Monday, October 27, 2014
ဟင်းအိုး နဲ့ ယောင်းမ
လူရယ်လို့ဖြစ်လာစ ၊ကျောက်ခေတ်မကျတကျတုန်းက ၊လောဘ၊ဒေါသ၊မောဟတွေ သိပ်မများသေး ၊ ဖြစ် စရာ အာရုံကလဲ နဲသေးတာကိုး ၊ ဒီလိုနဲ့ သူတို့ ဟာလာဟင်းလင်းလျှောက်သွား ၊ ဘာမုဒိန်းမှုမှ မကြား ရပါဘူး ။
စိုက်ပျိုးရေးကိုတီထွင် ၊ ပဒေသာပင်မြေက မပေါက်ခဲ့မှတော့ ၊ ကိုယ့်ခြံကိုယ်ခတ် ၊ ပိုင်ဆိုင်မှုပညတ်ခဲ့တာ ၊ အဲဒီအခါကစခဲ့တာပေါ့ ။
ကြောက်တတ်တာကလဲအလွန် ၊ ကိုးကွယ်ရာဆိုပြီး ဘာသာကြီးအမျိုးမျိုး မရိုးအောင်(လူတတ်တွေက) ထွင်ခဲ့ကြပြန် ၊ အတ္တအလံလွှင့် (ခရူးဆိတ်လို) စစ်သမိုင်းတွေဖွင့်ခဲ့ကြပြန်ပေါ့ ၊ ဘုမသိ၊ဘမသိ လူတွေကတော့သေလိုက်တာသောက်သောက်လဲ ၊ (သူတို့) ဘုရားသခင်တောင် မျက်နှာလွှဲနေရ ၊ တယ်ဂွကျသကိုး ။
လောကလိုအပ်ချက် လွတ်မြောက်မဲ့တရား ၊ လွန်မြောက်မဲ့တရား ၊ မဟာလူသားဗုဒ္ဓ ၊ ဟောချလိုက်တာ ကမ္ဘာ တဒင်္ဂ ငြိမ်းချမ်းခဲ့ရ ဟိုတုန်းက(၂၅၀၀) သက္ကရာဇ်မှာလေ ။
ဒီလိုနဲ့ ရုပ်ဝတ္ထုတို့တိုးတက် ၊ စိတ်ဓါတ်ပြောင်းပြန်အချိုးကျပျက်လို့ ၊ အာသာငမ်းငမ်း အတ္တတွေသရမ်းလိုက်တာ နယ်တကာချဲ့ ၊ ကမ္ဘာဖျက်လက်နက်တွေထွင် ၊ အင်အားကြီးသူနိုင်စတမ်းနဲ့ ၊ ခွေးသရမ်းတွေနှိပ်စက်ခဲ့တာ ကမ္ဘာ နှစ်ခါ ပြာကျခဲ့ပေါ့ ။
တတိယကမ္ဘာပျက်ခေါင်းလောင်း အံ့အားသင့်စရာထိန်းကျောင်းခဲ့တာ မြန်မာဦးသန့် ၊ (ဒီတော့မှ) ဗုဒ္ဓဘာသာရနံ့ သူတို့ဆွတ်ပျံ့ခဲ့ ၊ အမှတ်တမဲ့မှအမှတ်တရ သူတို့ပညာရှင် အိုင်စတိုင်းပြခဲ့တဲ့နိမိတ် (တတိယကမ္ဘာစစ်ကို အနုမြူဗုံးနဲ့တိုက်မယ်ဆို စတုတ္ထကမ္ဘာစစ်ကို ကျောက်ခဲတွေနဲ့ပေါက်ရလိမ့်မယ်)ဆိုမှ အထိတ်တလန့် Relativity ပညာရှင်ကြီးရဲ့စာတွေ လှန်လှောကြည့်လိုက်တော့ (တခုတည်းသော ကမ္ဘာလုံးဆိုင်ရာ စကြာဝဠာတရားဟာ သိပ္ပံပညာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ၊ ငြိမ်းချမ်းခြင်းနဲ့ ဘ၀ဒုက္ခအလုံးစုံလွန်မြောက်ခြင်း တို့ကို ညွှန်ကြားပြသပေးနိုင်တဲ့ ဗုဒ္ဓဘာသာ တခုသာလျှင် ရှိလိမ့်မယ်ဆိုတာ) ကမ္ဘာကသိလာခဲ့ပြီ ။
ကဲ ဘယ်လိုလဲ မြန်မာမိတ်ဆွေတို့ရေ - ဟင်းအိုးရဲ့အရသာ ယောင်းမ မသိရှာသလို ဟိုယောင်ယောင်၊ ဒီယောင်ယောင် လုပ်နေကြရင်တော့ သိသူဖော်စား အနှစ်ကုန်သွားမှ ယောင်ဝါးဝါးတသိုက် အရိုးကိုက်နေ ရမှာ ၊ အနော်ရထာနဲ့ရှင်အရဟံကို အားနာနေရမှာ ငါ စိုးရိမ်လို့ အမျိုးဘာသာစောင့်ကြပါ ဗျာတို့ရယ် ။
                                                                             ( ၀ီမံသာ )
Thursday, October 23, 2014
ဝိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ (စာမိတ်ဆက်) အပိုင်း (၃)
မြတ်ဗုဒ္ဓသာသနာ(၅၀၀၀)မှာဆိုရင် သာသနာသက္ကရာဇ်(၂၅၀၀)ရောက်သွားကတဲက ခေတ်(၅)ခေတ် တပတ် လည်ခဲ့ပြီဖြစ်ပါတယ် ။ ယခုအခါ ဘုရားရှင်ပွင့်တော်မူစ ၀ိမုတ္တိယုဂခေတ်ကို တပတ်ပြန်လည်ရောက်ရှိလာရုံတင်မက ပထမရာစုခေတ်၏တ၀က်ကျော် (၂၅၅၅)နှစ်တိုင်အောင်ရောက်ရှိနေခဲ့လို့ အခွင့်ကောင်း၊အချိန်အခါကောင်းကြီးနှင့် တွေ့ကြုံနေရသည့်အခိုက်မှာ သုခပဋိပဋာခိပ္ပါဘိညာ နည်းမှန်လမ်းကျ ယထာဘူတသဘာဝတို့ကို အခြေခံကာ မဂ္ဂသစ္စာ ဘာဝနာကို ကြိုးစားပွားများ အားထုတ်ကြမည်ဆိုလျှင်မဂ်ပေါက်၊ဖိုလ်ဝင် နိဗ္ဗာန်မြင်သိတဲ့ သူတော်စင်အစစ် ဧကန်ဖြစ်နိုင် လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်မိပါတယ် ။
          တရားဓမ္မတွေရှိကြရာဝယ် ပရိယတ္တိသဒ္ဓမ္မရယ် ပဋိဝေဓသဒ္ဓမ္မရယ်လို့(၂)မျိုးရှိပါတယ် ၊ ပရိယတ္တိဓမ္မက ကြိုးစား သင်ယူ လေ့လာလို့ရနိုင်ပေမဲ့ ပဋိဝေဓ ဓမ္မကျတော့ အလွန်နက်နဲခက်ခဲလှသော ၊ နက်ရှိုင်းကျယ်ဝန်းပြီးနူးညံ့သိမ်မွေ့လှ သော ယထာဘူတသဘာဝကျကျ အနက်အဓိပ္ပါယ်၊သဘောတရားတို့ကို ထိုးထွင်းသိမြင်ရန် အလွန်ခက်ခဲမည်ဖြစ်ပါတယ် လုံ့လ၊ကြိုးစားမှုတို့နဲ့မဆိုင်တော့ပါ ၊ ရင့်ကျက်သောပါရမီရှိတဲ့ ဥာဏ်ပညာတို့နဲ့သာ ဆိုင်ပါတယ် ။ - - -                              ၀ိမုတ္တိယုဂခေတ်မှတပါး အခြားသော ဒါနယုဂခေတ် ၊ သီလယုဂခေတ် ၊ သမထယုဂခေတ် ၊ သုတယုဂခေတ် ကာလတို့၌ မိမိတို့အသိအမြင်အယူအဆတွေနဲ့ ပါဠိ ၊ အဌကထာ ၊ ဋီကာ ၊ --- သင်္ဂြိုလ် ၊ ၀ိဂြိုလ် စသည့် ပိဋကတ်တော် များ ရေးသားပြုစုခဲ့ကြတဲ့ ကျမ်းပြုသခင်ပညာရှင်ကြီးတို့သည် ဤနေရာကပိုနေ၍ နှုတ်ပယ်ထားခြင်း ၊ ဤနေရာသည်ကား လိုအပ်နေ၍ ဖြည့်စွက်ထားခြင်း စသည်တို့မပြုဝံ့ ၊ မတို့ထိဝံ့တဲ့ ပိဋကတ်ဒေသနာတွေ ရှိနေပါတယ် ။ ၄င်းဒေသနာတော် တွေကတော့ - ဥဒါန်းပါဠိတော်ကြီး ၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီး ၊ မဟာပဌာန်းကျမ်းတော်မြတ်ကြီး ၊ သတိပဌာန သုတ္တံဒေသနာတော်ကြီး ၊ ဓမ္မစကြာ သုတ္တံဒေသနာတော်ကြီး ၊ အနတ္တလက္ခဏ သုတ္တံဒေသနာတော်ကြီး တို့ ဖြစ်ပါတယ် ။ ထို ဒေသနာတော်ကြီးတို့သည်ပင် ပဋိဝေဓသဒ္ဓမ္မ ဖြစ်ပါတယ် ။ - - - - တရားဓမ္မကို ကြည်ညိုလေးစား၊ လေ့လာလိုက်စား လိုကြကုန်သော သူတော်စင်သုတေသီအပေါင်းတို့သည် မြတ်ဗုဒ္ဓ၏ (အနုသာသနတော အနုသာသနီ)အရ နည်းမှန် လမ်းကျ ဆိုဆုံးမ လမ်းညွှန်မှုတွေပါသော ဤတရားဦးဓမ္မစကြာ မြတ်ဒေသနာ၌ နက်နဲ၊ခက်ခဲ၊သိနိုင်ခဲလှတဲ့ အနက် အဓိပ္ပါယ် သဘောတရား လမ်းညွှန်မိန့်မှာချက်တို့ကို ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင် ထိုးထွင်း၍သိမြင်နိုင်ကြဖို့ရန် များစွာအထောက်အကူဖြစ်လိမ့်မယ်လို့လဲ ယူဆမိပါတယ် ၊ ဝေဖန်ပိုင်းခြား စီစစ်လေ့လာတော်မူကြပါလို့လဲ နှိုးဆော် တိုက်တွန်းပါတယ် ။
အနက်အဓိပ္ပါယ်
                ( ဒွေမေဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ ) - အစဖြာသည့် တရားဦးဓမ္မစကြာ မြတ်ဒေသနာကို ပဉ္စ၀ဂ္ဂီ၅ဦးတို့အား ဗုဒ္ဓရှင်တော်မြတ်ကြီး ဟောပြနေပါသည် ။  ချစ်သားတို့ - လောကတွင် မမှီဝဲအပ်သော ၊ မပြုလုပ်အပ် သော ၊ မဆည်းကပ်အပ်သော ဤတရားနှစ်ပါးတို့ကို သံသရာဘေးဒုက္ခအပေါင်းမှ လွတ်မြောက်လိုကြသည့် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ် ၊ ရသေ့ယောဂီပုဂ္ဂိုလ်များ ၊ ကာမဘုံသား နတ်သိကြားများ တို့သည် မမှီဝဲ ၊ မဆည်းကပ် ၊ မပြုလုပ်ကြလေနဲ့လို့ တားမြစ် ဆုံးမတော်မူပါတယ် ။ ၄င်းတရားနှစ်ပါးတွင် လက်ဝဲလမ်းခေါ်တဲ့တပါးကတော့ - ( ကတမေ ဒွေ ယောစာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ ) တဲ့ ။ ဒီအပိုဒ်မှာ ကာမေသု ကိုအရင်ထုတ်ကြည့်တော့ ငရဲ၊ပြိတ္တာ၊တိရိစ္ဆာန်၊ အသူရကာယ်(အပါယ်လေးဘုံ) ၊ လူ့ဘုံ ၊ နတ်ပြည်ခြောက်ဘုံ ဟူသော ကာမ(၁၁)ဘုံ အကုန်အကြုံးဝင်သွားပါတယ် ။ ကာမသုခလ္လိကာ အပိုဒ်ကို ဖွင့်ဆိုရလျှင် ကာမဂုဏ်၊အာရုံတရားတွေကို အရင်းတည်၊အမှီပြုပြီး