ်လုပ်ချင်တာမလုပ်ခဲ့ ရတာတွေလဲ ဘဝမှာ အများကြီးပါ ။
ဒါပေမဲ့ ကျနော်စဉ်းစားတတ်တဲ့အချိန်ကစပြီး ပိုက်ဆံက စကားပြောလာလိုက်တာ ကျနော့်ပတ်ဝန်းကျင်မှာရော ၊ ကျနော့်အတွင်းထဲမှာရော ၊ ဆူညံပွက်လောရိုက်လို့ ၊ ကျနော်မြတ်နိုးရတဲ့ ရင်ထဲက ရှိပြီးအမှန်တရားတချို့တောင် ပျောက်ကွယ်လုမတတ် တိတ်ဆိတ်ငြိမ်သက်လို့ ၊ ကျနော်ရှာဖွေချင်တဲ့ အမှန်တရားဟာလဲ လောကမှာဆိတ်သုန်း နေ သယောင် ဖြစ်လာရတယ် ။ ငယ်ကတဲက တိတ်ဆိတ်မှုကိုနှစ်သက်ခဲ့တော့ ဆူညံသံတွေကို နားမခံနိုင်တော့ဘူး ။
ဒီလိုနဲ့ ပိုက်ဆံနဲ့ကျနော် ခပ်တန်းတန်းဖြစ်လာပါတော့တယ် ။ မရှိသုံးဆိုတဲ့အဆင့်မှာပဲ ထားတော့တယ် ။ လိုအပ်သလောက်ပဲ လိုချင်တော့တယ် ။ လူတချို့ပြောကြတယ် -  Money makes everythings. ( ငွေက အရာရာကိုလုပ်နိုင်တယ် ) တဲ့ ။ ကျနော်လေ - သူတို့ပြောတဲ့ ဘာမှမလုပ်နိုင်တဲ့သူ ဖြစ်ရင်လဲဖြစ်ပါစေတော့ဗျာ ။ (ငွေထက်ပိုတန်ဖိုးကြီးတဲ့) ရင်ထဲက ချစ်ခြင်းမေတ္တာ တရားတွေ ၊ ကိုယ်ချင်းစာနာစိတ်တွေ ၊ ကရုဏာစိတ်တွေ ၊ ကိုယ်ကျင့်သိက္ခာ ၊ ပညာ ၊ သီလ စတာတွေ ကို ပိုက်ဆံအတွက်နဲ့တော့ အဆုံးရှုံးမခံနိုင် ၊ လဲမပစ် နိုင်ပါဘူး ။ ကျနော်မြတ်နိုးတဲ့ အဲဒီအမှန်တရားတွေက တိတ်ဆိတ်တယ် ၊ နူးညံ့သိမ်မွေ့တယ် ၊ လိုအပ်သူကို လိုအပ်သလို နွေးထွေးမှု ၊ အေးမြကြည်လင်မှုတွေ ပေးစွမ်းနိုင်တယ်လို့ သိထားရလို့ပါ ။
ကျနော်ပြောခဲ့တယ်လေ ၊ ကျနော်က တိတ်ဆိတ်တာကိုနှစ်သက်တယ်လို့ ။ ကျနော်သိတဲ့ ရင်ထဲကအမှန်တရားတွေ တောင် ဒီလောက်တိတ်ဆိတ်ငြိမ်းချမ်းနေရင် ကျနော်ရှာဖွေနေတဲ့ အမြတ်ဆုံးအမှန်တရားက ဘယ်လောက်များ တိတ်ဆိတ်ငြိမ်းချမ်းနေလိုက်မလဲ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်က မဟာလူသား သိဒ္ဓတ္ထ ၊ တထာဂတ ၊ ဂေါတမဗုဒ္ဓ ဆိုတဲ့ ကျနော်တို့ဆရာသခင် ဘုရားရှင်က ဒီလိုညွှန်ပြခဲ့ပါတယ် ။
( လိုချင်တပ်မက်မှုကင်းသောအခါ  ဖြစ်ခြင်း ၊ ပျက်ခြင်းတို့မှ ကင်းဆိတ် ၊ ချုပ်ငြိမ်းနေသည်ဖြစ်၍ ဘဝဒုက္ခအပေါင်းတို့မှ လွတ်မြောက်ရာသည်ရှိ၏ ။ ထို ချုပ်ငြိမ်းခြင်း ၊ လွတ်မြောက်ခြင်း အကြောင်းတို့ကြောင့် ထိုအရာသည် ပကတိ(သန္တိသုခ) အေးငြိမ်းသောသဘောရှိ၏ ။ ထိုအရာကို  ( နိဗ္ဗာန် ) ဟု ငါဘုရား ကိုယ်ပိုင်ဥာဏ်ဖြင့်သိမြင်ခဲ့ပေပြီ ။ )

