Tuesday, July 28, 2015
သားသမီး(၃)မျိုး
ဒီနေ့ ကျနော်ဒီစာစုကိုရေးသားဖို့ Motivated လုပ်ခဲ့တဲ့ အကြောင်းတရားတခု ရှိပါတယ် ။ ဒါကို ဒီမှာ မဖော်ပြ တော့ ပါဘူး ၊ နောက်တခါ သားသမီး(၃)မျိုးစလုံးကို ထင်ရှားတဲ့သာဓကတွေနဲ့ ရေးပြဖို့အကြံရှိပေမဲ့ အတုယူ စရာကောင်းတဲ့ သားသမီး(၁)မျိုးအကြောင်းကိုပဲ အကျယ်တ၀ံ့ ဥပမာပေးရှင်းပြပါတော့မယ် ။ ကျန်နှစ်မျိုးကို အနှစ်ချုပ်သဘောမျှပဲ တင်ပြပါတော့မယ် ။ အကြောင်းကတော့ ကျနော့်ရဲ့ ပုဂ္ဂလဓိဌာန်ရေးချက်တချို့ကြောင့် ဒီစာစုရဲ့ မူလအမှီပြုရာ ဗုဒ္ဓမြတ်စွာဒေသနာတော်ကြီးကို တချို့(ပုဂ္ဂိုလ်စွဲနဲ့) တိုက်ခိုက်ဝေဖန် မလျော်ကန်စကား ဆိုခဲ့ရင် ထိုသူတွေမှာ ကြီးစွာသောအပြစ်ဖြစ်မှာစိုးတာရယ် ၊ မြတ်ဗုဒ္ဓဒေသနာတော်ကြီးရဲ့ သိမ်မွေ့နက်နဲမှုကို ထိခိုက်မှာစိုးတာရယ်ကြောင့် ချန်ထားခဲ့ရတာဖြစ်ပါတယ် ။ (ဥာဏ်ရှိသူ၊ပညာရှိသူတို့ ချဲ့ထွင်စဉ်းစားကြပါကုန်)
ပုံစာမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဒေသနာတော်ကို ကောက်နှုတ်တင်ပြထားပါတယ် ။ ခုဒီမှာတော့ ကျနော် နားလည်မိသလို ရေးပြပါရစေခင်ဗျာ ။
လောကမှာ သားသမီး(၃)မျိုးရှိပါတယ် ။(ဒေသနာတော်မှာ သား ဟူသောစကားရပ်သည် ပုတ္တ ဟူသော အနက် အရ သားသမီး အပေါင်းကိုဆိုလိုခြင်းဖြစ်တယ်ဟု နားလည်စေလိုပါတယ်) ။ ထို(၃)မျိုးကတော့ - - -
(၁) အတိဇာတ - အမိအဖတို့ထက် ဂုဏ်လွန်သော(မြတ်သော) သားသမီး
(၂) အနုဇာတ - အမိအဖတို့နှင့် ဂုဏ်တူသော(တူညီသော) သားသမီး
(၃) အ၀ဇာတ - အမိအဖတို့ထက် ဂုဏ်ယုတ်သော(ယုတ်ညံ့သော) သားသမီး ရယ်လို့ (၃)မျိုးကွဲပြားပါတယ် ။
အတိဇာတ သားသမီးအကြောင်းကို ဥပမာနဲ့ အကျယ်ရှင်းပါ့မယ် ၊ ခုတော့ အနုဇာတ သားသမီးနဲ့ အ၀ဇာတ သားသမီးတို့ကြောင်းကို ဓမ္မဓိဌာန်ကျကျ အရင်ရှင်းပါရစေ ။
အနုဇာတသားသမီးဆိုတာ မိဘတို့က ရတနာ(၃)ပါးကိုးကွယ်တယ် ၊ သီလလုံခြုံတယ် ၊ ကောင်းမြတ်သော စိတ်ထားရှိတယ် ။ ထို့အတူ သားသမီးတို့ကလဲ မိဘတို့နဲ့ထပ်တူ ရတနာ(၃)ပါးကိုးကွယ် ၊ သီလလုံခြုံပြီး ကောင်းမြတ်စိတ်ထားရှိတဲ့ ဂုဏ်ရည်တူသားသမီးကို ခေါ်ပါတယ် ။ ချဲ့ထွင်ပြောရမယ်ဆိုရင် မိဘဂုဏ်ကို စောင့်ထိန်းသူ ၊ မိဘတို့ရဲ့မြတ်သောအကျင့်ကိုစောင့်ထိန်းသူ ၊ မိဘတို့ရဲ့ မြတ်သောမျိုးနွယ်ကို စောင့်ထိန်းသူ တို့ဟာ မိဘတို့နဲ့ တူညီတဲ့ အနုဇာတသားသမီးလို့ ခေါ်ဆိုနိုင်ပါတယ် ။
အ၀ဇာတသားသမီးကတော့ မိဘတို့က ရတနာ(၃)ပါးကိုးကွယ်ပေမဲ့ သူက မကိုးကွယ် မရိုသေဘူး ၊ မိဘတို့က သီလလုံခြုံပေမဲ့ သူက မလုံခြုံဘူး ၊ မိဘတို့က ကောင်းမြတ်သောစိတ်ထားနဲ့ ကောင်းမြတ်သောအမူအကျင့်တွေ ရှိခဲ့ပေမဲ့ သူကတော့ ယုတ်မာသောစိတ်ထား ၊ ယုတ်ညံ့သောအမူအကျင့်တွေရှိပါတယ် ။ တနည်းပြောရမယ် ဆိုရင် မိဘဂုဏ်ကိုဖျက်ဆီးသူ ၊ မိဘတို့ရဲ့မြတ်သောအကျင့် မြင့်မြတ်သောစွမ်းဆောင်ရည်တွေကို ဖျက်ဆီးသူ ၊ မိဘတို့ရဲ့ မြတ်သောမျိုးနွယ်ကို ဖျက်ဆီးသူ - ဒီလိုသားသမီးတွေဟာ ( ကမ္ဘာကျော်ရင်ကျော်ပါစေ ၊ ဘွဲ့ထူး ဂုဏ်ထူးတွေရရင်ရပါစေ ) မိဘတို့ထက် ယုတ်ညံ့တဲ့ အ၀ဇာတ သားသမီးပါပဲ ။
