ကျနော် - ငယ်ငယ်ထဲက ခု အသက်(၅၀)ပြည့်လုနီးပါးအထိ - တခါမှ သေချာမလုပ်ဖူးခဲ့တဲ့ (သည်းခံခြင်း) လေ့ကျင့်ခန်းတခုကို လုပ်ဖြစ်ခဲ့တယ် ။
စ စချင်းမှာ - ငါ့ကို ဘယ်သူဘာပြောပြော ၊ ဘာလုပ်လုပ် သည်းခံမယ် လို့ အဓိဌာန်အတွေးနဲ့ စခဲ့တာ ။ အဲဒါ အောင်မြင်ဖို့အတွက် စိတ်ထဲမှာ တလျှောက်လုံး သမ္ဗုဒ္ဓေ ဂါထာတော်ကြီးကို ရွတ်နေခဲ့ရတာ ၊ ဒီ ဂါထာတော် ကြီးက ကျနော့်အသက်ကို အကြိမ်ကြိမ်ကယ်ခဲ့တယ်လို့ ယုံကြည်အားထားရလို့လေ ။
ဒီနေ့ အားလပ်ရက်ဆိုတော့ အလုပ်ကိစ္စဖိစီးမှုနဲပါးတော့ အာရုံစုစည်းမှု ပိုမြန်ဆန်ခဲ့တယ် ။ တိုတိုပြောရရင် ငါ့ကိုဘယ်သူဘာပြောပြောသည်းခံမယ် ဆိုတဲ့အတွေးကနေ ငါ ဘာဖြစ်ဖြစ် ဖြစ်လာသမျှအပေါ် သည်းခံမယ် လို့ ( အပြင်ကိုဂရုစိုက်နေရာက အတွင်းကိုပြန်လှည့်လာတဲ့ မှန်ကန်တဲ့သမာဓိဖြစ်ပေါ်မှုဟာ ) အချိန်တို အတွင်း ( မနက် - ၆နာရီနိုးချိန်က စ - ၂ -နာရီလောက် အကြာမှာ ) ဂါထာတော်ကြီးတန်ခိုးနဲ့ စုစည်းမိ လာတယ် ။ ဥပမာပြောရရင် - ( မိန်းမလုပ်သူရဲ့ စိတ်တိုငေါက်ငန်းသံတွေ (အရင်ကဆို) ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် - ဒင်းက ဘာလို့ဒီလိုပြောရလဲလို့ စိတ်ဆိုးပစ်မိရာက - ခုကျတော့ ပထမတော့ - သူဘာပြောပြော - ငါသည်းခံပါ့မယ်လေ ၊ နောက် - ပိုကြာလာတော့ - ဒီအပြုအမူတွေအပေါ် ငါ့စိတ်က ဒေါသဖြစ်နေတယ် ၊ ဒီဒေါသစိတ်ကို သည်းခံ လိုက်ပါ့မယ်လေ လို့ အတွေးအခေါ်တွေ ပြောင်းလဲလာတယ် ) ဒီကစ အလေ့အထ ဖြစ်လာတော့ - အပြင်ပတ်ဝန်းကျင် အပြုအမူတွေအပေါ် ကိုယ့်စိတ်ကတုံ့ပြန်နေတဲ့ စိတ်ဖြစ်ပေါ်မှုတွေကိုပဲ ပြန်သုံးသပ်ရင်း - (ငါ ဒေါသစိတ်ဖြစ်နေတယ် ၊ ဒီစိတ်လေးကို သည်းခံပါ့မယ် ၊ မဖြစ်စေရဘူး ။ ငါ လောဘ စိတ် ဖြစ်ပြန်ပြီ ၊ ဒီစိတ်ကို ငါသည်းခံမယ်) နောက်ဆုံး - ကုန်ကုန်ပြောရရင် - သူ ဒီလိုပြောနေတာ မဟုတ် သေးဘူး ၊ ငါတခုခုပြောမှ - ဒီလိုအတွေးဝင်လာရင်တောင် - ဟော - ငါ ဆရာလုပ်ချင်တဲ့ မာနစိတ်ဝင်လာပြန် ပြီ ။ နောက်မှပြောတော့မယ် ၊ ဒီစိတ်ကိုလဲ သည်းခံလိုက်ပါ့မယ် ။ အဲလိုနေလာလိုက်တာ အံ့သြစရာကောင်း တာက မနေ့တနေ့က စီးပွားရေး၊လူမှုရေး အဆင်မပြေမှုတွေကြောင့် (အနဲဆုံးလင်မယားရန်ဖြစ်ရလောက်တဲ့) အခြေအနေတခုကနေ တမနက်လုံး အေးချမ်းစွာ ကျော်ဖြတ်နိုင်ခဲ့တယ် ။
