Thursday, August 13, 2015

မပြောခင် အရင်စဉ်းစားပါ


နေမကောင်းဖြစ်နေတာကြာပြီ ။ ချောင်းဆိုးလွန်းတော့ တံတွေးအဆင်သင့်ထွေးချနိုင်အောင် ထွေးခံလေး ဆောင်ထားရတယ် ။ ခုမနက် ချောင်းဆိုးပြီးချွဲဟန့်လိုက်တော့ ထွေးခံထဲမှာ မနေ့ကထွေးထားတဲ့ တံတွေး အရည်တွေပေါ်မှာ လိပ်ပြာလေးတကောင် ပက်လက်ကလေး သေ လို့ ။ ချောင်းကလဲ အရမ်းဆိုးနေ ၊ ချွဲက တောက်လျှောက်ဟန့်ထုတ်နေရတော့ သူ့အပေါ် တံတွေးထွေးချသလို ဖြစ်နေတာပေါ့ ။ ( သြော် ဖြစ်ရလေ လိပ်ပြာလေးရယ် ၊ လှတပတ လိပ်ပြာလေးဘ၀မှာတောင် သူများတံတွေးခွက်ထဲ ပက်လက်လေးသေရရှာပါ လား ) ။ ဒါကို သေချာစဉ်းစားပါနော် ။ သိပ်ကြောက်ဖို့ကောင်းတဲ့ ၀ဋ်ကြွေးတွေဆိုတာ ။ ပုံစာကိုလဲ သေချာဖတ် ကြည့်ပါ ၊ ဓမ္မပဒပါဠိတော်ထဲက စဉ်းစားဆင်ခြင်စရာလေးတွေ ။
ဟိုရက်က မြင်လိုက်၊ကြားလိုက်ရတယ် ။ နာမည်ကြီးမင်းသားတယောက် - သူ့အသိစိတ်ဓါတ်နဲ့သူ ပရဟိတ လုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်နေတာ ၊ ပြည်သူလူထုက သူ့ကိုပိုချစ်လာကြတယ် ၊ မေတ္တာရောင်ပြန် ဟပ်တာပေါ့ ။ သူ ရေဘေးဒုက္ခသည်တွေကြားမှာ သူ့ကိုယ်သူမငဲ့ သက်စွန့်ဆံဖျားကယ်ဆယ်ရေးလုပ်ရင်း အားပြတ်လို့ နေမကောင်းတောင်ဖြစ်ရတယ် ။ ဒီလောက်အပင်ပမ်းခံတာနော် ။ သူ့စေတနာ နားလည်သူ အများစုကတော့ စိုးရိမ်ကြ သတင်းမေးကြ ဆုတောင်းပေးကြနဲ့ ။ အဲ သူတပါး ဒီလိုသူ့စေတနာနဲ့သူ လူချစ် လူခင်ပေါတာ နာမည်ကြီးတာကို မနာလိုစိတ်ရှိတဲ့သူတွေကလဲရှိခဲ့တယ် ။ မထိန်းနိုင်လောက်အောင် ဣဿာ ၊ မစ္ဆရိယ တွေ ပေါက်ကွဲပြီး ပြောလိုက် ကြတာ (နာမည်ကြီးချင်လို့ တမင်စတန့်ထွင်နေတာ)တဲ့ ၊ ဒီထက်ပိုဆိုး၊ ပိုရိုင်းတာက ပင်ပမ်းလို့ဖျားတာကို (AIDS ဖြစ်နေပါတယ်လို့) ယုတ်ယုတ်မာမာရေးရက်၊ပြောရက်ကြတာ ။ ကျနော် သူတို့ကို သနားနေမိတယ် ။ သူတို့ရဲ့မထိန်းနိုင်တဲ့ ဒီလျှာ ၀စီကံအကုသိုလ် ၊ မနောကံအကုသိုလ် ကြီးတွေ အကျိုးကြောင့် ငရဲမှာ အကြာကြီး ကျင်လည်ခံစားရတော့မယ် ။ ကံကြွေးကုန်လို့ ပြန်တက်လာရင်လဲ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ ၊ လျှာမရှိတဲ့ပြိတ္တာ ၊ နတ်သုဒ္ဓါလိုစားကောင်းသောက်ဖွယ်တွေ စားခွင့်ရပေမဲ့ စားမိတာနဲ့တပြိုင်နက် လျှာအရင်းကနေ ပြတ်ကျရ လောက်အောင် ပူပြင်းလောင်မြိုက်ခံရမဲ့ ဝေမာနိကပြိတ္တာ ၊ ဒီကတဆင့်တက်ပြန်တော့လဲ ခုနက လိပ်ပြာလေး လို လှပပေမဲ့ သူများတံတွေးခွက်မှာ ပက်လက်ကလေး သေရမဲ့ ၀ဋ်ကြွေးတွေ ၊ လူဖြစ်ပြန်တော့လဲ ဆွံ့အ ထုံထိုင်း ၊ နှုတ်ခမ်းကွဲ ပါးစပ်ရွဲ့ ၊ လျှာတို လျှာလိပ် ဒီလို လူမပီမသ ဘ၀တွေ ရပြန်ဦးတော့မယ် ။
ဒါတောင် သူတပါးအကျိုးဆောင်တဲ့ စိတ်ထားမြတ်သူ လူပုဂ္ဂိုလ်ကို စော်ကားတဲ့အပြစ်ပဲ ရှိသေးတာနော် ။ (ဘုန်းကြီးတွေတော်တော်ကြောင်တာပဲ) ၊ (မဘသဘုန်းကြီးဆိုဆွမ်းမလောင်းဘူး) ၊ (သင်္ကန်းပတ်၊ကတုံးတုံး ထားတာကလွဲလို့ မင်းတို့နဲ့ငါ ဘာမှမထူးဘူး) ၊ (၉၆၉ အကြမ်းဖက်ဘုန်းကြီးတွေ) စသဖြင့် မကြားဝံ့မနာသာ သံဃာကိုစော်ကားခဲ့ကြသူတွေကတော့ စောစောကအပြစ်တွေထက် အဆရာထောင်ပိုကြီးလေးတဲ့ ၀ဋ်ကြွေး ကြီးတွေ ပေးဆပ်ကြရဦးတော့မှာပါပဲ ။ သူတို့ မသိရှာတာက ရဟန်းတော်တွေ အညီအညွတ် စည်းဝေးပြီးတော့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းမှန်သမျှဟာ သံဃာထိုက်တယ် ဆိုတာပါပဲ ။ ကုန်ကုန်ပြောရရင် ဒုလ္လဘရဟန်း ဖြစ်ခွင့်ရဖို့ သိမ်တက် ကမ္မ၀ါညှပ်ပေးကြတဲ့ ရဟန်းတော် (၃)ပါးစု ၊ (၅)ပါးစု လေးတောင်မှ သံဃာထိုက်ပါတယ် ဆိုရင် တိပိဋကဆရာတော်ကြီးတွေ အကျိုးတော်ဆောင်ဆရာတော်ကြီးတွေ ၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်ကြီးတွေ အညီအညွတ်စည်းဝေးလို့ဖွဲ့စည်းထားတဲ့ မဘသအဖွဲ့ကြီးဟာ ပိုလို့တောင် သံဃာထိုက် မယ်ဆိုတာ သူတို့မသိကြရှာတာ သိပ်သနားစရာကောင်းပါတယ် ။ သံဃာထိုက်တော့ ဘာဖြစ်တုန်းလို့ ကပ်တီး ကပ်ဖဲ့မေးဦးမဲ့ အမိုက်အမဲလေးတွေကို သနားသဖြင့် ဖြေပေးပါ့မယ် ။ သံဃာဆိုတဲ့ ဘုရားသားတော်အဖွဲ့ကြီး ဟာ ရတနာ(၃)ပါးအ၀င်အပါ ကိုးကွယ်ရာအစစ်ဖြစ်တဲ့ ကိုးပါးသောဂုဏ်တော်တွေနဲ့ ပြည့်စုံသော အဖွဲ့အစည်း ကြီးလို့ (ဘုရား၊တရား၊သံဃာ) ဒါကိုဆက်စပ်တွေးမိရင် ပုဂ္ဂိုလ်စွဲသက်သက်နဲ့ ရတနာသုံးပါးစော်ကားမိသူမှာ သာသနာကွယ်ပြီဆိုတာ သိသင့်၊ကြောက်သင့်ပါတယ် ။ ပရွက်ဆိတ်သတ်ဖို့ အားမထုတ်ရပေမဲ့ ဆင်ကြီးသတ်ဖို့ တော့ ကြီးစွာသော အားထုတ်မှုအကုသိုလ်ကြီးပြုရလို့ ပိုအပြစ်ကြီးသလိုပဲ သာမာန်လူထက် စေတနာမွန်မြတ် တဲ့ လူသူတော်ကောင်း ၊ လူထက် ဂုဏ်တော်(၉)ပါးထိုက်တဲ့သံဃာ ၊ ရှင်သာရိပုတြာ ၊ ရှင်မဟာမောဂ္ဂလန် စတဲ့ မဟာသာဝက အဂ္ဂသာဝက အရိယာရဟန္တာကြီးတွေနဲ့ တတန်းထဲ တဖွဲ့ထဲဖြစ်တဲ့ သံဃာကို စော်ကားမိရင် ဘယ်လောက် အပြစ်ကြီးမလဲ ဆိုတာ တွေးကြည့်မိရုံနဲ့ ကြက်သီးမွေးညှင်းထလောက်အောင် ကြောက်စရာ ကောင်းလှပါတယ် ။