ကဲ - ကျနော် - ဒါကိုရှာဖွေဖို့ - ဆူညံပူညံနိုင်လှတဲ့ ပိုက်ဆံကို လိုချင်တပ်မက်နေဦးမှာလားဗျာ ။

                                                ( ဝီမံသာ ) 12-12-2016

Monday, November 21, 2016

သားကြီးသို့ ပေးစာ (၁)စောင်



သားကြီးရေ -
မင်းတောင်းဆိုတာတခုခုကို အဖေမလိုက်လျောနိုင်တိုင်း လေသံမာ၊မျက်နှာနီတော့ သားက အဖေ စိတ်ဆိုးနေတယ် လို့ ထင်တယ်နော် ၊ တကယ်တော့ စိတ်ဆိုးတာမဟုတ်ပါဘူးသားရေ ။ သားလိုအင်ကို မဖြည့်ဆည်းပေးနိုင်လို့ စိတ်မကောင်း  ဖြစ်နေ ၊ ရှက်နေမိတဲ့ ဖခင်တယောက်ရဲ့ခံစားချက်ကို သား သိနိုင်မှာမဟုတ်ပါဘူးလေ ။

မင်းအတွက် မင်း(၁၉)ရက်သားလေးမှာ ရှိတဲ့ဘွဲ့လက်မှတ်ကြီးအသာခေါက်သိမ်းပြီး မလေးရှားကို အလုပ်ကြမ်းသွားလုပ် ခဲ့တာ ၊ တနှစ်လုံး မျက်ရည်ကိုမြိုချ ၊ သံဗုဒ္ဓေမပြတ် စိတ်မှာရွတ်ရင်း ခါးကျိုးတဲ့အထိ အဖေကြိုးစားခဲ့တာ သားမသိနိုင်ပါ ဘူးလေ ။ အဖေက ပြန်လာတော့ သားလေးလန့်မှာစိုးလို့ တနှစ်လုံးမညှပ်ခဲ့တဲ့ ဆံပင်ရှည်ဘုတ်သိုက်ကြီးကို အိမ်မရောက် ခင် ကြိုညှပ် ၊ သပ်ရပ်အောင်ပြင်ခဲ့တာကိုး ။

ခုလို အရာရှိဖြစ်ခါနီးမှာ အဖေ သားကိုမေးခဲ့ပါတယ် ၊ အပြင်စီးပွားရေးလုပ်ပြီး ငွေရွှင်တာကြိုက်သလား ၊ အဖေ့ပညာနဲ့ အညီ အရာရှိတယောက်ရဲ့သားအဖြစ်နေရတာ ကြိုက်သလား ၊ သားကိုရွေးချယ်ခွင့်ပေးခဲ့ပါတယ် ။ သားက AE သား ဖြစ်ရတာ ဂုဏ်ယူတယ်ပြောလို့ အဖေ ဒီဘဝကိုရွေးချယ်ခဲ့တာ သားသိမှာပါ ။

သူများအရာရှိတွေ ကားတဝီဝီစီးလို့ သုံးနိုင်၊ဖြုံးနိုင်နေကြတာ သားကြည့်ငေးရင်း မျက်နှာငယ်နေရှာမှာ သိပါတယ် ။ အဖေ့ ကိုလဲ ညံ့ဖျင်းတဲ့အဖေအဖြစ် အထင်သေးကောင်းသေးနေမှာပါ ။ သူတို့ရှိတာ သူတို့အကြောင်းနဲ့သူတို့မို့ မပြောလိုပေမဲ့ တခုတော့ရှိပါတယ်သားရေ ၊ အဖေ ကားဝယ်နိုင်လောက်အောင် ၊ သားလိုချင်တာတွေ ဝယ်ပေးနိုင်လောက်အောင် ၊ သား သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးနိုင်လောက်အောင် အဖေ့ လစာနဲ့ မလုံလောက်ပါဘူးသားရေ ။ နိုင်ငံတော် ဆင်းရဲလို့ လစာမပေးနိုင်တာ အဖေ့ကိုအပြစ်မတင်လိုက်ပါနဲ့သားလေးရယ် ။