ဒါပေမဲ့နော် ၊ ဒီအချိန်ထိ (ငါ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးသလို သည်းခံနေရတယ်) ဆိုတဲ့ အနုသယ မာနလေး က အတွင်းစိတ်မှာ ကိန်းဝပ်နေတုံး ။ (တကယ်သည်းခံနိုင်တယ်ဆိုတဲ့အဆင့်မရောက်သေးတာပေါ့) ။
ကံကောင်းချင်တော့ - ကျနော် တယောက်ထဲ နေ့လည်(၁)နာရီကျော်လောက်က စ ကျန်ခဲ့တယ် ။ အဲဒီအချိန် မှာ ရင်ကြပ်တာ ပြန်ပေါ်လာတယ် ။ ( မိမိဝေဒနာကို မိမိပြန်သည်းခံရတာ အပြင်ကပေးတဲ့ဝေဒနာကို သည်းခံ ရတာထက် ပိုနက်ရှိုင်းမှန်း သိလိုက်ရတယ် ) ။ သည်းခံမယ် ဆိုတဲ့ အဓိဌာန်ကြောင့် အာရုံစုစည်းမှု (သတိ) ပိုအားကောင်းလာတယ် ။ စိတ်ကတုံ့ပြန်လာတဲ့ တင်းကြပ်မှု(ဒေါမနဿ)တွေကို ဆက်တိုက်သိ ၊ ဆက်တိုက် သည်းခံ ၊ လိုအပ်တဲ့ပြုပြင်မှု(ဆေးဝါးမှီဝဲခြင်း၊အနေအထိုင်ပြင်ခြင်း)တွေကိုလဲ သတိရှိရှိနဲ့ ပြုပြင်ပေးရင်း ခန္ဓာ နာပေမဲ့ စိတ်မနာအောင် ထိန်းနိုင်လာတယ် ။ မိမိလုပ်ခဲ့သမျှ အကျိုးအပြစ်တွေက မိမိဘ၀ကို လွှမ်းမိုးနေတယ် ဆိုတာကိုလဲ သိလာရတော့ ဒီလိုမဖြစ်အောင် ငါ အနေအထိုင်ဆင်ခြင်မှ ဆိုတဲ့ မိမိကိုယ်ကိုဆုံးမခြင်းကိုလဲ လုပ်ဖြစ်လာတယ် ။(နောက်နေ့အတွက် သည်းခံခြင်းသင်ခန်းစာကို မိမိကိုယ်တိုင်ရေးဆွဲမိပြီလေ)
- - - - - - - - - - -
ကျနော် - ဒီနေ့တနေ့လုံး (သည်းခံခြင်း) လေ့ကျင့်ခန်းလုပ်ရာက ရလာတဲ့အသိလေးကို ပြန်ရှယ်မဟဲ့လို့ (ဆရာလုပ်ချင်တဲ့မာန်လေးနဲ့) ခု ဒီစာ ရေးနေရင်းကနေ - ငယ်တုန်းကဖတ်ရတဲ့ ၀ိဓူရဇတ်ကို ပြန်သတိရမိ တယ် ။ ပုဏ္ဍကဘီလူးရဲ့မြင်းနောက် ခြေနှစ်ချောင်းကြိုးနဲ့ဆွဲ ၊ ခလုတ်ကန်သင်း၊တောင်၊ချောက် အစုံ တိုက်ချ ခံခဲ့ရတဲ့ ၀ိဓူရအမတ်ကြီး ၊ နဂါးပြည်ရောက်တဲ့အထိ တရားမပျက်ခံနိုင်ခဲ့တဲ့ သည်းခံခြင်း ၊ ( သူ ပုဏ္ဍက ကို သည်းခံခဲ့ရတာမဟုတ် ၊ မိမိ သတိတရားမှ ချွတ်ယွင်းမသွားရအောင် မိမိကိုယ်မိမိ ဝေဒနာကိုသည်းခံရင်း ဆောက်တည်တော်မူခဲ့တာ ) - - - အလောင်းတော်ကြီးတို့ရဲ့ ဒီလိုပါရမီမြောက် သည်းခံခြင်းကိုသတိရတော့မှ ငါ့ကိုယ်ငါ သည်းခံနိုင်လှပြီထင်တာ - တကယ်တော့ ဒီနေ့ ငါ့ရဲ့ သည်းခံခြင်းစာမေးပွဲက အောင်မှတ်(၄၀%) ရရုံလောက်ကလေးပဲ ရှိပါသေးလားဆိုတာ (ရှက်ရွံ့စွာ) တွေးမိရင်း - - - ။
ချမ်းမြေ့ပါစေ ။
( ၀ီမံသာ ) 5-12-2015 (10:57pm)