ဒီလောက် စေတနာရှေ့ထား သတိပေးနေတဲ့ကြားက (သူတို့တွေလဲ ဘုန်းကြီးတွေကို ရိုက်ခဲ့၊သတ်ခဲ့ကြတာပဲ ၊ မီးလောင်ဗုံးနဲ့ထုခဲ့ကြတာပဲ)လို့ ကြံကြံဖန်ဖန် ဆင်ခြေကန်နေဦးမယ်ဆိုရင်တော့ သူများအကုသိုလ်လုပ်တာနဲ့ ကိုယ်ပါလိုက်အကုသိုလ်လုပ်ချင်ကြတဲ့ ၊ အကုသိုလ်ကိုမှ အတုခိုးချင် အမျှယူချင်နေကြတဲ့ လူ့အန္ဓ ၊ လူ့ဗာလ တွေကို ဘာမှမပြောတော့ပါဘူးဗျာ ။ စားပါဗျာ - သူများချီးစားတိုင်း လိုက်ပြီး ချီးစားကြပါ ၊ လုပ်ပါဗျာ - ဟေ့ မင်းက ခွေးချီးစားတာ ၊ ငါက လူချီးစားတာ မင်းထက်ငါသာတယ်ကွ လို့ ချီးစားဂုဏ်ပြိုင် လုပ်ချင်သပ ဆိုလဲ လုပ်ပါဗျာ ။ ဆိုဆုံးမလို့ မရသူတွေကိုတော့ လွှတ်ထားရုံ ၊ ဥပေက္ခာပြုရုံကလွဲလို့ အခြားမရှိပြီ ။
နိဂုံးစကား မှာကြားချင်ပါသည် ။ ပညာရှိ သူတော်ကောင်းတို့သည် တည့်မတ်၊မှန်ကန်စေလိုသော စေတနာဖြင့် ဝေဖန်၊ထောက်ပြ၊ဆုံးမခြင်းအမှုကို ပြုကြ၏ ။ ထိုသို့ပြုသော ဝေဖန်စကား၊ဝေဖန်စာကြောင့် သူတပါးမခံသာ ဖြစ်စေကာမူ ထိုသူအတွက် တစုံတရာသော အကျိုးဖြစ်မည်ဆိုလျှင် ထိုစကားကိုလဲ ပြောထိုက်၏ လို့ သင်ယူခဲ့ ပါတယ် ။ ၄င်းနဲ့ဆန့်ကျင်ဖက် သူယုတ်မာ၊လူမိုက်တို့သည်ကား မှန်လဲမမှန် အကျိုးလဲမရှိသည့်အပြင် သူတပါး အကျိုးပျက်စီးအောင် ၊ သူတပါးထိခိုက်နစ်နာအောင် စေတနာဆိုးဖြင့် ကဲ့ရဲ့ပြစ်တင်စကား ဆိုကြ၊ရေးကြ၏ ။ ထိုသူတို့ပြုသောကံသည် သူတပါးထိမထိ မသေချာသေး ၊ မိမိမှာကား လက်ရှိဘ၀မှာပင် ယုတ်ညံ့သောသူ ၊ မိုက်မဲသောသူအဖြစ် ပညာရှိတို့ရှုံ့ချခြင်းကို အရင်ခံရလျက် သံသရာအဆက်ဆက်လဲ ၀ဋ်ကြွေးပေးဆပ်ရပေ မည် ဟု လဲ တရားတော်တွေမှာ သင်ယူနာကြားခဲ့ရပါတယ် ။ ဒါကြောင့်မို့ စကားတခွန်း၊စာတပုဒ် မပြောခင် ၊ မရေးခင်မှာ အရင်စဉ်းစားပါ ၊ မိမိစိတ်ကိုပြန်ကြည့်ပါ ၊ ငါ စေတနာကောင်းနဲ့ ထောက်ပြဝေဖန်မှာလား ၊ ငါ စေတနာဆိုးနဲ့ သူတပါးပျက်စီးအောင် အပုပ်ချတိုက်ခိုက်မှာလားလို့ ၊ - - - -
