Saturday, November 15, 2014

စစ်ပွဲသို့ဝင် စစ်တိုက်ဆင်ကြီးပမာ



ကောသမ္ဗီပြည်မှာ မာဂဏ္ဍီမိဘုရားဟာ သာမာဝတီမိဘုရားနဲ့အခြွေအရံတွေကို ပျက်စီးအောင် မတတ်နိုင်တဲ့အခါ ဒင်းတို့ဆရာ ဂေါတမဗုဒ္ဓကို အရှက်ခွဲမယ်လို့ကြံတယ် ။ (ဘုရားက တချိန်က သူ့ကိုမလိုချင်ဘူးပြောခဲ့လို့ ရန်ငြှိုးထား တာလဲ ပါတယ်) ဒါနဲ့ ကောသမ္ဗီမြို့သားတွေကို ငွေပေးစည်းရုံးပြီး မြို့တွင်းသို့လှည့်လည်သော ရဟန်းဂေါတမကို ကျွန်အမှုလုပ်ယောက်ျားတို့နှင့်တကွ ဆဲရေး၍ ရေရွတ်၍ ထွက်ပြေးစေကြကုန်လော့ဟု စေခိုင်းတယ် ။ ရတနာသုံးပါးကို မကြည်ညိုသော မိစ္ဆာဒိဌိတို့ကလဲ အယုတ်ကန်းဆုံးသော ဆဲရေးခြင်းဆယ်မျိုးလောက်နဲ့ ဆဲရေးကြ ၊ ရေရွတ်ကြတယ် ။ အရှင်အာနန္ဒာက (အရှင်ဘုရား ဒီမြို့ကဘုရားကိုဆဲနေလို့ ရှောင်သွားရအောင်ဘုရား)ဆိုတော့ ဘုရားက (အာနန္ဒာ - အခြားမြို့သွားလို့ အဲဒီမှာဆဲဦးမယ်ဆိုရင် ဘယ်ထပ်ရှောင်သွားရဦးမည်နည်း ၊ ဤသို့မပြုသင့် ၊ သည်အရပ်မှာ အဓိကရုဏ်းဖြစ်လျှင် သည်အရပ်မှာပဲ အဓိကရုဏ်းငြိမ်းအေးမှသာ တပါးသောအရပ်သို့သွားခြင်းငှာ သင့်သည် ၊) ထိုသို့ဆိုပြီးနောက် မြတ်စွာဘုရားရှင်ဟာ (၃)ဂါထာရှိသော ဒေသနာတော်ကို ဟောကြားတော်မူပါတယ် ။
၁ ။      (စစ်ပွဲသို့ဝင် ယဉ်ကျေးပြီးသော စစ်တိုက်ဆင်ကြီးသည် လှံဖြင့်ထိုးခြင်း ၊ လေးမြှားတို့ဖြင့်ပစ်ခတ်ခြင်းကို   ပင်ပမ်းခြင်းမရှိ ၊ သည်းခံဘိသကဲ့သို့ စကားလွန်စကားကျူးတို့ကိုလည်း သည်းခံတော်မူပေအံ့ ။)
၂ ။      (ဤလောကီဘုံသား များစွာသောလူအပေါင်းတို့သည် သီလပျက်စီးသူ အလွန်တရာများသဖြင့် မိမိစိတ်ထင် တိုင်း အလို၏အစွမ်းဖြင့် စကားဆိုလျက် ထိခိုက်ချုပ်ခြယ်ကာ လှည့်လည်တတ်၏ ။ ထိုသို့ ချုပ်ခြယ်ရာ၌ သည်းခံခြင်း ၊ လစ်လျူရှုခြင်းသည်သာ ငါဘုရား၏ တာဝန်ဖြစ်ပေ၏)
၃ ။      (လူတို့တွင်လည်း မဂ်လေးပါးဖြင့် ဆုံးမ၍ ယဉ်ကျေးပြီးကုန်သော မြတ်သောသူသည် ဤသို့ စကားလွန်၊ စကားကျူး အဖန်ဖန်ဆိုသည်ကိုလည်း သည်းခံနိုင်၏ ။ ပျံ့လွင့်ခြင်း၊ပင်ပမ်းခြင်းမရှိ ၊ ထိုသို့သောသူသည် ယဉ်ကျေး၍ မြတ်၏)        (ဓမ္မပဒ)