ချမ်းသာမှုတွေခံစားနေ  ကြတာဖြစ်တယ် ။နုယောဂေါ ကျတော့ ယောဂ- ကျင့်စဉ်၊အကျင့်၊အကျင့်စရိုက်ပါ ပါလာတော့ ပိုမိုကျယ်ဝန်းသွားပါတယ်။ - - - - - ဥာဏ်ကုန်လွှင့်လို့စဉ်းစားကြည့်နိုင်ပါတယ် ၊ ဥပမာတချို့ဆောင်ရလျှင် တိုင်း၊နိုင်ငံ အုပ်ချုပ်နေတဲ့ ရှင်ဘုရင်၊ မင်း သမ္မတ တွေကျတော့ မိမိတို့ တန်ခိုးအာဏာအရှိန်အ၀ါကို အကောင်းအဆိုးအမျိုးမျိုးသောနည်းတို့နဲ့ ချဲ့ထွင်ပြီး ကိလေသာအာရုံ ကာမဂုဏ်တရားတွေကို ခံစား၊စံစားနေကြသလို အအုပ်ချုပ်ခံလူတန်းစားတွေကျတော့လဲ မိမိတို့နဲ့ လက်လှမ်းတမှီ ထိုက်သင့်ရာ ကိလေသာအာရုံ ကာမဂုဏ်တရားတွေ မှီဝဲခံစားကြရတော့ ခံစားတဲ့ အကျင့်စရိုက်တွေ မတူ ကွဲပြား ကွာခြားသွားကြပါတယ် ။ - - - ရာထူးကြီးရင်ကြီးတဲ့အလျောက် ၊ ရာထူးငယ်ရင်ငယ်တဲ့အလျောက် ၊ စည်းစိမ်ဥစ္စာ ချမ်းသာရင်ချမ်းသာတဲ့အလျောက် ၊ စည်းစိမ်နွမ်းပါးဆင်းရဲသားကဆင်းရဲတဲ့အလျောက် ၊ ဥာဏ်ပညာကျယ်ရင် ကျယ်သလောက် ၊ ဥာဏ်ပညာနဲပါးရင်နဲပါးသလောက် ၊ ခွန်းအားကြီးရင်ကြီးတဲ့အလျောက် ၊ ခွန်အားနဲပါးလျှင်နဲပါးတဲ့ အလျောက် ၊  ရုပ်လှရင်လှသလောက် ၊ ရုပ်ဆိုးရင်ဆိုးတဲ့အလျောက် ကိလေသာအာရုံကာမဂုဏ်ခံစားမှု အကျင့်စရိုက် တွေ မတူကွဲပြားခြားနားနေပြန်ပါတယ် ။ - - -  ရဟန်းရှင်လူ မည်သူမဆို ကိလေသာအာရုံကာမဂုဏ်တရားတို့ကို မမှီဝဲ မဆည်းကပ်ကြဖို့ တားမြစ်သည်ကို၎င်း ၊ ပြုလုပ်အားထုတ်ခံစားနေကြပါက သံသရာဘေးဒုက္ခမှ မလွတ်မြောက်နိုင် ဖြစ်မည်ဟူသော လမ်းညွှန်ချက်သဘောတရားကို၎င်း ကိုယ်ပိုင်ဥာဏ်နဲ့ဝေဖန်ပိုင်းခြားကြည့်ရင် သိနိုင်ပါလိမ့်မယ် ။
( ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တသံဟိတော ) ဤအပိုဒ်မှာ ဟီနော ဆိုတဲ့ နာမ၀ိသေသနပုဒ်သည် ဂမ္မော ကို၎င်း ၊ ပေါထုဇ္ဇနိကော ကို၎င်း ၊ အနရိယော ကို၎င်း (၃)ပုဒ်စလုံးကို ယုတ်ညံ့သော အနက်နဲ့ အထူးပြုပါတယ် ။
                                                                    (နေမျိုးသောင်း)
Tuesday, October 21, 2014
သင်္ဃန်းတော်တွေ အပူမလောင်စေချင်