ချမ်းမြေ့စွာ စေတနာစကားကောင်းများ ပြောကြားနိုင်ကြပါစေသတည်း ။
                                                                             ( ၀ီမံသာ )

Monday, August 10, 2015

လောကီ လူ့အဆင့်အတန်း(၅)မျိုး


ဗုဒ္ဓမြတ်စွာဘုရားဟာ ဧကရသ ၀ိမုတ္တိ လို့ခေါ်တဲ့ တခုတည်းသော လွတ်မြောက်ခြင်းတရား နိဗ္ဗာန်ကိုသာ ဦးတည်လို့ တရားတော်တွေကို ဟောကြားခဲ့ပေမဲ့ လောကလူသားအားလုံး တထိုင်ထဲနဲ့တော့ နိဗ္ဗာန်ရမှာ ၊ လွတ်မြောက်နိုင်မှာမဟုတ်ဘူး ဆိုတာလဲ သိမြင်တော်မူခဲ့ပါတယ် ။ ဒါကြောင့် လောကုတ္တရာနယ်ပယ်မှာ အရိယာရှစ်ပါး(မဂ်ပုဂ္ဂိုလ် ၄ပါး၊ဖိုလ်ပုဂ္ဂိုလ် ၄ပါး) ခွဲခြားထားသလို လောကီနယ်ပယ်မှာလဲ လူ့အဆင့်အတန်း (၅)မျိုးကို ခွဲခြားပေးခဲ့ပါတယ် ။ ဗုဒ္ဓမြတ်စွာဟာ လူ့အဆင့်အတန်းကို စိတ်ရဲ့အရည်အသွေးအပေါ်မူတည်ပြီး ခွဲခြားခဲ့တာဖြစ်ပါတယ် ။ အကြောင်းကတော့ ကုသိုလ်မှု ၊ အကုသိုလ်မှု မှန်သမျှဟာ လူ့စိတ်ရဲ့ ကောင်းတဲ့ စေတနာ ၊ မကောင်းတဲ့စေတနာ တွေကြောင့်သာ ဖြစ်ကြရတာပါ ။ ဒါကြောင့် စိတ်ဓါတ်အဆင့်အတန်းအပေါ် မှီတည်ပြီး လူ့အဆင့်အတန်း(၅)မျိုး ခွဲခြားထားတယ်လို့ ဦးစွာမှတ်စေချင်ပါတယ် ။
၁ ။ အန္ဓ ဗာလ ပုထုဇဉ်
အန္တရာယ်အကြီးဆုံး နဲ့ အဆင့်အတန်းအနိမ့်ဆုံး လူတွေ ၊ လူလို့သာခေါ်ရတဲ့ လူ့တိရိစ္ဆာန်တွေဖြစ်ပါတယ် ။ သူတို့ရဲ့ လားရာဂတိက အ၀ီစိ စတဲ့ ငရဲကြီးရှစ်ထပ် ၊ ကမ္ဘာပျက်တောင် ၀ဋ်ကြွေးမကုန်တဲ့ လောကန္တရိတ်ငရဲ စတဲ့ ငရဲဘုံသာဖြစ်လို့ ဒီအဆင့်ကိုရောက်မသွားဖို့ လူသားတိုင်းသေရေးရှင်ရေးတမျှ အရေးကြီးပါတယ် ။ ဘယ်လို လူတွေလဲဆိုတော့ အန္ဓ - အကန်းလို ကုသိုလ်တရားစတဲ့ ကောင်းမှု၊ကောင်းကျိုးကို လုံးဝမသိ၊မယုံ ၊ စိတ်ကောင်း စေတနာ တစက်မျှမရှိ ၊ ဒါတွေအပြင် ဗာလ - မိုက်မဲတဲ့ အကုသိုလ် မကောင်းမှုလုပ်ရမှာ အလွန် မွေ့လျော်ပျော်ပါးတဲ့လူတွေပါ ။ သာဓကပြရရင် - ခု ကမ္ဘာမှာ ISIS တို့ အယ်လ်ခိုင်ဒါတို့လို ဘာသာရေးအစွန်း ရောက်အကြမ်းဖက်သမားတွေလို လူတွေပါပဲ ။ သူတို့မှာ လူလူချင်းကိုယ်ချင်းစာစိတ်တောင်မရှိ ၊ သူတပါးကို သတ်ဖြတ်၊ညှင်းပမ်း၊နှိပ်စက်ရမှာ ၊ မုဒိန်းကျင့်၊စော်ကား၊ဖျက်ဆီးရမှာ လူကိုလူချင်းမြိုသလို သူတပါးယုံကြည် ချက်ကို