          သည်ဘက်ခေတ်မှာလဲ ကိုယ် နေရာမရမှာစိုးလို့ ၊ အာဏာမရမှာစိုးလို့ ရတနာသုံးပါးကိုတောင် မမြင်နိုင်တော့ပဲ အမျိုး၊ဘာသာ၊သာသနာအရေး ဆောင်ရွက်နေတဲ့ ရှင်လူရဟန်းတွေကို ခေါင်းဆောင်ကဟန့်တားခိုင်းတာနဲ့ မိုက်ရိုင်း စုတ်ပဲ့စွာ ဆဲရေး၊စော်ကား၊ဟောကြားနေကြတာတွေ စိတ်မချမ်းမြေ့စွာ တွေ့နေရပါတယ် ။ သို့သော်လဲ ရှောင်လွှဲနေလို့ မဖြစ်ပါ ၊ စစ်ပွဲမှာယဉ်ကျေးပြီးသော စစ်ဆင်ကြီးလို လေးမြားလက်နက်ဒဏ်တွေကို ကြံ့ကြံ့ခံ ၊ သည်းခံတရားလက်ကိုင် ထားလို့ မိမိတို့ပြုအပ်သော မဂ်၊ဖိုလ်၊နိဗ္ဗာန် အကျိုးငှာလည်းကောင်း ၊ စောင့်ရှောက်အပ်သော အမျိုး၊ဘာသာ၊သာသနာ အကျိုးငှာလည်းကောင်း ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ ရဲဝံ့တည်ငြိမ်စွာ ဆက်လက်လျှောက်လှမ်းသွားကြပါ လို့ မျိုးချစ်ပုဂ္ဂိုလ်များ ၊ ဆရာတော်၊သံဃာတော်များတို့ကို လေးစားစွာတိုက်တွန်းလိုက်ပါတယ် ။
                                                                                                ( ၀ီ မံ သာ )

Wednesday, November 12, 2014

၆။ သဟဇာတ ပစ္စယ (နိဒ္ဒေသ)



စတ္တာရောခန္ဓာ အရူပီနော အညမညံ သဟဇာတ ပစ္စယေနပစ္စယော ။ စတ္တာရောမဟာဘူတာ အညမညံ သဟဇာတ ပစ္စယေနပစ္စယော ။ သြက္ကံတိက္ခဏေ နာမရူပံ အညမညံ သဟဇာတ ပစ္စယေနပစ္စယော ။
      စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေနပစ္စယော ။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတ ပစ္စယေနပစ္စယော ။ ရူပီနောဓမ္မာ အရူပီနံဓမ္မာနံ ကိဉ္စိကာလေ သဟဇာတ ပစ္စယေနပစ္စယော ၊ကိဉ္စိကာလေ န သဟဇာတ ပစ္စယေနပစ္စယော ။

သဟဇာတ ပစ္စည်း ဆိုတာ အတူတကွဖြစ်ခြင်းအားဖြင့် ကျေးဇူးပြုတတ်တဲ့ သဘောကိုခေါ်ပါတယ် ။ မီးထွန်းတာ နဲ့ တပြိုင်နက် မီးရောင်ပေါ်လာရသလိုပါပဲ ။ ဘယ်တရားတွေ အတူတကွဖြစ်လေ့ရှိသလဲ ဆိုတာ ရှင်းပြထားပါတယ်။
နာမ်ခန္ဓာ(၄)ပါးဟာ အချင်းချင်းအပြန်အလှန်အမှီသဟဲပြုရင်း အတူတကွဖြစ်ကြပါတယ် ။ ထို(၄)ပါးမှာ
၁ ။ ဝိဥာဏက္ခန္ဓာ ၊ ၂ ။ သညာက္ခန္ဓာ ၊ ၃ ။ ဝေဒနာက္ခန္ဓာ ၊ ၄ ။ သင်္ခါရက္ခန္ဓာ တို့ဖြစ်ကြပါတယ် ။ စိတ်တခုဖြစ်ပေါ်လာတာနဲ့ ဒီခန္ဓာလေးပါးဟာ တပြိုင်နက် အတူတကွဖြစ်ပေါ်လာကြပါတယ် ။ တပါးကနောက်ကျဖြစ်ပေါ်တာမရှိပါဘူး။ဖွားဖက်တော် တွေလို့ပြောရပါမယ် ။ ဝိဥာဏက္ခန္ဓာက သိခြင်းသဘောဖြစ်ပါတယ် ။ အာရုံမှန်သမျှကို သိရုံသိလိုက်ပြီး သိခြင်းကိစ္စပြီးတာ နဲ့ ပျက်သွားပါတော့တယ် ။    သညာက္ခန္ဓာက