သားကပြောမယ် - သူတို့လိုလုပ်စားပါလား လို့ ၊ သားရယ် - - - -
မသန့်ရှင်းတဲ့ငွေတွေ သားကိုမပေးချင်တာ ၊ လိပ်ပြာသန့်စွာ သားကို စားစေချင်တာ နားလည်နိုင်ပါ့မလား ။  အဖေကလေ အဖေသေသွားတောင် ၊ နောင် နှစ်ပေါင်းများစွာ ကြာတဲ့ထိ ၊ သား လူကြီးတယောက်ဖြစ်တဲ့အထိ သုံးလို့ရတဲ့ ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ၊ မှန်ကန်တဲ့အမွေ ( ရိုးသားမှု နဲ့ ပညာ ) ကိုသာ သားကိုပေးခဲ့ချင်တာပါ ။

အခု သားအလိုမပြည့်ပေမဲ့ ၊ အခု ဆင်းရဲနေပေမဲ့ ၊ တချိန်မှာ သားလူလားမြောက်လို့ မိမိတတ်တဲ့ပညာနဲ့ ရိုးသားစွာ လုပ်ကိုင် ကြီးပွားလာတဲ့တနေ့ကျရင်  အဖေ့စာကို နောက်တကြိမ်ပြန်ဖတ်ပါ ။ အဲဒီတော့မှ အပြည့်အဝနားလည်နိုင်မှာပါ သားကြီးရေ ။

( သားရဲ့ အဖေ ) 21-11-2016 (12း55 PM)
( ဝီမံသာ )

Wednesday, July 27, 2016

အတွေးတခု



- ဦးနှောက်ကောင်းဖို့ ကြိုးစားနိုင်ပါသည် ။
သို့သော် - စိတ်ကောင်းထားဖို့ကိုတော့ ဘယ်တော့မှမမေ့လိုက်ပါနှင့် ။

- ဦးနှောက်ကောင်းလျှင် တဘဝတော့ စံနိုင်ပါသည် ။
သို့သော်- သေလွန်သည့်အခါ လူသေ၏ဦးနှောက်သည် အဘယ်မှာသုံးစားရနိုင်ပါမည်နည်း ။

- စိတ်ကောင်းရှိသူသည် ယခုဘဝ ဝဋ်ဆင်းရဲကိုပင် သည်းခံလျက် မိမိစိတ်ကောင်း၊စေတနာကောင်းတို့ကို ဘယ်တော့မှမစွန့်လွှတ် ။ 

ထိုသူအား ပစ္စုပ္ပန် ၊ သံသရာတလျောက် ကောင်းကျိုးချမ်းသာအစဉ်ခံစားရမည်ဖြစ်ကာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာနိဗ္ဗာန်တိုင်အောင်ပင် ထိုစိတ်ကောင်း၊စေတနာကောင်းတို့က ပို့ဆောင်ပေးနိုင်ပါလိမ့်မည် ။

ဘုရားရှင်ကို ကြည်ညို ၊ ယုံကြည်လျှင် ဘုရားရှင်ညွှန်ပြတော်မူသော ကမ္မနိယာမကို ယုံကြည်လျက် အသက်ထက်ဆုံး စိတ်ကောင်းစေတနာ မွေးမြူနိုင်ပါစေသတည်း ။

                                                ( ဝီမံသာ ) 28-7-2016 (3:32 am)

( မှတ်ချက် ။ ဆရာကြီး ဒေါက်တာမင်းတင်မွန်၏ (ဘဝဖန်တီးရှင်ကံတရား) စာအုပ်ကို ဖတ်အပြီးတွင် ပေါ်လာသော အတွေးဖြစ်ပါသည် ။ )

Monday, June 13, 2016

၁၁ ။ ပစ္ဆာဇာတပစ္စယ (နိဒ္ဒေသ)

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ  ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော ။