ဖျက်လို့ မိမိတို့သာလွှမ်းမိုးခြယ်လှယ်ချင်တာ စတဲ့ မကောင်းမှုကြီးတွေကို အားရပါးရလုပ်နေကြသူတွေ ကို ကြောက်စရာအကောင်းဆုံး (အန္ဓဗာလပုထုဇဉ်)လို့ သတ်မှတ်ပါတယ် ။ ဒီလိုလူမျိုးဖြစ်ဖို့မဆိုထားနဲ့ ဒီလို လူမျိုးတွေ့ရင် အနားအကပ်မခံပဲ ကွေ့ရှောင်သွားရလောက်အောင် အန္တရာယ်ကြီးလို့ သတိထားသင့်ပါတယ် ။
၂ ။ အန္ဓ ပုထုဇဉ်
ဒုတိယအန္တရာယ်အကြီးဆုံး နဲ့ အဆင့်အတန်းအနိမ့် လူတွေပါ ။ သူတို့ရဲ့လားရာဟာလဲ အပါယ်လေးပါး ငရဲ ၊ ပြိတ္တာ ၊ တိရိစ္ဆာန် ၊ အသူရကာယ် ဘုံတွေပဲမို့ မဖြစ်အောင် ရှောင်သင့်ပါတယ် ။ အပေါ်က ငရဲသားသက်သက် ဖြစ်မဲ့ အဆင့်ထက်သာတာတခုက သူတို့က အမြဲထာဝရသွေးဆာနေသူတွေမဟုတ်ပါဘူး ။ ကုသိုလ်တရားကို မသိလို့ ကောင်းမှုမလုပ်ဖြစ်ပေမဲ့ မကောင်းမှုလုပ်ရမှာ အားရကျေနပ်မွေ့လျော်နေတတ်သူတွေလဲ မဟုတ်ပါဘူး  ဥပမာပြောရရင် လွဲမှားတဲ့အယူကိုယူထားလို့ ကောင်းမှုမကောင်းမှု အမှန်ကိုမသိ ၊ အစဉ်အလာအယူအဆအရ တိရိစ္ဆာန်တွေကိုသတ်ဖြတ်၊ ယာဇ်ပူဇော်ခြင်း လည်လှီးခြင်းတွေလုပ်တယ် ၊ ထုံးစံအရလုပ်လိုက်တာပဲ ၊ စိတ်ပါ လို့ရယ်မဟုတ်ဘူး ။ အဲလိုလူတွေကို လူသတ်ခိုင်းရင် ဥပဒေကြောက်လို့ သတ်မှာမဟုတ်တော့ဘူး ။ အဲလို လူတွေ မုဒိန်းကျင့်ခိုင်းရင် ဥပဒေကြောက်လို့ ကျင့်မှာမဟုတ်တော့ဘူး ။ ဆိုလိုတာက အစွန်းရောက်အောင် အယူလွဲတာ မဟုတ်ဘူးပေါ့ ။ ဒါပေမဲ့လဲ ကုသိုလ်ကောင်းမှုဆိုတဲ့ ထောက်ရာတည်ရာ မရှိတဲ့အတွက် အပါယ် တံခါးဟင်းလင်းပွင့်နေပြီးသားမို့ မဖြစ်သင့်တဲ့ လူ့အဆင့်အတန်းမျိုးပါပဲ ။
၃ ။ ပုထုဇဉ်
အထက်ကိုတက်ဖို့ မျှော်လင့်ချက်အနဲငယ်ရှိပေမဲ့ အပါယ်တံခါးမပိတ်သေးလို့ စိတ်မချရသေးတဲ့ ၊ အနဲငယ် အဆင့်နိမ့်နေသေးတဲ့ လူတွေပါ ။ ကုသိုလ်ကောင်းမှုကို သိလာလို့ အကန်း ၊ အမိုက် သက်သက်မဟုတ်ပေမဲ့ တခါတရံကန်းနိုင် ၊ တခါတရံမိုက်နိုင်သေးတဲ့လူတွေပါ ။ ပုထုဇဉ် ဆိုတဲ့သဘောကိုက ရူးမိုက်တဲ့သဘော ပါပြီး သားမို့ စိတ်ကောင်းဝင်နေရင်းက ဒေါသတွေထဖြစ် ၊ ထချကြ ၊ လှုနေ၊တန်းနေရင်းက မာနတွေတက် စေတနာ မဲ့ကုန်ကြတာ ၊ လှုနေ၊တန်းနေရင်းက လောဘတွေတက် မေတ္တာ မဲ့ကုန်ကြတာ၊ ဒီလိုသဘောတွေရှိနေသေးလို့ အပါယ်တံခါးမပိတ်သေး ၊ စိတ်မချရသေးပါဘူး ။ (သာမာန်ဗုဒ္ဓဘာသာဝင်တွေ အပါအ၀င် ကမ္ဘာလောကရဲ့ လူ အများစုကြီး ဟာ ပုထုဇဉ်အဆင့်မှာပဲ ရှိနေကြသေးပါတယ် ။) ဒါဟာ မျှတတဲ့ လောကအမြင်ပါ ။ စဉ်းစားကြည့် ပါ ။ ကမ္ဘာ့ဘာသာတရားကြီးတွေမှာ ကောင်းရာကိုညွှန်ပြတဲ့ သွန်သင်ချက်တွေ ပါနေပါတယ် ။ ဒီတော့ မိမိ ယုံကြည်ရာဘာသာကို ကိုးကွယ်ရင်း ဘာသာတရားကညွှန်ပြတဲ့ ကောင်းတဲ့အချက်လေးတွေကို သိရှိလိုက်နာ ပြီး စိတ်ကောင်းစေတနာနဲ့ ကောင်းမှုပြုကြတယ်ဆိုရင် ဒီလိုလူကို အကန်း(စုံလုံးကန်း) အန္ဓ လို့ ဘယ်လိုမှမခေါ် နိုင်တော့ပါဘူး ။ ဒါပေမဲ့ (အတ္တ)မပြုတ်သမျှ ပုထုဇဉ်ဘ၀က မလွတ်ကြသေးလို့ (အတ္တ)ကိုအခြေခံတဲ့ အယူကို ယူတဲ့လူ မှန်သမျှ ပုထုဇဉ်အဆင့်မှာပဲ ရှိနေမှာပါ ။ ဒီလိုပါဘဲ - မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်ဖြစ်နေပေမဲ့ ကုသိုလ် ၊ အကုသိုလ်ကိုမှ ပိုင်းခြားမသိ ၊ လောကစောင့်တရား ဟီရိ၊သြတ္တပ္ပ ဆိုတဲ့ အရှက်၊အကြောက် ကင်းမဲ့ လို့ အပေါ်ယံပကာသန ရာထူး၊ဂုဏ်သိမ်၊စည်းစိမ်အဆောင်အယောင်၊ဘွဲ့တံဆိပ်တွေကြား ငါမာန်တွေ ဖြန်းဖြန်း ထ ၊ ထောင်လွှားတက်ကြွလို့ ရိုသေထိုက်သူကိုမရိုသေ ၊ ကိုးကွယ်ရာ ရတနာသုံးပါးကိုတောင် စော်ကားနှိမ်ချ ရိုင်းစိုင်းနေကြမယ်ဆိုရင်တော့ ဒီလိုလူတွေ (ဗုဒ္ဓံ၊ဓမ္မံ၊သံဃံ)ဂစ္ဆာမိနေပေမဲ့ တဖက်ကန်းအန္ဓ လို့ ခေါ်ရမှာ ဖြစ်ပါ တယ် ။ ပြုဖူးတဲ့ကောင်းမှုကုသိုလ်အဟုန်ကြောင့် သုဂတိဘ၀ ရနိုင်ခြေရှိပေမဲ့ သေခါနီး အကုသိုလ်ဖိစီးရင်တော့ အပါယ်လေးပါး တံခါးဖွင့်ကြိုနေတာမို့ သတိပြုသင့်လှပါတယ် ။
၎ ။ ကလျာဏ ပုထုဇဉ်
အားကျသင့်တဲ့ ဖြစ်အောင်ကြိုးစားသင့်လှတဲ့ တဆင့်မြင့်လူ ဖြစ်ပါတယ် ။ အာစိန္တကံကုသိုလ်(နေ့စဉ်ပြုမြဲ) ကောင်းမှုရှိထားလို့ တဘ၀စာ စိတ်ချရတဲ့ (တမလွန်မှာ) အပါယ်တံခါးပိတ်တဲ့ လူဖြစ်ပါတယ် ။ ပုထုဇဉ်တို့ သိသလို ကုသိုလ်၊အကုသိုလ်ကို အပေါ်ယံသိတဲ့အသိမဟုတ် ၊ ဥာဏ်သိ သိတဲ့အတွက် မကောင်းမှုကို ရှောင် ဖို့နဲ့ ကောင်းမှုတခု နေ့စဉ်ပြုဖို့ကို စိတ်ညွှတ်နေတဲ့ လူကောင်းသူကောင်းတွေဖြစ်ပါတယ် ။ ဥာဏ်သိ သိတယ် ဆိုတာ ကောင်းတာလုပ်ရင်ကောင်းကျိုးဖြစ်မယ် ၊ မကောင်းတာလုပ်ရင်မကောင်းကျိုးဖြစ်မယ်လို့ ပိုင်းခြားသိတဲ့ ကမ္မဿကတသမ္မာဒိဌိ ဥာဏ်အမြင်ကို ရတာပါ ။ သမထ၀ိပဿနာ ဘာဝနာကို