မှတ်သားခြင်းသဘောဖြစ်ပါတယ် ။ သိတာနဲ့တပြိုင်နက် မှတ်လိုက်တယ် ၊ မှတ်ခြင်းကိစ္စပြီးတာနဲ့ ပျက်သွားပါတော့တယ် ။ ဒီသညာရဲ့ မှတ်သားမှုဟာ အင်မတန်အရာကျယ်ပါတယ် ။တလောကလုံး အဆင်း၊အသံ၊လူ၊တိရိစ္ဆာန်၊အမှန်၊အမှား ရှိရှိသမျှပညတ်အားလုံးကို သူမှတ်တဲ့အတိုင်း ထင်မြင်၊ပြောဆို၊လုပ်ကိုင် နေကြ ရပါတယ် ။ သူကပိုင်းခြားနားလည်တဲ့သတ္တိမရှိဘူး ။ မှန်မှန်မှားမှား အကုန်မှတ်တာပဲ ။ ဥပမာ ကလေးလေးတယောက်ကို မင်းနံမယ် ဝင်းနိုင်ကွ၊မှတ်ထားဆိုတာနဲ့ တသက်လုံး သူ့ကိုယ်သူ ဝင်းနိုင်လို့မှတ်လိုက်တော့တာပဲ ။ ငါကမင်းအဖေကွဆို ရင်လဲ တသက်လုံးအဲဒီလူကို အဖေလို့မှတ်လိုက်တော့တာပဲ ။ ဒီလိုနဲ့ပဲ လူတွေ၊သတ္တဝါတွေဟာ တကယ့်အစစ်အမှန် အရှိ တရားတွေအပေါ်မှာ မှတ်သားထားတဲ့အတိုင်း ပညတ်တင်ဖုံးလွှမ်းပြီး ထင်မြင်၊ပြောဆို၊လုပ်ကိုင် နေကြရတာဖြစ်ပါတယ်။
          ဝေဒနာက္ခန္ဓာက ခံစားခြင်းသဘောဖြစ်ပါတယ် ။ ဝေဒနာ(၃)မျိုးရှိပါတယ် ။ ကောင်းတယ်လို့ခံစားတဲ့ သောမနဿ ဝေဒနာ ၊ မကောင်းဘူးလို့ခံစားတဲ့ ဒေါမနဿဝေဒနာ ၊ ကောင်း၊မကောင်းမဟုတ် လစ်လျူရှုပြီးခံစားတဲ့ ဥပေက္ခာဝေဒနာ ရယ်လို့ ဖြစ်ပါတယ် ။ သိတာ၊မှတ်တာနဲ့တပြိုင်နက် ခံစားလိုက်တယ် ။ ခံစားခြင်းကိစ္စပြီးတာနဲ့ ပျက်သွားပါတော့တယ် ။ ဒီနေရာမှာ သိရုံမျှသိတဲ့အခိုက် ဖြစ်တဲ့ခံစားမှုမှာ ဥပေက္ခာဝေဒနာပဲပေါ်ပါတယ် ။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက မြင်ရင်မြင်ရုံမျှ ကြားရင်ကြားရုံမျှသဘောထားဖို့ တိုက်တွန်းတော်မူခဲ့တာပါ ။ အာရုံသိနောက်ကို တောက်လျှောက်လိုက်မိပြီဆိုရင်တော့ ကောင်း၊မကောင်းခံစားချက်တွေဝင်လာပြီး ကြိုက်၊မကြိုက်ဆိုတဲ့ ကိလေသာတရားတွေ ပူးဝင်နှောင့်ယှက်တော့မှာ ဖြစ်ပါ တယ် ။ သင်္ခါရက္ခန္ဓာကတော့ ပြုပြင်စီရင်၊ပြောင်းလဲခြင်းသဘော ဖြစ်ပါတယ် ။ ဒီမှာ လူတော်တော်များများဟာ သင်္ခါရကို ပြောင်းလဲခြင်းလို့ပဲ မှတ်နေကြပါတယ် ။ ပြောင်းလဲခြင်းက အကျိုး(ပစ္စယုပ္ပန်)သာဖြစ်ပြီး ပြုပြင်စီရင်ခြင်း(ဝါ)ပြုလုပ်ခြင်းက အကြောင်း(ပစ္စယ)ဖြစ်ပါတယ် ။ ဒါကြောင့် သင်္ခါရက္ခန္ဓာရဲ့ မူလတရားကိုယ်အရ ပြောရမယ်ဆိုရင် ပြုပြင်စီရင်ခြင်းလို့သာ ပြောရမှာဖြစ်ပါတယ် ။ သိတာ၊မှတ်တာ၊ခံစားတာနဲ့တပြိုင်နက် ပြုပြင်စီရင်လိုက်တယ် ။ ပြုလုပ်ခြင်းကိစ္စပြီးတာနဲ့ ပျက်သွား ပါတော့တယ် ။ နာမ်ခန္ဓာအားလုံးထဲမှာ အရာအကျယ်ဆုံး၊ကိစ္စအများဆုံးဟာ သင်္ခါရက္ခန္ဓာပဲဖြစ်ပါတယ် ။ စိတ်တခုဖြစ်တာ နဲ့ ယှဉ်တွဲပါလေ့ရှိတဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက်(၇)ပါးမှာ သညာ၊ဝေဒနာကလွဲရင် ကျန်  ဖဿ၊ဇီဝိတိနြေ္ဒ၊စေတနာ၊ ဧကဂ္ဂတာ၊မနသိကာရ (၅)ပါးစလုံးဟာ သင်္ခါရက္ခန္ဓာပဲဖြစ်ပါတယ် ။ ဒါကြောင့်လဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သဗ္ဗေ ဓမ္မာ သင်္ခါရာ လို့ ဟောကြားတော်မူခဲ့ပါတယ်။ ခပ်သိမ်းသောတရားတို့သည် ပြုပြင်စီရင်ခြင်း၊ပြုလုပ်ခြင်းကြောင့် ဖြစ်ပျက်၊ ပြောင်းလဲနေရခြင်း သဘောသာ ရှိသည်လို့ ဆိုလိုတာဖြစ်ပါတယ် ။
          မဟာဘူတ ဓါတ်ကြီး(၄)ပါးဟာလဲ အချင်းချင်း၊အပြန်အလှန်အမှီသဟဲပြုရင်း အတူတကွဖြစ်ပေါ်ကြပါတယ် ။ ဒီ ရုပ် ဓါတ်ကြီးလေးပါးဟာ တဦးခြင်းကို အထည၊်ကိုယ်အနေနဲ့မရပါဘူး။ အတူတကွပေါင်းစပ်ဖွဲ့စည်းကြတော့မှ အထည်၊ ကိုယ်အဖြစ်မှတ်ယူနိုင်ပါတယ် ။ ဒီမဟာဘုတ်ဓါတ်ကြီး(၄)ပါးကတော့ -  ၁ ။ ပထဝီဓါတ် = မာခြင်း၊ပျော့ခြင်း သဘော (မြေထု၊အထိအတွေ့ကိုယ် တို့တွင် ထင်ရှား၏) ။ ၂ ။ တေဇောဓါတ် = ပူခြင်း၊အေးခြင်းသဘော (မီးအရှိန်၊ဥတုရာသီ တို့တွင် ထင်ရှား၏) ။ ၃ ။ အာပေါဓါတ် = ယိုစီးခြင်း၊ဖွဲ့စည်းခြင်းသဘော (ရေထု၊ရွှံ့စေး၊ချွဲ၊သလိပ် စသည်တို့တွင် ထင် ရှား၏) ။ ၄ ။ ဝါယောဓါတ် = ထောက်ကန်ခြင်း၊လှုပ်ရှားခြင်းသဘော (လေထု၊ရွေ့လျားမှုအလုံးစုံတို့တွင်ထင်ရှား၏) ။
          အမိဝမ်းထဲမှာ ပဋိသန္ဓေနေရတဲ့အချိန်မှာ ရုပ်နဲ့နာမ်တို့ဟာ အပြန်အလှန်အမှီသဟဲပြုရင်း အတူတကွဖြစ်ကြရပါ တယ် ။ ဘယ်လိုဖြစ်သလဲဆိုတော့ အတိတ်ဘဝက စုတိစိတ်ကျပြီးတာနဲ့ တပြိုင်နက် ပဋိသန္ဓေစိတ်ကလေးဖြစ်တယ် ။ ပဋိသန္ဓေစိတ်ဖြစ်တာနဲ့တပြိုင်နက် အတိတ်ကံအားလျော်စွာ ကမ္မဇရုပ်ကလေးစဖြစ်တယ် ။ စိတ်ကလေးနေတဲ့အိမ်ဖြစ်လို့ ဟဒယဝတ္ထုနှလုံးအိမ်လို့ခေါ်တယ် ။ အဲဒီ အစဇာတိစိတ်ကလေးနဲ့ ကမ္မဇရုပ်ဟဒယဝတ္ထုတို့ဟာ တခုကိုတခု အပြန်အလှန် အမှီသဟဲပြုပြီး အတူဖြစ်၊အတူပျက်ကြရင်း တဖြေးဖြေးရင့်ကျက်ကြီးထွား ရုပ်အသစ်၊စိတ်အသစ်တွေ ပွားလာကြရတာ သဟဇာတ ပစ္စယရဲ့ ကျေးဇူးပြုခြင်းပါပဲ ။
          (၈၉)ပါးသောစိတ်၊(၅၂)ပါးသောစေတသိက် တရားတွေနဲ့ ထိုစိတ်တို့ခြယ်လှယ်မှုကြောင့် ဖြစ်ရတဲ့ ဆိုင်ရာစိတ္တဇ ရုပ်တရားတွေဟာလဲ သဟဇာတပစ္စယ၏ ကျေးဇူးပြုမှုကြောင့် အတူတကွဖြစ်၊အတူတကွပျက်ကြရပါတယ် ။ စိတ်ဟာ အာရုံသိခြင်းသဘောမျှသာဖြစ်ပြီး သူ့ချည်းသက်သက်တော့ ကုသိုလ်၊အကုသိုလ် မဖြစ်နိုင်သေးပါဘူး ။ စိတ်ကိုအရောင် ခြယ်တဲ့ စေတသိက်တရားတွေ (အထူးသဖြင့် ကုသိုလ်စေတသိက်(၁၄)ပါး၊အကုသိုလ်စေတသိက်(၁၄)ပါး) ပူးယှဉ်လာ တော့မှ ကောင်းစိတ်၊ဆိုးစိတ်ရယ်လို့ ဖြစ်ကြရတာပါ ။ စိတ္တဇရုပ်သဘောထင်ရှားအောင်ပြောရရင် အဝေးက မိမိအိမ်ကို လှမ်းအာရုံပြုကြည့်လိုက်ပါ ။ အိမ်ဟာမိမိရှေ့မှာ မရှိပေမဲ့ ဒါအိမ်ရှေ့၊ဒါမီးဖိုချောင်စသဖြင့် ထင်ထင်ရှားရှားစိတ်မှာမြင်လာ ရတဲ့ အိမ်ပုံသဏ္ဍာန်တွေဟာ စိတ္တဇရုပ်ပါပဲ ။ ဒီစိတ်စေတသိက်တွေနဲ့ စိတ္တဇရုပ်တွေ အတူဖြစ်၊အတူပျက်နေကြတာကိုပဲ အတွေး၊စိတ်ကူးလို့ခေါ်ရပြီး အတွေးကောင်းလေ၊အစွဲကြီးလေ ၊ စိတ်ကူးကောင်းလေ သမုဒယဖြစ်လေနဲ့ ဘဝရဲ့ ဒုက္ခ သံသရာလည်နေကြရတာ ပုထုဇဉ်သတ္တဝါတို့သဘာဝဖြစ်ပါတယ် ။
          ကျွန်တော်တို့ ရုပ်လို့သိနေကြတဲ့ အရာဝတ္ထုမှန်သမျှဟာလဲ မဟာဘုတ်ဓါတ်ကြီးလေးပါးနဲ့ ၄င်းတို့ကိုပေါင်းစပ်အစွဲ ပြု ခေါ်ဝေါ်နေရတဲ့ ရုပ်ဓါတ်(၂၄)ပါး တို့ အတူတကွသဟဇာတဖြစ် ဖွဲ့စည်းထားတဲ့ အခြင်းအရာတွေပဲ ဖြစ်ပါတယ် ။ သိပ္ပံ ပညာနဲ့ ဓါတ်ခွဲကြည့်တော့လဲ အလွန်သေးငယ်တဲ့ (Atom)ခေါ်တဲ့မြူမှုန်လေးတွေကိုပဲတွေ့ရပါတယ် ။ ကံ၊စိတ်၊ဥတု၊ အာဟာရ အကြောင်းတရားတို့ပြုပြင်မှုဖြင့် အမြဲပြောင်းလဲနေရတဲ့ သဘောပဲရှိပါတယ် ။
          ဟဒယဝတ္ထုနှလုံးအိမ် ရုပ်တရားလေးဟာ ပဋိသန္ဓေစိတ်နာမ်တရားလေးကို ပဋိသန္ဓေကာလမှာ သဟဇာတပစ္စယ ဖြင့် ကျေးဇူးပြုတတ်ပေမဲ့ ကျန်အချိန်တွေမှာတော့ အတူမဖြစ်ကြပါဘူး ။
          အမှန်တရားကိုလိုလားသော ချစ်စွာသောစာရှုသူ ။ မိမိခန္ဓာမှာ ဖြစ်လာသမျှသော ရုပ်တရား၊နာမ်တရားတွေဟာ တခုကိုတခု(တချို့အပြန်အလှန်အမှီပြုလျက်)အတူဖြစ်၊အတူပျက်နေကြတဲ့ ဒီသဘောတရားတွေကြားထဲမှာ အတ္တဆိုတာ ရှာလို့ကိုမရှိပါဘူးလို့ ထင်ရှားသိလိုက်ရင်ဖြင့် ငါစွဲဒိဋ္ဌိ ပြုတ်ပါပြီ ။ ဖြစ်လိုက်၊ပျက်လိုက် ဆက်တိုက်လည်ပတ်နေရတာမို့ ပြတ်တယ်လို့လဲမဟုတ်၊မြဲတယ်လို့လဲမဟုတ်ဆိုတဲ့ အစွဲကင်းကင်း၊သံသယရှင်းရှင်းနဲ့ အားထုတ်ပွားများသွားမယ်ဆိုရင် သံသရာစက်ရဟတ် ပြတ်ဖို့ရာ လက်တကမ်းသာလိုပါမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ။                                                                                          ဝီမံသာ (၁၉-၉-၂၀၁၃)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည် ။ (စာရေးသူ)


Saturday, November 1, 2014

ငရဲထိန်းဘ၀ လွတ်ကြပါစေ



ကျွန်ုပ်မိတ်ဆွေ (ထိန်လင်းသစ်) ကို ကြည့်ကာ မောမိသည် ။ သူသည် သံဃာတော်တွေကို စော်ကား၊အပုပ်ချ နေသော သံသရာငရဲသားများကို မျိုးချစ်စိတ်၊ဘာသာချစ်စိတ်ဖြင့် တုန့်ပြန်တိုက်ခိုက်နေသည်မှာ ပင်ပမ်းလွန်းလှသည်။ နောက်ထပ်မစော်ကားရန် အပြစ်ပြ၍တားမြစ်သည့်သဘောတော့ မှန်ပါသည် ။ သို့သော် သူကိုယ်တိုင်ခမျာမတော့ ဘာနဲ့ သွားတူနေသလဲဆို ဟိုးအောက် ငရဲပြည်က ငရဲသားများကို အပြစ်ပေး၊နှိပ်ကွပ်ရသော လှံရှည်ကြီးတွေတန်းလန်းနှင့် ငရဲထိန်းကြီးများနှင့် အလားသဏ္ဍာန်တူနေပေသည် ။ တကယ်တော့ ငရဲထိန်းဆိုတာလဲ ငရဲသားကြီးများပင် ၊ လူ့ပြည်က ဘာနဲ့သွားတူသလဲဆိုတော့ ထောင်ဝါဒါ (နှစ်ကြီးသမား)များနှင့်တူသည် ။ ထောင်သက်ရှည်လာ၍ ထောင်ဝန်ထမ်းများက ယုံကြည်စိတ်ချရသော ထောင်ကျအကျဉ်းသား(နှစ်ကြီးသမား)များကို ထောင်စာရေး၊ဘုတ်ကိုင်၊ထောင်ဝါဒါ စသည်ဖြင့် ခန့်အပ်ကာ ထောင်သားအချင်းချင်း ပြန်လည်ထိန်းသိမ်း၊အုပ်ချုပ်ခိုင်းခြင်းဖြစ်သည် ။ သူတို့က ထောင်သက်ရှည်ပြီမို့ အတွေ့အကြုံများသည် ၊ မြွေမြွေချင်းခြေမြင်သည် ။ ဘယ်သူ့ကိုဘယ်လိုနှိပ်ကွပ်ရမည် ၊ ဘယ်လိုပညာပြရမည်ကို ပိုသိ သည် ။ (ပြောရဦးမည်) ထောင်ထဲတွင် သူတို့ရောအခြားထောင်သားများပါ အမုန်းဆုံးကတော့ မုဒိန်းကောင်များဖြစ်သည် ။ မုဒိန်းကောင် တကောင် ၀င်လာပြီဆိုသည်နှင့် ထောင်ဝါဒါနှင့် တပည့်ထောင်သားများက အစွမ်းကုန်ချကြ ၊ နှိပ်စက်ကြ တော့သည် ။ မုဒိန်းမှု ကျူးလွန်ခြင်းကို လူမဆန်သောလုပ်ရပ်ဟု သူတို့ယူဆထားကြပေသတည်း ။