ဒီနေရာမှာ ကောင်းမြတ်တဲ့ ဘယ်ဘာသာမှာမဆို ကိုယ်ကျင့်တရားကောင်းမွန်ပြီး မြတ်သောစိတ်ဓါတ် ၊ မြတ် သောအကျင့်ရှိတဲ့ မိဘတွေရဲ့ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိကလဲ ကိုယ်ကျင့်တရားကောင်းမွန် ၊ မြတ်သောစိတ်ဓါတ်၊ မြတ်သောအကျင့်ရှိမယ် ဆိုရင် အနုဇာတ သားသမီးဖြစ်ပြီး ၊ မိဘတွေလို ကိုယ်ကျင့် တရားကောင်းမွန်ခြင်းမရှိ ၊ ယုတ်မာသောစိတ်ဓါတ်၊ ယုတ်ညံ့သောအကျင့်ရှိမယ် ၊ မိဘတို့ရဲ့ ဂုဏ်သိက္ခာ၊မျိုးရိုး ကို ချိုးဖောက်ဖျက်ဆီးမယ် ဆိုရင် ယုတ်ညံ့တဲ့ အ၀ဇာတသားသမီးပဲ ဖြစ်မှာပါ ။
ခု မိဘတို့ထက် ဂုဏ်လွန် (မြတ်သော) သားသမီးအကြောင်းကို ရှင်းပါ့မယ် ။ မိဘတွေဟာ ရတနာ(၃)ပါး မကိုး ကွယ်ဘူး ၊(တနည်း) မှားယွင်းသောမိစ္ဆာအယူကို ယူတယ် ၊ သီလမလုံခြုံဘူး (သူ့အသက်သတ်တယ် ၊သူတပါး စည်းစိမ်ဥစ္စာကိုခိုးတယ် ၊ သူများသားမယားစော်ကားတယ်(မုဒိန်းကျင့်တယ်) ၊ လိမ်ညာလှည့်ဖြားတတ်တယ် ၊ အရက်သေစာသောက်စားတယ် ၊ ယုတ်မာသောစိတ်ထားရှိတယ် ။ ဒါပေမဲ့ သားသမီးကတော့ ရတနာ(၃)ပါး ကိုးကွယ်တယ် ၊(တနည်း)မှန်ကန်သော သမ္မာဒိဌိဥာဏ်အမြင်ရှိတယ် ၊ သီလတွေ လုံခြုံတယ် ၊ ကောင်းမြတ် သော စိတ်ထားရှိတယ် ၊ (တချို့ဆို) မိဘတွေရဲ့ မှားယွင်းသောအယူကိုတောင် တည့်မတ်မှန်ကန်စေခဲ့တယ် ။ ဒီလိုသားသမီးမျိုးတွေဟာ မိဘထက် ဂုဏ်သာလွန်သော မြတ်သော အတိဇာတသားသမီးတွေလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ် ။ ခု မိခင်ကြီးရဲ့ မှားယွင်းတဲ့အယူကိုတောင် တည့်မတ်ပေးနိုင်ခဲ့တဲ့ အတိဇာတ သားကြီးတယောက် ရဲ့ ဇတ်လမ်းအကျဉ်းကို အတုယူစရာ သာဓကဆောင် ပြပါရစေခင်ဗျာ ။
မြတ်စွာဘုရားရှင်လက်ထက်တော်က ပညာအရာမှာ ဘုရားကလွဲရင် အမြတ်ဆုံး ဧတဒဂ် ရတော်မူတဲ့ လက်ျာရံ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးဆိုရင် ဗုဒ္ဓဘာသာဝင်တိုင်း သိကြမှာပါ ။ မြတ်စွာဘုရား နတ်ပြည်မှာ ၀ါတွင်း(၃)လပတ်လုံးဟောကြားခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီး ၊ ခု ကျနော်တို့ လေ့လာရွတ်ပွားပူဇော်နေရတဲ့ (၂၄)ပစ္စည်းမဟာပဌာန်းကျမ်းတော်ကြီးတွေဟာ မြတ်ဘုရားက အရိပ်အမြွက်မျှဟောခဲ့တာကို ရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး ပြန်လည်ဟောကြားခဲ့လို့ သိနေရတဲ့တရားတော်ကြီးတွေပါ ။ ဒီလို ရဟန္တာကိုယ်တော်မြတ် ကြီးရဲ့ မယ်တော်ကြီးကတော့ ကိုယ်တော်မြတ်ကြီးပရိနိဗ္ဗာန်စံခါနီးအချိန်ထိ မှားယွင်းသော မိစ္ဆာအယူကို ယူနေ သေးတဲ့ သာရီပုဏ္ဏေးမကြီးပါတဲ့ ။ ဒီနေရာမှာ သားသမီးတွေ သတိချပ်ဖွယ် ပြောခဲ့ချင်ပါတယ် ။ သာရိပုတြာ ကိုယ်တော်မြတ်ကြီးဟာ လူနတ်ဗြဟ္မာတွေ ရိုသေရတဲ့ လက်ျာတော်ရံ ရဟန္တာကြီးဖြစ်ပေမဲ့ မိစ္ဆာဒိဌိ သူ့မိခင် ကြီးကိုတော့ ဘယ်သောအခါမှ မထေမဲ့မြင်ပြုခြင်းမရှိပဲ ရိုသေလေးစားစွာ ဆက်ဆံပြောဆိုစမြဲပါတဲ့ ။ ဒီလိုနဲ့ အတိုချုပ်ရရင် ရှင်သာရိပုတြာ ရဟန္တာမြတ်ကြီးဟာ ဘ၀နေ၀င်ချိန် သွေးဝမ်းရောဂါဖိစီးနှိပ်စက်လို့ ပရိနိဗ္ဗာန် ၀င်စံကာနီးအချိန်မှာ သူ့မိခင်ကြီးအကျွတ်တရားရဖို့ အကြောင်းကို မြင်တဲ့အတွက် မိခင်ကြီးရှိရာကို နာကျင် နေလျက်နဲ့ ခရီးထွက်ခဲ့ပါသတဲ့ ။ သာရီပုဏ္ဏေးမကြီးလဲ သူ့သားလာတာမြင်တော့ ၀မ်းသာအားရ ကြိုဆို ၊ သူ့ သားတော်မောင် သွေးဝမ်းသွားပြီးရောဂါပြင်းထန်နေတာမြင်တော့ ဂရုဏာဒေါသနဲ့ မြည်တွန်တောက်တီးပေါ့ ၊ (တွေ့ပြီလား သားရဟန်းကြီး ၊ နင်ခုလို