          နောက်မှဖြစ်လာမယ့် စိတ်၊စေတသိက်တရားတွေဟာ ရှေးဦးဖြစ်နှင့်ပြီးသားရုပ်တရားတွေကို ပစ္ဆာဇာတပစ္စယ အကြောင်းအထောက်အပံ့နဲ့ ကျေးဇူးပြုတတ်ပါသေးတယ် ။
          ပဉ္စဝေါကာရဘုံသား(လူ၊နတ်၊သတ္တ၀ါ)တွေမှာ အရူပ၀ိဉာတ်(၄)ပါးဖယ်လို့ ကျန်စိတ်(၈၅)ပါး ၊ ဆိုင်ရာစေတသိက် (၅၂)ပါးတို့ဟာ အနာဂါတ်မှာ မလွဲမသွေဖြစ်လာစရာရှိပါတယ် ။ အဲဒီဖြစ်လာမဲ့စိတ်၊စေတသိက်တရားတွေကို အကြောင်း ပြုလို့ ယခု ပစ္စုပ္ပန်မှာ ကမ္မဇရုပ် ၊ ဥတုဇရုပ် ၊ အာဟာရဓဇရုပ် ၊ စိတ္တဇရုပ် လို့ခေါ်တဲ့ ရုပ်တရားလေးပါးဟာ ဖြစ်ကြပျက်ကြ ရပါတယ် ။ ဒါဟာ ပစ္ဆာဇာတပစ္စယ အကြောင်းအထောက်အပံ့ပါပဲ ။
          ရှေးဆရာများက ဠင်းတငှက်ဥပမာနဲ့ အဓိပ္ပါယ်ဖွင့်ကြပါတယ် ။ ဠင်းတမိဘနှစ်ပါးဟာ ငှက်ပေါက်လေးတွေမွေးပြီး တာနဲ့ အသိုက်မှာထားခဲ့ပြီး အစာရှာထွက်သွားပါတယ် ။ ဠင်းတပေါက်ကလေးတွေမှာ ဆာလောင်နေပေမဲ့ သူတို့မိဘတွေ ပြန်လာရင်စားရမှာပဲ ဆိုတဲ့အသိနဲ့ မျှော်တလင့်လင့်ပေါ့ ။ အချိန်တန်ပြန်လာတော့ ဘာအစာမှပါမလာပါဘူး ။ ကဲ-ဒီနေ့ မပါသေး နောက်နေ့ပေါ့ ၊ဒီလိုနဲ့ဆက်မျှော် ၊ နောက်နေ့လဲမပါ ။ (တော်တော်ရက်စက်တဲ့ လဒမိဘတွေနော်) ကုန်ကုန်ပြော ရရင် သူတို့အစာရှာနိုင်တော့မှပဲ ဠင်းတငှက်ကလေးတွေခမျာ စားရပါတော့တယ် ။ အစာမစားရပဲ ဘာလို့အသက်ရှင်နိုင် သလဲဆိုတော့ (အဖေအမေပြန်လာရင်စားရမယ်)ဆိုတဲ့မျှော်လင့်ချက် ၊ (တကယ်မစားရပါပဲနဲ့နောက်တော့စားရမှာပေါ့) ဆိုတဲ့အသိက ပစ္ဆာဇာတပစ္စယသတ္တိနဲ့ အထောက်အပံ့ပြုထားလို့သာ အသက်ရှင်နေနိုင်တာပါ တဲ့ ။
          ကဲ - ကျနော်တို့ လူတွေမျှော်လင့်တယ်ဆိုတာ လဒလေးတွေ ဘယ်မှီမလဲနော် ။ သူတို့ခမျာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာ ။ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီး ကြည်ညိုဖို့ကောင်းလိုက်တာ ၊ ပစ္ဆာဇာတ ပစ္စယ ပုဒ်ကလေး ကျဉ်းကျဉ်းလေးနဲ့ အနက်အဓိပ္ပါယ် ကျယ်ဝန်းလိုက်တာ ၊ တလောကလုံးကို ခြုံငုံမိအောင်ပါပဲ ။ ( မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ် ) ဆိုတာ ၊ အံ့သြဖို့ကောင်းလိုက်တာနော် ။