ဘုရားသားတော်အစစ် ဖြစ်တော်မူကြကုန်သော (၁) အရိယာသံဃာတော်အရှင်မြတ်ကြီးများ ၊ (၂) ဘုရားရှင် အဆုံးအမ ၊ ၀ိနည်းတော်တို့ကို ထိန်းသိမ်းစောင့်ရှောက် ဆောက်တည်လျက် ပရိယတ် ၊ ပဋိပတ် ၊ ပဋိဝေဓ သာသနာ တော် သုံးရပ်ကို ပြန့်ပွားရှင်သန်စေရန် ကြိုးပမ်းအားထုတ်နေသော ၊ ခေတ်ကာလ၏တောင်းဆိုချက်၊လိုအပ်ချက်အရ အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေးကို ကိုယ်ကျိုးမဖက်ဆောင်ရွက်နေကြသော သမုတိ သံဃာစစ် ၊ သံဃာမှန် အရှင်သူမြတ်အပေါင်းတို့ကို တပည့်တော် ဤစာစုကိုမရေးမီ တောင်းပန်လျှောက်ထားလိုပါသည်ဘုရား ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သာသနာတော်ကြီးကို သန့်ရှင်းစင်ကြယ်စေလိုသော တပည့်တော်၏ စေတနာဇောကြောင့် အဂါရ၀ သဘော စာမချောပဲ မနောဘ၀င် မကြည်လင်စေခဲ့မိပါက မေတ္တာ၊ကရုဏာရှေ့ထား၍ နားလည်ခွင့်လွှတ်ပေးတော်မူပါရန် ကြိုတင်ရှိခိုးတောင်းပန်အပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ဘုရား ။
          ယနေ့ခေတ်အခါတွင် လူတချို့တို့သည် လူ့လောကတွင်စီးပွားဥစ္စာရှာမရ ၊ အောက်ကျနုံခြာလူရာမ၀င်ဖြစ်လာ၍ သော်လည်းကောင်း ၊ ရာဇ၀တ်ဘေး၊ဘယာဘေး အန္တရာယ်တစုံတရာမှလွတ်မြောက်လိုပါ၍ သော်လည်းကောင်း ၊ အခြား သော အကြောင်းအမျိုးမျိုးတို့ကြောင့် ခိုလှုံရာရှာသည့်အနေဖြင့် ဘုရားအရိပ်၊သံဃာအရိပ်ကို ခိုဝင်ကာ ရဟန်းပြုခဲ့ကြ သည်များလဲ ရှိပါသည်။ ထိုသူတို့အနက် တချို့မှာ တရားတော်၏ ဧမြသောအရိပ်စစ်ကို ခိုလှုံမိကာ သံဝေဂဥာဏ်ပေါက် ၊ နိဗ္ဗာန်ရောက်ကြောင်းတရား ပွားများအားထုတ်လျက် ဘုရားသားတော်အစစ်ဖြစ်သွားသူများစွာ ရှိသကဲ့သို့ တရားအရိပ်ကို မခိုလှုံမိကြသော သူတချို့လဲ ရှိနေပါသေးသည် ။ ထိုသူတို့မှာ တရားသဘောကို နားမလည်ကြသောအခါ ရဟန်းပြုရခြင်း ၏ အဓိပ္ပါယ်၊အနှစ်သာရနှင့်တန်ဖိုးကို မသိတတ်ကြတော့ပဲ တလွဲမြင်၊တလွဲတွေး၊ တလွဲအယူအဆများဖြင့် ဆက်လက် နေထိုင်နေကြပါတော့သည် ။ ဥပမာ - ငါ လူ့ဘ၀တုံးကမှ အနေအစားမချောင်၊ဒုက္ခရောက်သေးတယ် ၊ ခု ဘုန်းကြီးဝတ် မှ အေးရာအေးကြောင်း စားလိုက်၊အိပ်လိုက် အချိန်တန် ထွက်အလှုခံလိုက် တယ်ဟန်ကျတာပဲ ဆိုတာမျိုး ၊ ဒီကောင်တွေ ငါ လူဝတ်နဲ့တုန်းက ဆေးဖော်ကြောဖက်တောင်မလုပ် ၊ ငါ့တွေ့ရင်ပိုက်ဆံချေးမှာကြောက်လို့ ထွက်ပြေးခဲ့၊ငြင်းလွှတ်ခဲ့တဲ့ ကောင်တွေ - ခု ဘာတတ်နိုင်သေးလဲ ၊ ငါလာတာနဲ့ တန်းရှိခိုးကြ ၊ ငါအလှုခံတာနဲ့ မငြင်းရဲဘူး ရှိတာလေးတွေ ထုတ်လှု ကြ နဲ့ တယ်ဟုတ်တဲ့ ဘုန်းကြီးဘ၀ပါလား ဆိုတာမျိုး - - အဲလိုတွေ ထင်သွားတတ်ကြပါတယ် ။