ရောဂါပြင်းထန် သေမဲ့ဟန်ဖြစ်တော့မှအမေဆီပြေးကပ် ၊ နင့်ဘုရားက ဒါတော့ မကယ်နိုင်တော့ဘူးမလား) စသဖြင့်ပေါ့လေ ။ သူက ဘုရားကို ဘုရားမှန်းမှ မသိသေးတာကိုး ။ အရှင် သာရိပုတြာကိုယ်တော်မြတ်ကြီးကတော့ အေးဆေးသိမ်မွေ့စွာ မိခင်ကြီးကို ပြန်ပြောရှာတယ် ။(မယ်တော်ကြီး ဒီဘ၀ ဒီခန္ဓာရလာသမျှ ဒီလို အိုခြင်း၊နာခြင်း၊သေခြင်းတရားတွေ ကြုံမြဲဓမ္မတာမို့ သားရဟန်းမတုံလှုပ်ပါ ၊ မိခင် ကြီးလဲ စိုးရိမ်ပူဆွေးမရှိပါနှင့်)လို့ ပြောတယ် ။ ဒီလိုနဲ့ ညဦးယာမ်ရောက်တော့ ရဟန္တာကြီးဟာ ဖလသမာပတ် ၀င်စားပြီး လဲလျောင်းနေတယ် ။ မိခင်ကြီးကတော့ အနားက တကြည့်ကြည့်နဲ့ပေါ့ ။ သန်းခေါင်ယာမ်ရောက် တော့ ပြိုးပြက်အရောင်တောက်စွာနဲ့ နတ်သားတွေလာဖူးမြော်ကြတယ် ၊ သိကြားမင်းကြီးရောက်လာတော့ နတ်သားတွေ နောက်ဆုတ် ၊ တခါ ကိုယ်ရောင်ကိုယ်ဝါပိုမိုတောက်ပစွာနဲ့ ဗြဟ္မာမင်းကြီးဆင်းလာတော့ သိကြား လဲ နောက်ဆုတ်ပေးရတယ် ။ ဒီအချင်းအရာတွေကို (ရှင်သာရိပုတြာကိုယ်တော်ကြီး အဓိဌာန်ပြုထားလို့) မိခင် သာရီပုဏ္ဏေးမကြီး အတိုင်းသားမြင်နေရသတဲ့ ။ ဗြဟ္မာကြီးလာတော့ သူတို့ကိုးကွယ်ရာမို့ ပုဏ္ဏေးမကြီး အံ့သြ တကြီး ထိုင်ရှိခိုးတယ် ။ ဒါပေမဲ့ ဗြဟ္မာကြီးက သူ့မမြင်၊ လက်ျာရံကိုယ်တော်မြတ်ကြီးဆီပဲတန်းသွားပြီး ရှိခိုးဦးချ ပူဇော်ကန်တော့နေတာ မြင်လိုက်ရတော့ (အလို - ငါတို့ကိုးကွယ်တဲ့ ဗြဟ္မာကြီးကတောင် ငါ့သားရဟန်းကို ရှိခိုး ရတယ်ဆိုတော့ သူ့ဆရာ ဗုဒ္ဓဘုရားဆို ဘယ်လောက်များ တန်ခိုးကြီးလိုက်မလဲ) ဒီအတွေးနဲ့ အတ္တမာနတွေ လျောကျ ၊ သားရဟန်းကို ကြည်ညိုစိတ်ဝင်လာတယ် ။ မယ်တော်ကြီးရဲ့စိတ်ပြောင်းလဲမှုကိုသိတဲ့ သာရိပုတြာ ကိုယ်တော်မြတ်ကြီးဟာ အဲဒီအခါကျမှ နတ်ဗြဟ္မာတွေနဲ့တကွ မိခင်မယ်တော်ကြီးကိုပါ တရားဒေသနာတွေ ဟောကြားတော်မူပါတယ် ။ တရားတော်ရဲ့အဆုံးမှာ မယ်တော်သာရီပုဏ္ဏေးမကြီးဟာ တဘ၀လုံးမှားယွင်းယူ လာတဲ့ မိစ္ဆာအယူတွေ ကွာကျ ၊ မှန်ကန်တဲ့အသိအမြင်တွေရလို့ ရတနာ(၃)ပါးအပေါ် စွဲမြဲစွာကြည်ညိုသက်ဝင် လာတဲ့ ဗုဒ္ဓဘာသာဝင်အစစ်ကြီး ဖြစ်ခဲ့ပါတော့တယ် ။
ချစ်စွာသော စာရှုသူ ၊ သင် - ဘယ်လိုသားသမီးမျိုး ဖြစ်ချင်ပါသလဲ ။ မိဘထက်မြတ်သောသားသမီး အဖြစ်ကို အလွယ်မရနိုင်ပေမဲ့ စောင့်ထိန်းခြင်းသိက္ခာတို့ဖြင့် မိဘတို့နှင့်တူညီသော အနုဇာတ သားသမီးအဖြစ်ကို ရရှိ အောင်တော့ ကြိုးစားနိုင်ပါတယ် ။ ဒါပေမဲ့ မိဘတွေရဲ့ ယုံကြည်ရာရတနာ(၃)ပါးကို ဖျက်ခဲ့မယ်ဆိုရင် ၊ မိဘ တွေရဲ့ မြတ်သောကိုယ်ကျင့်သီလ၊မြတ်သောစွမ်းဆောင်ရည်၊မြတ်သောဂုဏ်သိက္ခာနဲ့ မြတ်သောမျိုးနွယ်ကို သင်(အလိုဆန္ဒတခုအတွက်) ဖျက်ဆီးခဲ့မယ်ဆိုရင်တော့ ပညာရှိသူတော်ကောင်းတို့ မနှစ်မြို့သော ၊ ကဲ့ရဲ့ ဖွယ်ဖြစ်သော ယုတ်ညံ့တဲ့ အ၀ဇာတသားသမီးမျိုး ဖြစ်ကုန်ကြမှာမို့ မိဘမျိုးရိုးဂုဏ်သိက္ခာ ၊ မိဘတွေရဲ့ ယုံကြည်ရာဘာသာသာသနာကို ဖျက်လိုဖျက်ဆီးမလုပ်မိကြဖို့ သတိပေးလိုက်ပါရစေခင်ဗျာ ။
( ၀ီမံသာ )
Sunday, July 26, 2015
သေခြင်း(၃)မျိုးတရားတော်
ဖခင်ကြီးကွယ်လွန်ပြီးနောက် ဖခင်ကြီးကိုရည်စူး၍ ပစ္စည်းလေးပါး လှုဖွယ်ဝတ္ထုအစုစုနဲ့
ငယ်ဆရာလဲဖြစ် ဥပဇ္ဇယ် ဆရာတော်လဲဖြစ်တဲ့ ဇာတိမြို့လေးက ရိပ်သာကျောင်းဆရာတော်ကြီးဆီ မိသားစုတွေ