ပွားများနေရင်းက ရုပ်တရား ၊ နာမ်တရားကို ပိုင်းခြားသိလာမယ် ၊ ရုပ်၊နာမ်တရားတို့ရဲ့ ဖြစ်မှု၊ပျက်မှု သဘာဝကို နားလည်လာတဲ့ နာမ၊ရူပ ပရိစ္ဆေဒ ဥာဏ်ကို ရပြီဆိုလျှင်တော့ ကလျာဏပုထုဇဉ်အစစ် အဖြစ်ကြီးဖြစ်လို့ တဘ၀စာ အပါယ်တံခါး ပိတ်ဖို့ သေချာသွားပါပြီ ။ လောကီလူသားတွေထဲမှာ ပထမဦးဆုံးသော လားရာဂတိမြဲသူ ဖြစ်သွားပါပြီ ။ ချစ်စွာသော ဗုဒ္ဓဘာသာဝင် - အသင် တရားကိုသိလို့ ဘုရားကိုမြင်ခြင်းမျိုး ဖြစ်ပါပြီလား ၊ ထိုတရားအရသာကြောင့် သံဃာ ကို ကြည်ညိုခြင်းမျိုး ဖြစ်ပါပြီလား ။ ထိုသို့ရတနာ(၃)ပါးကို မမှိတ်မသုံ သက်ဝင်ယုံကြည်နိုင်ပြီ ၊ အသက်ပင် စွန့် ရပါစေ ရတနာ(၃)ပါး ကိုးကွယ်ဆည်းကပ်ခြင်းကိုတော့ မစွန့်ဟု စိတ်ပြတ်နိုင်ပြီဆိုလျှင် သင် ကလျာဏ ပုထုဇဉ် စာရင်းဝင်ပါပြီ ။ အခြားသော ကမ္ဘာ့ ဘာသာကြီးတွေထဲမှ သိမ်မွေ့သော ၊ မေတ္တာတရားကိုတန်ဖိုးထားသော ၊ ကံအကျိုးပေးကိုယုံကြည်သော ဘာသာတရားများတွင်လဲ ထို ကလျာဏပုထုဇဉ်တွေ များစွာရှိနိုင်ပါသည် ။ သူတို့သည် စိတ်ကောင်းစေတနာကောင်းထားခြင်း၏ တန်ဖိုးကိုကောင်းစွာနားလည်သည် ။ သူတပါးအကျိုးစီး ပွားကို ကိုယ်ကျိုးစွန့်ဆောင်ရွက်သည် ။ လူလူချင်းကိုယ်ချင်းစာတရား ၊ မေတ္တာ၊ကရုဏာတရား ကြီးမားသည် -ဆိုလျှင် ထိုလူမျိုးကိုလဲ ကလျာဏပုထုဇဉ်ဟုသာ ခေါ်ထိုက်ပါသည် ။
၅ ။ စူဠ သောတာပန်
အနတ္တ ၀ါဒကို ယုံကြည်သက်ဝင်သူမှ ရနိုင်၊ရောက်နိုင်တဲ့ (အရိယာမဟုတ်သေးတဲ့) လောကီလူသားအားလုံး ထဲမှာ အဆင့်အမြင့်ဆုံး လူ သူတော်ကောင်းဖြစ်ပါတယ် ။ တမလွန်ဘ၀မှာ သုဂတိဘုံမှာသာ ဖြစ်ရပြီး ထိုဘ၀ မှာ သစ္စာတရား နာကြားရတာနဲ့တပြိုင်နက် ပထမသောတာပတ္တိမဂ်ဥာဏ်ကိုရ ၊ အရိယာပုဂ္ဂိုလ် စာရင်းဝင်မဲ့ လူ ဖြစ်ပါတယ် ။ ၀ိပဿနာဘာဝနာ စွဲမြဲအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ရုပ်၊နာမ်တရားတို့ရဲ့ ဖြစ်ပုံပျက်ပုံကို အဖန် တလဲလဲ ရှုမြင်ဆင်ခြင်သုံးသပ်ရင်းက နောက်ဆုံးမှာ အပျက်ကိုသာမြင်ရ ၊ ထိတ်လန့်၊ကြောက်ရွံ့ ၊ ငြီးငွေ့လာ ၊ စွန်ချင်လာတဲ့နောက် အဖန်တလဲလဲ ဖြစ်ခြင်းပျက်ခြင်းရဲ့ လက်သည်တရားခံ သင်္ခါရ ပြုလုပ်နေမှုကို လစ်လျူရှု စွန့်ပယ်လိုက်တဲ့ ၊ (တနည်း)ဥပေက္ခာပြုလိုက်တဲ့ သင်္ခါရုပေက္ခာဥာဏ် ဆိုတဲ့ လောကီရဲ့ အဆင့်အမြင့်ဆုံးဥာဏ် ကို ရရှိသွားသူတွေ ဖြစ်ပါတယ် ။ နိဗ္ဗာန်ဆိုတဲ့ အသင်္ခတ ပရမတ္ထတရားကြီးဆီ ရောက်လုရောက်ခင် နိဗ္ဗာန်နဲ့ အလွန်နီးစပ်သူတွေ ဖြစ်သွားပါတော့တယ် ။