          ဒီနေရာမှာ အလျဉ်းသင့်လို့ ဆရာကြီးဦးသုခရဲ့ (ရဟန်းစားသောဆွမ်းတနပ်) ပညာပေးအနုပညာလေးကို သတိရ မိပါတယ် ။ ကျနော် အဲဒီရုပ်ရှင် သေချာမကြည့်လိုက်ရပေမဲ့ ဆရာကြီးဦးသုခရဲ့ ဆိုလိုရင်းအနှစ်သာရကို စမ်းဝါးမိပါတယ် ။ ရဟန်းတော်ရဲ့ တထပ်တည်းစားရသောဆွမ်းဟာ ဆင်ခြင်မှုနဲ့ပညာကပ်လို့စားမယ်ဆိုရင် နတ်သုဓ္ဓါထက်ပိုမွန်မြတ် ၊ လှုဒါန်းသူရော စားသူပါ နိဗ္ဗာနပစ္စယ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်း ဖြစ်နိုင်ပါတယ် ။ ဒီဆွမ်းကိုပဲ မဆင်မခြင်စားမိရင်တော့ - သံတွေခဲထက်ပိုပူလောင် ၊ လှုဒါန်းသူကို သဒ္ဓါတရားမတိုးပွားပဲ ဆုတ်ယုတ်သွားစေတာ ၊ မိမိ မှာ ဒီဆွမ်းကိုစား နိဗ္ဗာန်အတွက်အားမဖြစ်ပဲ ကာမ အား ၊ တဏှာအားတွေ ပွားလာရင်တော့ အပါယ်လေးပါးစာ ဖြစ်သွား နိုင်ပါတယ် လို့ သတိပေးလိုတာပါ ။
          မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက သူ့တပည့်စာသင်သားတွေကို ပြောသတဲ့ ။  မောင်ပဉ္စင်းတို့ ဘာလို့စာသင် ကြသလဲ တဲ့ ။ (ငါ စာတတ်လာလို့ ဓမ္မာစရိယဖြစ်လာရင် ဆိုင်းဘုတ်ကြီးတွေထောင်လို့ တရားဟောစားမယ် ၊ တရားသား တပုဒ်ကောင်းကောင်းဟောနိုင်ရင် နာမည်ကြီးမှာပဲ) အဲလို လာဘ်လာဘ ၊ ထင်ပေါ်ကျော်ကြားမှုအတွက်ဆိုရင်တော့ စာသင်မနေပါနဲ့ ၊ အိပ်နေတာက ပိုမြတ်သေးတယ် လို့ သင်ကြားသတိပေးတော်မူခဲ့ပါတယ် ။ မှန်လိုက်တာ ၊ ပရိယတ္တိဓမ္မ ဆိုတာ အလွန့်အလွန်သိမ်မွေ့နက်နဲခက်ခဲလွန်းတဲ့ မြတ်ဗုဒ္ဓရဲ့ မဂ်၊ဖိုလ်၊နိဗ္ဗာန် လောကုတ္တရာတရားကိုးပါးကို မိမိဥာဏ်မှာ ထိုးထွင်းသိမြင်နိုင်ဖို့ ၊ ကျင့်ကြံအားထုတ်တဲ့နေရာမှာ မတိမ်းမစောင်း လမ်းကြောင်းတည့်မှန်ဖို့ အထောက်အကူပြုတဲ့ အနေနဲ့သင်ကြားရတာတကြောင်း ၊ မိမိ သိရှိ / စမ်းဝါးမိတဲ့ သစ္စာလေးပါးအမှန်တရားကို လောကသတ္တ၀ါတွေ သိရှိ နားလည်စေခြင်းငှါ တဆင့်ပြန်ဟောကြားနိုင်ဖို့အတွက် သင်ကြားရတာတကြောင်း ၊ ဒီလိုရည်ရွယ်ချက်ကောင်းတွေသာ ထားရှိအပ်ပါတယ် ။