          ဖြစ်ပျက်သဘာဝ ပြောင်းလဲခြင်းသင်္ခါရသဘောအရ ထို ငရဲထိန်းကြီးများ ၊ ထောင်ကျနှစ်ကြီးသမားများလဲ လွတ်ရက် ရှိပေသည် ။ ငရဲထိန်း(နှစ်ရှည်ငရဲသားကြီး)သည် မိမိအကုသိုလ်ကံ အရှိန်အဟုန်ကုန်သည်နှင့် ငရဲပြည်မှ စုတေကာ အခြားပိုကောင်းသောဘ၀သို့ ရွှေ့ပြောင်းကျင်လည်ရတော့သည် ။ ထို့အတူ ထောင်ဝါဒါ(နှစ်ကြီးသမားများ) သည်လဲ မိမိအပြစ်ဒဏ် ရက်စေ့လျှင် ထောင်ဗူးဝကိုနှုတ်ဆက် လွတ်လပ်သောလူဘ၀ ပြန်ရောက်ရပေသည် ။ ထိုအခါ ၄င်းတို့သည် ငရဲသားများ ၊ ထောင်သားများကို အပြစ်ပေး၊နှိပ်ကွပ်ရသည့်အလုပ်ကိုလဲ လုပ်စရာမလိုတော့ပါ ။
          ထိုဥပမာကိုကြည့်ကာ တခုစဉ်းစားမိသည် ။ လူ့လောက လူအများစုကြီးသည် ပုထုဇဉ်အဆင့်သာရှိကြသည် ။ ပုထုဉ္ဇနော ဥုမ္မတကော ဟူသည့် ပုဒ် အရ သဘာဝအရင်းခံ အစစ်အမှန်တရား နှင့် လွတ်မြောက်ရာတရားတို့ကို မမြင် နိုင်၍ မိမိထင်ရာလုပ် ၊ ထင်ရာပြောနေကြသော အရူးများပင်ဖြစ်ပေသည် ။ အရူးက အရူးကို ဝေဖန်တိုက်ခိုက် ၊ ကဲ့ရဲ့ ရှုံ့ချ နေခြင်းသည် ငရဲထိန်းက ငရဲသားကို ထောင်ဝါဒါက ထောင်သားကို နှိပ်ကွပ်နေသည်နှင့်သာ တူပေသည် ။ မဂ်လေးပါး ၊ ဖိုလ်လေးပါး ၊ နိဗ္ဗာန် ဟူသော လောကုတ္တရာတရားကိုးပါးတို့ မိမိဥာဏ်တွင်ထင်စွာမဖြစ်သမျှ ၊ ယုတ်စွအဆုံး အငယ်ဆုံး သောတာပတ္တိမဂ်ဥာဏ်ဖြင့် နိဗ္ဗာန်ကို တကြိမ်မျှ မျက်မှောက်ပြုလိုက်နိုင်သော သောတာပန်အရိယာ မဖြစ် သေးသမျှ အပါယ်ငရဲမျိုးစေ့တန်းလန်းဖြင့် သံသရာတွင်ကျင်လည်ရဦးမည်သာဖြစ်ပါသည် ။ သည်နေရာတွင် ပုထုဇဉ်နှင့် အရိယာသောတာပန်တို့ ရတနာသုံးပါးအပေါ် ယုံကြည်မှုကွာခြားပုံလေး အနဲငယ်နှိုင်းပြလိုပါသည် ။               အဒေါ်ကြီးတယောက် တရားစခန်းတွေခဏခဏ၀င်ရင်း ဘယ်လိုအတွေးပေါက်သည်မသိ ၊ ငါကဥာဏ်စဉ်တွေရထားလို့ သောတာပန်ဖြစ်နေပြီ ၊ ဒါကြောင့် ငါ့ထက်နိမ့်တဲ့ ပုထုဇဉ်ဘုန်းကြီးတွေ ကိုရင်လေးတွေကို ငါရှိခိုးစရာမလို ဟူသတည်း ။ တော်တော်ရူးတဲ့ ပုထုဇဉ်အရူးကြီးပါတကား ။ ထိုနည်းတူစွာ လောကပညာတတ် ၊ ဘွဲ့အရပ်ရပ်ပိုင်ရှင် ဆုတံဆိပ်များရှင် တို့သည်လဲ ပုထုဇဉ်သဘာဝ ပုဂ္ဂိုလ်နှင့်သံဃာမျှ မကွဲ ၊ မိမိဥာဏ်တပဲသားဖြင့် သံဃာကိုအဆင့်အတန်းခွဲ ၊ မိမိအလိုလိုက် ပါက သံဃာသည်သူရဲကောင်း ၊ မိမိအလိုမလိုက်ပါက သံဃာသည်လူဆိုးလူမိုက် ထင်သလိုကြိုက် ထင်သလိုတိုက်နေကြ မိုက်လှတဲ့ သံသရာငရဲသား ပုထုဇဉ်များ၏ ယုံကြည်မှုမှာ မြေအောက်တထွာတောင်မစိုက်တဲ့ အမြစ်တိုသစ်ပင်လေးတွေ ပါတကား ။