ချစ်စွာသောစာရှုသူ - လောကလူသတ္တ၀ါအနန္တအတွက် မြတ်ဗုဒ္ဓပိုင်းခြားပြသွားတဲ့ လူအဆင့်အတန်း(၅)မျိုး ထဲက အန္တရာယ်ရှိသော ၊ လားရာဂတိ မသေချာသော အောက် လူအဆင့်အတန်း(၃)မျိုးကနေ လွတ်အောင် ရုန်းလို့ လားရာဂတိ စိတ်ချရသော ၊ နိဗ္ဗာန်နှင့်နီးစပ်သော သစ္စာအမှန်တရားလက်ကိုင်ထားသော အထက် အဆင့် လူ(၂)မျိုးတော့ အရိယာမဖြစ်သေးတောင် လူကောင်းသူကောင်း ၊ လူသူတော်ကောင်းတွေဖြစ်ဖို့ ကြိုးစားသင့်လှပါကြောင်း မေတ္တာရှေ့ထား သတင်းကောင်းပါးလိုက်ရပါသည် ။
                                                                   ( ၀ီမံသာ )

Thursday, August 6, 2015

သစ္စာ ဆုတောင်း


ကျွန်ုပ်သည် ငယ်စဉ်မှစကာ မိဘတို့သွန်သင်မှုဖြင့် 
သရဏဂုံ(၃)ပါး ၊ (၅)ပါးသီလ ၊ 
ဘုရား၊တရား၊သံဃာဂုဏ်တော်များနှင့် 
သမ္ဗုဒ္ဓေဂါထာတော်ကြီးရွတ်ပွားခြင်း 
စသည့်ဘုရားရှိခိုးခြင်းအမှုကို ပြုခဲ့ပါသည် ။ 
လူပျို၊လူလွတ်ဘ၀ မေ့လျော့ပျော်ပါးချိန်များတွင်တော့ 
ရှိခိုးရန်ပျက်ကွက်ခဲ့ပါသည်။

၂၀၁၃ သင်္ကြန် ဒုလ္လဘရဟန်းဝတ်စဉ် 
(၂၄)ပစ္စည်းမဟာပဌာန်း(နိဒ္ဒေသ)ပါဠိတော်ကြီးကို ဆောင်နိုင်ချိန်မှစပြီး 
ယနေ့အထိ ဘုရားရှိခိုးခြင်း ၊ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ခြင်း ၊ (၂၄)ပစ္စည်းမဟာပဌာန်း(နိဒ္ဒေသ)ပါဠိတော်ကြီးကို ရွတ်ပွားပူဇော်ခြင်းအမှု ၊ 
(ဇီဝိတပရိယန္တံ ဗုဒ္ဓံ၊ဓမ္မံ၊သံဃံ သရဏံဂစ္ဆာမိ) ဟု 
ရတနာ(၃)ပါးကို အသက်နှင့်ထပ်တူ 
ကိုးကွယ်၊ကြည်ညိုပါမည်ဟူသော 
ကတိပြုခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ခဲ့ပါသည် ။
( ထို၂နှစ်ကျော်အတွင်း စုစုပေါင်း ၅ရက် ခန့်သာ ပျက်ကွက်ခဲ့ပါသည် )

ဤ မှန်သော သစ္စာစကားကြောင့်
 ဖြစ်ခဲ့ ၊ ဖြစ်ဆဲ ၊ ဖြစ်လတ္တံ့သော
 ရေဘေးဒုက္ခအပေါင်းတို့သည် 
အမြန်ဆုံး သက်သာ ၊ လျော့ကျ ၊
 ပျောက်ကွယ်ရပါစေသတည်း ။ 
ဒုက္ခသည်တို့၏ မျက်ရည်များ ခမ်းခြောက်လျက်
ဖြေသိမ့်ရာ ဆောက်တည်ရာ ရကြပါစေသတည်း ။
 (၀ီမံသာ)