          ခု ကျနော်တို့ လူတွေ လုပ်ကိုင်၊ကြံစည်၊ပြောဆို၊ပြုမူ၊ကြိုးစားအားထုတ်နေသမျှဟာ အနာဂါတ်အတွက်ပဲ မဟုတ် လားခင်ဗျာ ။ အိမ်ရှင်မဟာ နေ့လည်ထမင်းစားဖို့အတွက် မနက်ကတည်းက တကုပ်ကုပ်နဲ့ ထမင်းချက်တယ်၊(ချက်တဲ့ အချိန် စားသေးတာမဟုတ်) ။ ကျောင်းသားဟာ နောက်နေ့စာမေးပွဲဖြေဖို့အတွက် ဒီနေ့ကတည်းက စာကျက်တယ်၊ (ကျက်တဲ့အချိန် ဖြေရသေးတာမဟုတ်) ။ အလုပ်သမားဟာ နေကုန်ရင်ပိုက်ဆံရဖို့အတွက် မနက်ကတည်းက ခါးချိ အောင် အလုပ်လုပ်တယ် ။ (လုပ်နေချိန် ပိုက်ဆံရတာမဟုတ်)။ အလှုရှင်တွေဟာ လာမဲ့သံသရာဘ၀ခရီးလမ်းတလျောက် ချမ်းချမ်းသာသာနေရအောင်လို့ ဒါနကုသိုလ်တွေပြုကြတယ် ။ (လှုနေချိန်ချမ်းသာလာတာမဟုတ်) ။ နောက်ဆုံး ကုန်ကုန် ပြောရရင် ခုစက္ကန့်မှာ အသက်ရှုလိုက်တာဟာ နောက်စက္ကန့်အသက်ရှင်ဖို့ပဲမဟုတ်လားဗျာ ။
          တချို့လူတွေပြောကြတယ် ။ ငါ့အနာဂါတ် မှောင်မိုက်နေတယ် တဲ့ ။ မျှော်လင့်ချက်မဲ့တဲ့ဘ၀မှာ ရှင်သန်ခြင်းဟာ အလကားပါပဲတဲ့ ။ ဟုတ်ပါတယ် ။ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ ၊ မျှော်လင့်စရာဘာမှမရှိ ၊ ဘာဖြစ်လာမယ်မှန်းမသိ ဆို တဲ့ အခြေအနေမျိုးမှာ လူတွေဟာ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး ၊ အိပ်ပဲနေချင်တော့တယ် ၊ အသက်တောင် မရှင်ချင်တော့ဘူး ဆိုတာဟာ နောင်ဖြစ်လာမဲ့ အားကောင်းတဲ့စိတ်စေတသိက်တရားတွေရဲ့ အကြောင်းအထောက်အပံ့ ကို မရလို့ လက်ရှိရုပ်တရားတွေ အားနဲချိနဲ့ ကုန်ကြတာပါပဲ ။
          ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရဲ့ ပုံပြင်လေးတပုဒ် စိတ်ထဲစွဲနေတယ် ။ ခွေးနက်ကြီးနှစ်ကောင် အလိုက်ခံရလို့ ထွက်ပြေးလာတဲ့ လူဟာ ရေတွင်းပျက်ကြီးထဲပြုတ်ကျသွားတယ် ၊ ရေတွင်းဘောင်မှာပေါက်နေတဲ့ နွယ်ပင် လေးကို သွေးရူးသွေးတမ်းဖမ်းဆုပ်ရင်း အလယ်ခေါင်မှာတွဲလွဲခိုလို့ ၊ အောက်မှာ ရေတွင်းအပြည့်လောက်ကြီးတဲ့ ပင့်ကူ ကြီးက ပြုတ်ကျလာရင် စားဖို့စောင့်နေ ၊ ဒီကြားထဲ ဧရာမကြွက်ကြီးတကောင်က သူခိုထားတဲ့နွယ်ပင်နွယ်ကြိုးလေးကို တရိရိပြတ်အောင် ကိုက်ဖြတ်နေပြန်တယ် ၊ ဒီလောက်အသည်းထိတ်စရာကောင်းပြီး အန္တရာယ်ကြားထဲကပဲ ဒီလူဟာ နွယ်ပင်အဖျားမှာ တင်နေတဲ့ ပျားရည်လေးတစက်ကိုမြင်တော့ အငမ်းမရ လျှာနဲ့လျက်လိုက်ပါသေးတယ် တဲ့ ။ ဒါဟာ လူ့ဘ၀ပါပဲ ။ ဘယ်လောက်မှောင်မိုက်နေပါစေ၊ဘယ်လောက်အန္တရာယ်တွေကြားထဲရောက်နေပါစေ ၊ အချိန်ရဲ့ တရိရိ ကိုက်စားခြင်းကိုခံရပြီး ဘယ်လောက်ပဲ သေမင်းခံတွင်းဝ ရောက်နေပါစေ ။ လူဟာ နောက်စက္ကန့်လေး အသက်ရှင်ခွင့်
ဆိုတဲ့ ဘ၀တဏှာ၊အလိုဆန္ဒ၊မျှော်လင့်ချက်ပျားရည်လေးတစက်ကို အငမ်းမရလျက်ရင်း ရုန်းကန်၊အားထုတ်၊ပျော်ရွှင် နေနိုင်ကြတာ ဖြစ်လာမဲ့စိတ်စေတသိက်တရားတွေက လက်ရှိရုပ်တရားကို ကျေးဇူးပြုလိုက်တဲ့ ပစ္ဆာဇာတပစ္စယသတ္တိပါပဲ။