ဟော သောတာပန်အရိယာသူတော်ကောင်းတွေကြတော့ ရတနာသုံးပါးအပေါ် အပြစ် မြူမျှမထင် ၊ ကြည်လင်လိုက်တဲ့ ယုံခြင်းသဒ္ဓါနဲ့ ကြည်ညိုမြတ်နိုးလွန်းလို့ သူ့ဆရာ ဘုရား၊တရား၊သံဃာတော့ လာမထိနဲ့ ယောက္ခမတောင်ငြိမ်မခံ ပက်ခနဲ ပြန်ပြောလိုက်တာ မိစ္ဆာအယူ ယူတဲ့ယောက္ခမကြီး ချွေးမတော်ဝိသာခါကျေးဇူးနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်၊အရိယာသောတာပန်ဖြစ်လို့ ချွေးမကိုတောင် ဒါငါ့အမေပါလို့ ပြောယူရတဲ့အဖြစ် ။ အဲဒါမှ အရိယာ ။ ၀ိသာခါ သူ့စကားလေး မှတ်သား ထိုက်တယ် ။ ငါတို့ဆရာ ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ဗုဒ္ဓတပည့်သားသံဃာတော်များဟာ အကုသိုလ်အညစ်အကြေး အကုန် စင်ကြယ် စွန့်ပယ်ပြီးဖြစ်လို့ သံသရာလွတ်မြောက်ကြောင်းတရားနဲ့ ငြိမ်းပြီးသားပုဂ္ဂိုလ်တွေ ၊ အသင့်လို အတိတ်ကံ အစာ ဟောင်းစားလို့ ကြီးပွားမာန်တက် အတ္တအစွယ်တလက်လက်နဲ့ လူ့အပုပ်အသိုးမဟုတ်ခဲ့ဘူးလို့ တချက်ထဲပြောချနိုင်တာ အဲဒါ အရိယာပါ ။ ကဲ ဘယ်လောက်ကွာခြားလဲ စဉ်းစားဖို့နော် ။

ဘယ်လိုစဉ်းစားမိလဲ ၊ မတူဘူးနော် ၊ ပုထုဇဉ်နဲ့သောတာပန်အရိယာတို့ တုန့်ပြန်ပုံခြင်းမတူဘူးနော် ၊ ပုထုဇဉ်တွေ တုန့်ပြန် ပုံက ငရဲထိန်းတွေ ထောင်ဝါဒါတွေ အပြစ်ပေးနှိပ်ကွပ်သလို တဖက်လူ နာစေတယ် ၊ နာတော့မုန်း ၊ အမုန်းနဲ့တုံ့ပြန် ၊  အမုန်းသံသရာရှည် ဒေါသမီးမွှေတော့ သံသရာမှာ အပါယ်စာဖြစ်ရရှာမှာပေါ့ ။ သောတာပန်အရိယာတို့ကျတော့ တရား အစစ် အနှစ်ထုတ်လို့ တဖက်က ပြန်မလှန်သာ ပြန်မငြင်းသာအောင် ပြောလိုက်တော့ နာခံရသူမှာ အတ္တအမြစ်ကွာလို့ လွတ်မြောက်၊ငြိမ်းချမ်းရာတရား သူ့လိုရသွားကြတာ ဘယ်လောက်အကျိုးများပါသလဲနော် ။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာနဲ့ ဘုရားသားတော်သံဃာတော်တွေကို စော်ကားအပုပ်ချ၊စွပ်စွဲနေကြတဲ့ သံသရာငရဲသားတို့ကို အမျိုးဘာသာချစ်သူတို့က တုံ့ပြန်လိုကြလျှင်ဖြင့် မိမိကိုယ်ကို ငရဲထိန်းဘ၀ လွတ်မြောက်ကြစေလျက် ယုံကြည်မှုသဒ္ဓါ အမြစ်ဟာ မြေလွှာထိုးဖောက်  ကျောက်သားအောက်ထိ အရောက်ခိုင်မာစွာ တည်တံ့ရာရှာလို့ သံသရာဝဋ်ဒုက္ခ လွတ်မြောက်ရာအမှန် ၊ ၀ိမုတ္တိရသ နိဗ္ဗာန်တရားလက်ကိုင်ထားလျက် တုံ့ပြန်သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည် ။
                                                                                      ( ၀ီ မံ သာ ) 2-11-2014