သွားရောက်လှုဒါန်းခဲ့ ပါတယ် ။ အဲဒီမှာ ဆရာတော်ကြီးက သေခြင်းတရား ၊ တမလွန်ဘ၀ပြန်ဖြစ်ခြင်းအကြောင်းနဲ့
ပတ်သက်ပြီး မှတ်သားဖွယ်ကောင်းတဲ့ (သေခြင်း၃မျိုးတရားတော်)ကို ဟောကြားတော်မူခဲ့ပါတယ်
။ ဒါကို ပြန်လည်တင်ပြ လိုက်ရပါတယ် ။
လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါအနန္တတို့ မွေးဖွားလာရင်သေမြဲဓမ္မတာဖြစ်သလို
အရဟတ္တမဂ်ဥာဏ်နဲ့ အာသဝေါတရား အကုန်အမြစ်ပြတ်သွားတဲ့ ဘုရား၊ရဟန္တာ မဖြစ်သေးသမျှ ဘ၀သစ်ပြန်ရကြတယ်
။ ဒီလိုသေကြ၊ပြန်ဖြစ်ကြရာ မှာ ပုဂ္ဂိုလ်၊သတ္တ၀ါတို့ရဲ့ ကုသိုလ်၊အကုသိုလ် ၊ စိတ်ဓါတ်အဆင့်အတန်းကိုလိုက်ပြီး
သေခြင်း(၃)မျိုး ကွဲပြားသွား ကြတယ် ။
ပထမ သေခြင်းမျိုးက ပေါက်လွတ်ပဲစားသေခြင်းမျိုးပဲ
။ ပေါက်ပင်ကပေါက်ပွင့်တွေ ကြွေချိန်တန်လို့ဖြစ်ဖြစ် လေတိုက်လို့ဖြစ်ဖြစ် ၊ သစ်ရွက်တွေ
ဝါခြောက်ပြီး ကြွေကျလို့ဖြစ်ဖြစ် သူတို့ဟာ မိမိသွားလိုရာမသွားနိုင်ဘူး ။ လေဝှေ့တိုက်တဲ့အပေါ်မူတည်ပြီး
မျောချင်ရာမျော ၊ ကျချင်ရာကျကြရတယ် ။ လေပြင်းနဲ့တွေ့ရင် ဝေးသထက် ဝေးရာ တောတောင်လျှိုမြောင်ချောက်ကမ်းပါးတွေဆီလွင့်စင်
ကျရသလို ၊ လေပွေလေရူးနဲ့တွေ့ရင်လဲ ကြုံရာ ကျရာ အင်းအိုင်ချောင်းမြောင်းတွေဆီ ကျရောက်ကြရတယ်
။ ဒီလိုပဲ လူသတ္တ၀ါတချို့(အများစု)မှာ မိမိသဏ္ဍာန် မှာရှိတဲ့ ကိလေသာလေပွေမွှေ့သလောက် ရောက်ရာပေါက်ရာဘုံဘ၀တွေဆီ
ရောက်ကြ ဖြစ်ကြရတယ် ။ ဒီလို သေခြင်းမျိုးကို ပေါက်လွတ်ပဲစားသေခြင်း လို့ ဆိုနိုင်တယ်
။ (ဆရာတော်ရည်ညွှန်းတဲ့ ဒီလူသတ္တ၀ါ အမျိုးအစား ကတော့ အ၀ိဇ္ဇာအမှောင်အားကြီးပြီး ကုသိုလ်အနှစ်၊တရားအနှစ်ကင်းမဲ့နေတဲ့
အန္ဓပုထုဇဉ် အန္ဓဗာလပုထုဇဉ်နဲ့ တချို့ အကုသိုလ်များတဲ့ ပုထုဇဉ်တွေကို ရည်ညွှန်းတယ်လို့
သဘောပေါက်မိပါတယ်)
ဒုတိယသေခြင်းမျိုးက
အုန်းသီးတွေကြွေကျသလို အပင်နဲ့အနီးအနားမှာပဲကြွေကျတဲ့သေခြင်းမျိုး ၊ အုန်းသီး၊ ထန်းသီး
စတာတွေ အပင်ကကြွေကျရင် သူတို့မှာ အနှစ် ၊ အလေးချိန်ရှိတော့
လေဝှေ့တိုက်လဲမလွင့်နိုင်ပဲ အနီးအနားမှာပဲ ကျရတယ် ။ ဒီလိုပဲ တချို့
ကုသိုလ်အနှစ်၊တရားအနှစ်သာရ ပြည့်ဝတဲ့လူတွေ သေလွန်တဲ့အခါ ကိလေသာလေပွေက လွင့်အောင်မမွှေတိုက်နိုင်ပဲ
အနီးအပါး သုဂတိဘ၀မှာပဲ ဂတိမြဲကြရတယ် ။ ဒါကို အနှစ် အလေး ရှိတဲ့ အုန်းသီးကြွေသလို သေခြင်းမျိုးလို့
ခေါ်နိုင်တယ် ။ ( ဒီလူသတ္တ၀ါအမျိုးအစားကတော့ ကုသိုလ် အနှစ် ၊ တရားအနှစ်ပြည့်ဝ ၊ အနဲဆုံး
ကမ္မဿကတ သမ္မာဒိဌိဥာဏ်အမြင် ၊ ဒီထက်ပိုလို့ နာမ၊ရူပ ပရိစ္ဆေဒ ဥာဏ်အမြင် နှင့် အထက်(လောကီဥာဏ်)
တွေ ရရှိပြီးသူ ကလျာဏပုထုဇဉ်နဲ့ စူဠသောတာပန်ပုဂ္ဂိုလ်တို့ကို
ဆရာတော်ရည်ညွှန်းတယ်လို့ သဘောပေါက် မိပါတယ် )နောက်ဆုံးသေခြင်းမျိုးက ငှက်တွေ လိုရာပျံသန်းသွားသလို သေခြင်းမျိုးပဲ ။ ငှက်တွေမှာ အတောင်ပံပါတော့ မိမိအတောင်စုံကိုဖြန့်လို့ မိမိအလိုရှိရာနေရာဌာနကို ပျံသန်းသွားနိုင်တယ် ။ လေဟုန်ကိုစီး ၊ လေပြင်းကိုကျော် လို့ အလိုရှိရာ ပျံသန်းသွားနိုင်ကြတယ် ။ ဒီလိုပဲ တချို့ အနဲငယ်သော ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ သစ္စာလေးပါး အမှန်တရားကို သိမြင် ၊ နိဗ္ဗာန်ကိုတဒင်္ဂမျက်မှောက်ပြုနိုင်တဲ့ မဂ်ဥာဏ် အတောင်တွေပေါက်လာပြီး ဆိုင်ရာ ကိလေသာ လေပွေအဆင့်ဆင့်ကို ပယ်ရှားအောင်နိုင်ခဲ့ကြလို့ မိမိတို့အလိုရှိရာ သုဂတိဘုံဘ၀၊ဘုံဌာနတွေဆီ ရွေးချယ်ဖြစ်ခွင့်ရှိခဲ့ ၊ မလိုချင်တဲ့ အပါယ်တံခါး ပိတ်ပြီးဖြစ်တဲ့ သေခြင်းမျိုးကို ရရှိကြတယ် ။ ဒါကို အတောင်ပံ ပါတဲ့ ငှက်တွေ အလိုရှိရာကို ရွေးချယ်ပျံသန်းသွားတဲ့ သေခြင်းမျိုးလို့ ခေါ်တယ် ။ ( ဒီလိုပုဂ္ဂိုလ်တွေကတော့ သောတာပန် ၊ သကဒါဂမ် ပုဂ္ဂိုလ်တွေဟာ လူနတ်ဗြဟ္မာဆိုတဲ့ သုဂတိဘ၀ အများဆုံးမှ (၇)ဘ၀ပဲ ဖြစ်ပြီးရင် နောက်ထပ်ဘ၀သစ်တဖန်ပြန်မဖြစ်တော့တဲ့ အသင်္ခတဓါတ် မြတ်နိဗ္ဗာန်ဆီ ၀င်စံရမှာပါ ၊ အနာဂါမ်ပုဂ္ဂိုလ်တွေ ကတော့ ဗြဟ္မာဘုံမှာ တကြိမ်ပဲဖြစ်ပြီး အဲဒီကနေ တိုက်ရိုက် ခန္ဓပရိနိဗ္ဗာန် ၀င်စံကြရမှာပါ ။ ဒါဟာ ရွေးချယ် နိုင်စွမ်းရှိတဲ့ အရိယာတို့ရဲ့ မြတ်သောသေခြင်းဖြစ်လို့ ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းအပ်သော သေခြင်းမျိုး ဖြစ်တယ်ဟု ဆရာတော်ကြီး ဆိုလိုဟန်ရှိပါတယ် )
ချစ်စွာသော စာရှုသူ - သင်ရော ကျနော်ပါ ပေါက်လွတ်ပဲစားသေခြင်းမျိုးတော့ အလိုရှိကြမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဘယ်အချိန်လာမယ်မှန်းမသိတဲ့ သေမင်းလာမခေါ်ခင် အခိုက်အတန့်ကလေးမှာ မေ့လျော့ပျော်ပါး ခြင်းတွေ တတ်နိုင်သလောက်လျှော့လို့ ကုသိုလ်အနှစ် ၊ တရားအနှစ်ရှိတဲ့ သူမျိုးဖြစ်အောင်တော့ အနဲဆုံးထား ကြိုးစားသင့်ကြပါကြောင်း ။
ကျေးဇူးရှင် ဥပဇ္ဇယ်ဆရာတော်ကြီးအား အစဉ်ဦးခိုက်ရှိခိုးလျက် -
(
ဝီမံသာ )
Wednesday, July 22, 2015
၉ ။ ဥပနိဿယ ပစ္စယ (နိဒ္ဒေသ)
ပုရိမာ ပုရိမာ ကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ကေသဉ္စိ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ ကေသဉ္စိ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ဥပနိဿယ
ပစ္စယေန ပစ္စယော။
ဥတုဘောဇနံပိ ဥပနိဿယ ပစ္စယေနပစ္စယော ။ ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေနပစ္စယော
။
သေနာသနံပိ ဥပနိဿယ ပစ္စယေနပစ္စယော ။
ဥပနိဿယ
ပစ္စယဆိုသည်မှာ အားကြီးသောမှီခိုအားထားရာ အထောက်အပံ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော သဘောကိုခေါ်ပါသည်
။ မိုးကောင်းကင်၏ အားကြီးသောအထောက်အပံ့ကိုရသဖြင့်သာ ရေမြေ၊တောတောင်၊ သက်ရှိ သက်မဲ့
သတ္တဝါခပ်သိမ်းတို့ ရှင်သန်ကြီးထွားရသလိုပင် ကုသိုလ်တရား၊အကုသိုလ်တရား စသည့်တရားတွေ၏
အား ကြီးသော အထောက်အပံ့ပစ္စယကို မှီခို၍သာ နောက်ထပ် ကုသိုလ်၊အကုသိုလ်၊အဗျာကတ တရားတွေ
ဆက်လက်ဖြစ် ပေါ်ကြရခြင်းသည် ဥပနိဿယပစ္စည်းက ကျေးဇူးပြုလိုက်တာ ဖြစ်ပါသည် ။
ဘုရားဂုဏ်တော်(၉)ပါး၊တရားဂုဏ်တော်(၆)ပါး၊သံဃာ့ဂုဏ်တော်(၉)ပါးတို့ကို
ယုံကြည်၊လေးမြတ်၊ကြည်ညိုလှ သော သဒ္ဓါတည်းဟူသော ကုသိုလ်တရား၏ အားကြီးသောအထောက်အပံ့ကို
အမှီပြု၍ ပေးကမ်းစွန့်ကြဲ၊လှုဒါန်းခြင်း ဒါန ကုသိုလ် ၊ ငါးပါးသီလ၊ဥပုသ်သီလ စသည် ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်းဟူသော
သီလကုသိုလ် ၊ ဖြစ်ပျက်ဓမ္မ၊ရုပ်နာမ် သင်္ခါရတို့၏ မမြဲခြင်းသဘော၊ဆင်းရဲခြင်းသဘော၊အစိုးမရခြင်းသဘောတို့ကို
ဥာဏ်ဖြင့်ဆင်ခြင်၍ ဖြစ်ပျက်ဆင်းရဲကင်းရာ ချုပ်ငြိမ်းရာ အသင်္ခတဓါတ် မြတ်နိဗ္ဗာန်ကို မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ဖြင့်