          ပစ္ဆာဇာတ ပစ္စည်းကို ဆင်ခြင်သုံးသပ်ရင်း ဘုရားရှင်ရဲ့အဆုံးအမတခုဖြစ်တဲ့ ( ယောနိသောမနသိကာရ ) အသင့် အတင့် နှလုံးသွင်းပါ (တနည်း) အကောင်းမြင်စိတ်ကိုမွေးပါ ဆိုတာကို ပိုလို့ယုံကြည်လိုက်နာမိလာပါတယ် ။ အကောင်း မြင်စိတ်ရှိသူဟာ အပြုသဘောဆောင်တဲ့မျှော်လင့်ချက်တွေ တောက်ပနေတတ်တယ် ။ အနာဂါတ်မှာ ဖြစ်လာစရာရှိတဲ့ စိတ်ဓါတ်တွေဟာလဲ ကောင်းမွန်၊ခိုင်မာ၊အားကောင်းနေတော့ ပစ္စုပ္ပန်အပြုအမူ ၊ အားထုတ်မှုတွေဟာလဲ ကြည်လင် ၊ တက်ကြွလို့ ကောင်းတဲ့ဘ၀တွေကိုပဲ ဖြစ်စေတော့မှာပါ ။ လူ့လောက ကောင်းကျိုးဆောင်သွားခဲ့ကြတဲ့ မြတ်ဗုဒ္ဓ ၊ သခင် ယေရှု ၊ ဗိုလ်ချုပ်အောင်ဆန်း ၊ မဟတ္တမဂန္ဓီ ၊ အိုင်စတိုင်း ၊ အယ်ဒီဆင် - - - စတဲ့ နယ်ပယ်စုံက ပုဂ္ဂိုလ်ကြီးတွေဟာ ဒီ အကောင်းမြင်စိတ် ရှိတဲ့သူတွေပဲဆိုတာ သိနိုင်ပါတယ် ။
                              အမှန်တရားကိုမြတ်နိုးသော ချစ်စွာသောစာရှုသူ -   မိမိခန္ဓာမှာ ဖြစ်ပျက်နေမှုအစုစုကို ဉာဏ် ဖြင့် သေချာဆင်ခြင်သုံးသပ်ကြည့်ပါကုန်။ ပစ္စုပ္ပန်ရုပ်တရားတွေဟာ အနာဂါတ်မှာဖြစ်လာစရာရှိတဲ့ စိတ်စေတသိက် တရားတွေရဲ့ ပစ္ဆာဇာတပစ္စည်း  အကြောင်းအထောက်အပံ့ကြောင့်သာ  ဖြစ်ပျက်လေ့ရှိကြပါတယ် ။ ငါ့ရုပ် ၊ ငါ့အလုပ် ရယ်လို့ ဘယ်မှာမှ ရှာမရပါကလားဟု နားလည်သိရှိသွားပါလျှင် သက္ကာယဒိဋ္ဌိ(ငါစွဲ)ပျောက်နိုင်ပါသည်။ ပစ္ဆာဇာတပစ္စယ ၏ အကြောင်းအထောက်အပံ့ကို ရွတ်ဖတ်ရုံမျှမက အဓိပ္ပါယ်သဘောတရားကို ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်၍ သိလာရသော ကိုယ်ပိုင်အသိတရားတို့ကို သို့လောသို့လော တွေးတောယုံမှားခြင်းမရှိပဲ ယုံကြည်သဒ္ဓါခိုင်မြဲစွာဖြင့် ဆင်ခြင်သုံးသပ်၊ ပွားများအားထုတ် သွားမည် ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သံသရာပြတ်ကြောင်း မဂ္ဂင်အကျင့် ကောင်းကို ရရှိပိုင်နိုင်လျက် ဖြစ် ဆင်းရဲ၊ ပျက် ဆင်းရဲတို့ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မျက်မှောက် ပြုနိုင် ပါမည့်အကြောင်း သတင်းကောင်းပါး လိုက်ရပါသည် ။          ။     

                                                                               ဝီမံသာ
  (၂၀-၃-၂၀၁၄)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည် ။   (စာရေးသူ)