မျက်မှောက်ပြုနိုင်ရန်အလို့ငှာ ပွားများအားထုတ်သော ဝိပဿနာ ဘာဝနာကုသိုလ် စသည့် ကုသိုလ်တရားများ
ဆက်လက်ဖြစ်ပွားရသည်မှာ ငါလုပ်တာမဟုတ် ၊ ဥပနိဿယ ပစ္စယအထောက်အပံ့ဖြင့်သာ ကျေးဇူးပြုခြင်းသဘောဖြစ်သည်ဟု
သိမှတ်ရမည်ဖြစ်ပါသည် ။
ဒီကောင်
ငါ့ကိုဆဲတယ်(မကျေနပ်ဘူး)ဟူသောစိတ်သည် ဒေါသနှင့်ယှဉ်သော အကုသိုလ်စိတ်တည်း။ ထိုအကုသိုလ်စိတ်၏
အားကြီးသောအထောက်အပံ့ကြောင့် ငါရိုက်လိုက်ရ သေတော့မယ် ဟု ဗျာပါဒနှင့်ယှဉ်သော အကုသိုလ်စိတ်တို့ ဆက်လက်ဖြစ်ပွားရသည်မှာလဲ
ဥပနိဿယပစ္စယ သတ္တိပင်ဖြစ်ပါသည် ။ ထို အကုသိုလ်တရား၏ အားကြီးသောအထောက်အပံ့ကိုအမှီပြု၍
ရိုက်မည်၊သတ်မည်ဟု တုတ်၊ဓါး၊လက်နက်တို့ကိုကိုင်ဆွဲ၏ ။ ထို တုတ် ၊ ဓါး ၊ လက်နက်တို့သည်၎င်း
၊ ရိုက်သောခန္ဓာကိုယ်သည်၎င်း အဗျာကတဓမ္မ ဖြစ်၏ ။ အကုသိုလ်ထောက်အပံ့ဖြင့် အဗျာကတ တရားများဖြစ်ရခြင်းပင်တည်း
။ ထိုနည်းတူစွာပင် ကြည်ညိုသဒ္ဓါကုသိုလ်စိတ်ကြောင့် ဘုရား၊စေတီ စသည်တို့တွင် ရှိခိုး
ပူဇော်ပြု၏ ။ ထို ဘုရား၊စေတီ၊ရုပ်ပွားတော်၊သာသနာ့အထိမ်းအမှတ်အလံ စသည်တို့သည်လဲ ကုသိုလ်အထောက်အပံ့
ဥပနိဿယပစ္စည်းက ကျေးဇူးပြုလိုက်သော အဗျာကတ တရားများပင်ဖြစ်ပါသည် ။ အပြန်အလှန်အားဖြင့်
ထိုစေတီ ၊ ရုပ်ပွား အဗျာကတ တရားများကိုမှီ၍ ကြည်ညိုသဒ္ဓါကုသိုလ် ဖြစ်ရသည်ကိုလဲ သိစေချင်ပါသည်။
အချို့သော
ဥာဏ်ပညာနုနယ်သည့် ပုထုဇဉ်တို့သည် အလှုပွဲ၊ ပူဇော်ပွဲ စသည့် ကုသိုလ်မှုတို့ကိုပြု၏ ။ ငါ့အလှု
ကြီးကျယ်အောင်ဟဲ့ ဟုဆိုကာ တီးမှုတ်၊ကခုန်၊ဇတ်ပွဲ၊ဆိုင်းပွဲငှားကြ၏ ။ အလှုကုသိုလ်ကို အကြောင်းပြုပြီး
သောက်စား၊ ပျော်ပါး တဏှာသမုဒယ အကုသိုလ်တွေ ပွားကြကုန်၏ ။ စုဆောင်းထားသမျှ အပိုကုန်များလှသဖြင့်
ကိုယ်စိတ်ပင်ပမ်း သောက၊ဒေါမနဿ အကုသိုလ်တွေ ပွားကြရပြန်၏ ။ ဤကား ပညာ မယှဉ်သော ဒါနကုသိုလ်၏
ဥပနိဿယ ပစ္စယ ကြောင့် အကုသိုလ်တွေ ဖြစ်ကြရပုံတည်း ။ တို့မြန်မာတွေ ဆင်ခြင်အပ်လှပါသည်
။
အခါတပါး၌ ရဟန်းသည် ဝိပဿနာဘာဝနာကို ပွားများအားထုတ်၏
။ ထိုရဟန်းအား ပြင်ပ ပယောဂတစုံတရာ ကြောင့် အနာရောဂါသော်လည်းကောင်း ၊ ဘေးရန်အန္တရာယ်တို့သော်လည်းကောင်း
ကျရောက်၏ ။ ကြီးစွာသော အနာ ရောဂါ ၊ ဒဏ်ရာနှိပ်စက်၍ ခန္ဓာကိုယ်ဆင်းရဲပင်ပမ်းခြင်းဖြစ်၏
။ ထို ကာယိကဒုက္ခသည် အဗျာကတ ဓမ္မပင်ဖြစ်၏ ။ ထို အဗျာကတ တရား၏ အားကြီးသောအကြောင်းအထောက်အပံ့ကိုမှီ၍
မခံမရပ်နိုင်ခြင်း ဒေါမနဿဝေဒနာ အကုသိုလ် တရားဖြစ်ပေါ်၏ ။ အဗျာကတာ ဓမ္မာ အကုသလာနံဓမ္မာနံ
ဥပနိဿယ ပစ္စယပင်တည်း ။ ထိုအခိုက်ဝယ် သတိ၊သမာဓိ၊ ပညာဖြင့် ပြည့်စုံသော အကြင်ရဟန်းသည်
ထိုဒေါမနဿဝေဒနာ၏ ဖြစ်မှု၊ပျက်မှုတို့ကို ဥာဏ်ဖြင့်ထင်အောင်ရှုပွား၍ ဒုက္ခ အရိယသစ္စာကို ပိုင်းခြားသိမြင်မှု
မဂ်ကုသိုလ်သည်ဖြစ်၏ ။ ထို ဖြစ်ပျက် ဒုက္ခအရိယသစ္စာ၏ ကင်းရာ၊ကုန်ရာ၊ချုပ်ငြိမ်းရာ
အသင်္ခတနိဗ္ဗာန်ကို မဂ်ဥာဏ်ဖြင့်မျက်မှောက်ပြုပြီးသည်နှင့်
တပြိုင်နက် နိရောဓသစ္စာအမှန် မြတ်နိဗ္ဗာန်၏ သန္တိသုခ ငြိမ်း အေးရာကြီးတွင် ခိုဝင်စံစားသော
ဖိုလ်ကုသိုလ်သည်ဖြစ်ပါလေ၏ ။ ဤအခြင်းအရာသည်ကား အိနြေ္ဒငါးပါး၊ဗိုလ်ငါးပါးနှင့် ပြည့်စုံသော
၊ ဝိပဿနာဘာဝနာ၊အနုပဿနာဘာဝနာတို့ဖြင့် လွှမ်းခြုံလေ့ကျက်အပ်သော အချို့သော ယောဂီ ၊ ရဟန်း
တို့တွင် အကုသိုလ်တရား၏ ဥပနိဿယ ပစ္စယကိုမှီ၍ ကုသိုလ်တရားများ ဖြစ်ပွားရခြင်းသဘောပင်တည်း
။
ကျွန်တော်တို့
ရုပ်နာမ်ခန္ဓာအစုစုတို့သည် ယခုကဲ့သို့သွားလာလှုပ်ရှား၍ ကောင်းမှု၊မကောင်းမှု အမျိုးမျိုးတို့ကို
မရိုး ရအောင် ပြုလုပ်နေနိုင်ခြင်းသည် ကျွန်တော်တို့ ရှင်သန်နေသေး၍ဖြစ်ပါ၏ ။ ထိုသို့ရှင်သန်နိုင်အောင်
ကံ၊စိတ် တည်းဟူ သော ကုသိုလ်၊အကုသိုလ်တရားများကြောင့်အပြင် ဥတု၊အာဟာရ တည်းဟူသော အကြောင်းတရားတို့ကလဲ
အင်အား ကြီးမားစွာ အထောက်အပံ့ပြုနေကြသည်ကို မြင်ကြပါကုန် ။ တဖန် ကျွန်တော်တို့ ယခုလို
လောကသဘာဝ ယထာဘူတ ဥာဏ်အမြင်ကို ရရှိ၍ သံသရာလွတ်လမ်း မျှော်မှန်းနိုင်သည်မှာ ဗုဒ္ဓ တည်းဟူသော
မဟာပူရိသပုဂ္ဂိုလ်မြတ် ၊ တရားတော် များကို အသက်နှင့်ရင်း၍ ထိန်းသိမ်းစောင့်ရှောက် သင်ကြားပေးတော်မူကြသည့်
သံဃာ တည်းဟူသော မဟာပူရိသ ပုဂ္ဂိုလ်မြတ်တို့၏ မိုးကောင်းကင်ပမာ အားကြီးလှစွာသော အကြောင်းအထောက်အပံ့ကို
အမှီပြု၍သာ ရနိုင်၊သိနိုင်ကြ သည်ကို ကျေးဇူးတတင် သိမြင်ကြပါကုန် ။ ပစ္စန္တရာဇ် အရပ် ကင်းလွတ်၍
မြတ်ဗုဒ္ဓသာသနာ ရောင်ဝါထိန်လင်းသည့် သည်မြေ၊သည်နိုင်ငံ၊သည်ကျောင်းကန်ဇရပ် သေနာသနံပိ
အမှီကြီးကိုရ၍လဲ သည်နိဗ္ဗာန်တရား၊ကုသိုလ်တရားတွေ ရနိုင်ပေ၏ ဟု ဥပနိဿယ ပစ္စယ ကျေးဇူးကြီးကိုလဲ
မမေ့ကြပါစေကုန်သတည်း ။
ချစ်စွာသောစာရှုသူ - - ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့နှင့်
ကောင်းမှု၊မကောင်းမှုအစုစုတို့၏ ဖြစ်ခြင်း၊ပျက်ခြင်းတရား ခပ်သိမ်းတို့သည် ဥပနိဿယပစ္စည်း၏
အားကြီးသောအထောက်အပံ့ကြောင့်သာ ဖြစ်နေ၊ပျက်နေရသည့်သဘောကို မိမိ ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်၍
ကြည့်ပါကုန်။ ဘယ်မှာ မာန်ဝင် မောက်မာချင်၍ ဖြစ်မည်နည်း ။ ဘယ်မှာ ငါပဲ အတ္တစွဲ၍ ရ မည်နည်း
။ ထို ယထာဘူတသဘာဝကို ပစ္စယ ၊ ပစ္စယုပ္ပန်ဟု အမှန်မြင်ပါလျှင် သက္ကာယဒိဋ္ဌိပျောက်ပါသည်။ အကြောင်း
ရှိသ၍ ဖြစ်ဦးမည်ကို သိပါက ဘဝပြတ်အယူ ဥစ္ဆေဒ ဒိဋ္ဌိ ငြိမ်းပါသည်။ ဖြစ်ပြီးသမျှ ပျက်ရ ဓမ္မတာနှင့်
အကြောင်းမဲ့ထပြီး မဖြစ်တတ်သောသဘောကို သိမြင်ပါက မြဲသည်တည်သည်ဟူသောအယူ ဿဿတဒိဋ္ဌိ ပြုတ်ပါသည်။
ဒိဋ္ဌိပြုတ်၍ ဟုတ်နိုးနိုးသံသယရှင်းကာ
ယုံကြည်မှုအားခိုင်မာစွာဖြင့် ဆင်ခြင်သုံးသပ်ပွားများအားထုတ်သွားမည် ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက
ယခုဘဝတွင်ပင် သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် စသည်ဖြစ်နိုင်၍ တိဟိတ်ပုဂ္ဂိုလ် မဟုတ်သေးပါကလည်း ပါရမီအဆင့်ဆင့် ရင့်ကျက်၊မြင့်တက်ကာ
ကလျာဏ ပုထုဇဉ်၊ စူဠသောတာပန်အဖြစ်တို့ကိုရနိုင်၍ ဒုက္ခလေးရွာ၊အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်စခန်းအလှမ်းမဝေးတော့ပါကြောင်း
သတင်းကောင်းပါးလိုက်ရပါသည် ။
ဝီမံသာ
(၉-၁၀-၂၀၁၃)
မှတ်ချက် ။ ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့်
ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည်
။ (စာရေးသူ)
Tuesday, July 21, 2015
တိုက်ရိုက်ရေး ပို့စ်တခုပါ
တိုက်ရိုက်ရေး ပို့စ်တခုပါ
။ ဟိုနေ့က ကြားလိုက်ရလို့ ၊ ဘယ်သူကသောတာပန်ပါ ဘာညာနဲ့ ကိုယ်ကြည်ညိုလေးစားမှု ဆန္ဒစွဲနဲ့ သာမာန်ပုထုဇဉ်လူသားတွေရဲ့ သောတာပန် အဆုံးအဖြတ်ကို
ကြားနေရလို့ ဗုဒ္ဓဘာသာအမည်ခံပြီး သေချာမသိသူတွေကို ရှင်းပြချင်လို့ပါ ။
ခင်ဗျားတို့ကို ရိုးရိုးလေးတခုမေးမယ်
။ ခင်ဗျားတို့ သူငယ်တန်းကျောင်းသားဘ၀တုန်းက ဆယ်တန်းပညာကို အကဲဖြတ်နိုင် ခဲ့ကြသလား ။
ဘယ်သူက ဆယ်တန်းမှာအတော်ဆုံးလို့ ခင်ဗျားတို့ သူငယ်တန်းကျောင်းသားဥာဏ်နဲ့ ဆုံးဖြတ်နိုင်ခဲ့ရဲ့လား
။
ဒီလိုပါပဲ - ခင်ဗျားတို့
အစွဲတခုခုနဲ့ ပုထုဇဉ်အဆင့်လောက်က ဟိုလူ သောတာပန် ၊ ဒီလူသောတာပန် လျှောက်ပြောနေရင်
လောကမှာ သောတာပန် အရူးတွေ ပိုများလာလိမ့်မယ်ဆိုတာ သတိပေးချင်တယ် ။ ဘယ်လိုအရူးလဲ သိချင်လား
။
နဲနဲပြောပြရတာပေါ့
။ ဆရာတော်တပါးနဲ့ရင်းနှီးတဲ့ ဒကာမကြီးတယောက် သူက တရားစခန်းတွေ လေးငါးကြိမ်လောက်ဝင်လဲပြီးရော
သူ့စခန်းဆရာက ဘာပြောလိုက်တယ်မသိ ၊ အဲဒီဆရာတော်ကို ဒီလို လျှောက်သတဲ့ ( တပည့်တော်မက
တရားစခန်းတွေဝင်ပြီးလို့ ဥာဏ်စဉ်တွေရ သောတာပန်ဖြစ်နေပြီဘုရား ၊ အဲဒါကြောင့် တပည့်တော်ထက်နိမ့်တဲ့
ကိုရင်လေးတွေ ၊ ဦးပဉ္ဇင်းငယ်လေးတွေကို ရှိခိုးစရာ မလိုတော့ဘူးဘုရား ) တဲ့ ။
ကဲ - တဖက်ပိတ် ပုဂ္ဂိုလ်ကိုးတွေရေ
- (ဘုန်းကြီးတွေတော်တော်ကြောင်တာပဲ) လို့ အထင်ကရပြောခဲ့တဲ့ မင်းတို့အမေကြီး - မင်းတို့မြှောက်ပေးတာနဲ့
သောတာပန်ရူး ရူးနေပါဦးမယ်ကွာ ။ ဒီတခါဆို သံသရာအထိ ငါသတိမပေးနိုင် ၊ မကယ်နိုင် တော့ဘူးနော်
။
စေတနာနဲ့ တခုပဲ
ပြောလိုက်ပါမယ် ။ သောတာပန် ဆိုတာ ပထမသောတာပတ္တိမဂ် ကို ရပြီးသော ပုဂ္ဂိုလ် ၊ အရိယာ
အငယ်စားဖြစ်သွားတဲ့သူပါ ။ သူ့စိတ်မှာဖြတ်ခနဲဖြစ်လိုက်တဲ့ အဲဒီမဂ်ဥာဏ်ဟာ
နိဗ္ဗာန်ဆိုတဲ့ ချုပ်ငြိမ်းရာ ၊ ငြိမ်းအေးရာ အသင်္ခတဓါတ်ကို မျက်ဝါးထင်ထင်
ဥာဏ်ဖြင့်မြင်လိုက် ပါတယ် ။ အဲဒီမဂ်ရဲ့အစွမ်းနဲ့ ငါစွဲစွဲနေတဲ့ သက္ကာယဒိဌိ ၊ သစ္စာတရားအပေါ်
ယုံမှားသံသယ ဖြစ်မှု ဆိုတဲ့ ၀ီစိကိစ္ဆာ ၊ အဲဒီနှစ်မျိုးကို အမြစ်ပါမကျန်
ပယ်သတ်လိုက်ပါတယ် ။ ဒါကြောင့် သူဟာ အပါယ်ငရဲကိုရောက်စေမဲ့
အကုသိုလ်ဒုစရိုက်ဆယ်ပါးကို လုံးဝ ကျူးလွန်ခြင်းမရှိ ၊ ဒီတရား ၊ တရားရှင်
ဗုဒ္ဓမြတ်စွာ နဲ့ တရားကိုထပ်ဆင့်သယ်ဆောင်ညွှန်ပြသူ မြတ်သံဃာတို့အပေါ်မှာ
တစက္ကန့်မျှတောင် စိတ်ဖြင့်ပြစ်မှားခြင်းမရှိ ၊ ရတနာသုံးပါးအပေါ်မှာ သာမာန်လူတွေ
လိုက်မမှီတဲ့ ကြည်ညိုလေးစားခြင်းတွေနဲ့ လောကနိယာမတွေကို အမှန်အတိုင်းသိမြင်ရင်း
သဘာဝကျကျ နေထိုင်သွားတဲ့ လူသူတော်ကောင်းတွေသာ ဖြစ်ပါတယ် ။
အ၀ိဇ္ဇာအမှောင်လွှမ်း
၊ ငါ တယမ်းယမ်းနဲ့ ပုထုဇဉ်လူသားတွေက ဒီလို သောတာပန်ပုဂ္ဂိုလ် မဆိုထားနဲ့
ကလျာဏပုထုဇဉ် ၊ စူဠသောတာပန် ဆိုတဲ့ အဆင့်တွေကိုတောင် သိနိုင်မှာ မဟုတ်လို့
ငါစွဲတွေနဲ့ ရမ်းမဆွဲကြပါနဲ့ ၊ (ပိုဆိုးတာက) ရဟန်းဖြစ်ရင် မရှိသောဈာန်တရား
အရှိလုပ်ပြောမှုနဲ့ ပထမပါရာဇိကထဲ ၀င်လို့ ရဟန်းဘ၀တောင် ဆုံးရှုံးရပါလိမ့်မယ် ။
လူသာမာန်တွေမှာတော့ ဒီလိုရမ်းတုတ်မှုနဲ့ ပစ္စန္ဒရစ်အရပ် (အပါယ်ငရဲအပါအ၀င် သာသနာကွယ်သောအရပ်)
ကို ရောက်ရပါလိမ့်မယ် ဆိုတာ မေတ္တာရှေ့ထား သတိပေးစကား ပြောလိုက်ပါရစေ ဗျာတို့ရယ် ။
( ၀ီမံသာ )
Subscribe to:
Posts (Atom)