          အထက်ဖော်ပြပါ အချက်(၂)ချက်ကိုကြည့်ရုံနဲ့ ရတနာ(၃)ပါးထိုက်တဲ့ ရဟန်းသံဃာတော်အဖြစ် ၊ ရဟန်းသံဃာ တော် ဘ၀ဟာ တယ်ဟန်ကျပါလားလို့ တချို့ထင်သလို လွယ်ပါ့မလားဗျာ ။ ဒီလို လွယ်လွယ်အတွေးနဲ့ ရဟန်းဝတ်ခဲ့ရင် တော့ သင်္ဃန်းတော်တွေ ပူလောင်မှာ စိုးမိပါတယ်ဗျာ ။ (ဗုဒ္ဓ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင် လေးအသင်္ချေ နဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရာမှာ ရဟန်းဘ၀ ၉ ဘ၀ပဲ ရခဲ့ပါသတဲ့) ဒီလိုရခဲလှတဲ့ မြတ်သောရဟန်းဘ၀ကို မိမိရဲ့ တရား မရှာ ၊ တရားမသိ ၊ ၀ိနည်းမလိုက်နာတဲ့ အမှုမဲ့အမှတ်မဲ့ ကိလေသာအပူတွေ မဟပ်မိပါစေနဲ့ဗျာ ။
          ဗုဒ္ဓမြတ်စွာဟာ သားရဟန်းတွေကို (၂၂၇)သွယ်သော သိက္ခာပုဒ်တွေ ပညတ်ခဲ့တာဟာ ဘယ်လောက် အဓိပ္ပါယ် ရှိလိုက်သလဲဆိုရင် ထိုသိက္ခာပုဒ်နှင့်အညီနေထိုင်ကျင့်ကြံသော ရဟန်းတော်၏ သင်္ဃန်းတော်ရောင်ဝါကို လှမ်းမြှော်ဖူးမြင် လိုက်ရရုံနဲ့ လူသတ္တ၀ါတွေမှာ သဒ္ဓါ၊ကြည်ညိုကုသိုလ်စိတ်တွေ တဖိတ်ဖိတ်လျှံတက်လို့ မရှိခိုးရမနေနိုင်၊မလှုဒါန်းရမနေနိုင် အောင်ကို ဖြစ်လာရပါတယ် တဲ့ ။ သံဃာဟာ ရတနာထိုက်တယ်ဆိုတာ ဒီလိုထိုက်တာပါ ။ လောကလူသတ္တ၀ါအပေါင်း တို့အတွက် ကုသိုလ်တရားပွားများရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော သံဃာရတနာပါ ။ ဒီလိုမှမဟုတ်ပဲ - ကိုယ့်ရွာကဆရာတော်လေး ရန်ကုန်မှာကျောင်းထိုင်နေတာ ရောက်တုန်းရောက်ခိုက် သင်္ဃန်းလေးလှုလိုက်မဟဲ့လို့ သွား တာ ကိုယ်တော်က တီဗီရှေ့မှာ မိုက်ကယ်ဂျက်ဆင်သီချင်းနဲ့ ဒူးလေးတနှံ့နှံ့ ၊ ဘေးခန်းမှာဒကာမ(၂)ယောက်တင်ထား တဟီးဟီးတဟားဟားနဲ့ ၊ (ဒီကလူမှာ မကောင်းတတ်လို့သင်္ဃန်းထားခဲ့ရတယ်)ဖြစ်ကုန်ရော ။ ရှိပြီးကုသိုလ်တရားလေး ကိုယ့်ဟာကိုယ်ပြုတ်မကျအောင် မနဲထိန်းလို့ ကာယကံမြောက်အောင်လှုပြီးပြန်ခဲ့ရတယ် ။ ကုန်ပါပြီ ပရစေတနာလေး ။ ဘုရားရှင်က မပင့်ဖိတ်သောအိမ်သို့ မ၀င်ကောင်း၊အလှုမခံကောင်း လို့ ပညတ်တော်မူထားတာ - လူ့ဘ၀သူငယ်ချင်း ဖြစ် ခဲ့တဲ့ ကိုယ်တော် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး တကာကြီး ငါဒီညလာအိပ်မလို့ ၊ တကာကြီး ငါဘယ်နေ့လာခဲ့မယ် ၊ တကာကြီး ဦးဉ္စင်းချဲပေါက်တဲ့တသိန်းခွဲ (၂)ရက်ဘုရားဖူးသွားလိုက်တာ ကုန်သွားလို့ ရန်ကုန်ပြန်စရိတ်လေး ချေးပါဦး ။ ကဲ - မခက် လား ။ ဒီကိုယ်တော်ကိုတော့ အရင်သူငယ်ချင်းသံယောဇဉ်ကြောင့် အားမနာတမ်းပြောဖြစ်တယ် ၊ ကိုယ်တော် ရဟန်းဝါ (၃)၀ါတောင်ရနေပြီ ၊ ၀ိနည်းသင်တော့ ၊ ကိုယ်တော် တနေရာမှာအထိုင်ချပြီး တရားအားထုတ်တော့ ၊ လူ့ဘ၀ လူ့ သံယောဇဉ်တွေ ဖြတ်တော့ ၊ ကိုယ်တော် တပည့်တော်တို့အနားနေတာ လူစော်မနံဘူးလား ၊ စသဖြင့် သတိပေးပါတယ်။ တော်သေးတာက ဒီကိုယ်တော် ကြည်ညိုဖွယ်အသွင် တဖြေးဖြေးရလာတယ် ၊ မိုးကုတ်ဝိပဿနာတရားတွေလဲ လေ့လာ အားထုတ်လာတယ် ၊ သူ့မှာ သူငယ်ချင်းများခဲ့တော့ သံယောဇဉ်မကုန်ပဲ လျှောက်သွားနေတာလေးတခု ခက်နေတာ ။
 တချို့ပိုဆိုးတာက တချိန်က ကိုယ်အလုပ်လုပ်ခဲ့ဖူးတဲ့ အလုပ်နေရာ၊ရုံးတကာလိုက်အလှုခံ ၊ လူကြီးအခန်းထဲ စွတ်ဝင် လူကြီးခမျာ ပြောရအခက် ၊ ဘာပုဗ္ဗစေတနာမှ မစလိုက်ရပဲ ရှိတာလေးပါသွား ၊ ကုသိုလ်မပေါက် ၊ ဒေါသဖောက် ၊ အောက်ကရုံးစောင့် အငေါက်ခံရတာ အဖတ်တင်တော့တယ် ။
          (တပည့်တော် ဒါတွေပြောနေရတာ သံဃာစစ် တွေကို အားနာလှပါတယ်ဘုရား ။) သို့သော် ထိုပုဂ္ဂိုလ်တို့ကို စေတနာဇောဖြင့်ပြောလိုသည်မှာ ဘုရားအရိပ်ကိုခိုလှုံပြီး မြင့်မြတ်သော၊ရခဲလှသော ရဟန်းဘ၀ရပြီးကာမှ တရား အရသာ မတွေ့ရပါလျှင် ၊ ဘုရားရှင်အဆုံးအမ မတည်ခဲ့ကြပါလျှင် ၊ ဘုရားအရိပ်ခိုပါလျက် ပူကျက်သော သံဝတ်ရုံ ခြုံထားမိသလို အပြစ်တို့ဖြင့်အပူကြီးပူလောင်ကာ မြတ်သောသင်္ဃန်းတော် အပူလောင်မှာစိုးမိပါကြောင်း ကရုဏာ ရေအေး လောင်းလိုက်မိပါသည် ။
                                                                   ( ၀ီ မံ သာ )
Sunday, October 19, 2014
ဝိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ (စာမိတ်ဆက်) အပိုင်း (၂)
မြတ်ဗုဒ္ဓအဆူဆူပွင့်တော်မမူသည့် ကြားကာလ သာသနာပအခါတွင်လဲ လောကီဆင်းရဲအပေါင်းမှ လွတ်မြောက် လိုသောဆန္ဒဖြင့် တရားအားထုတ်ကြတဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီးတွေ ရှိကြပါတယ် ။ ကမ္မဌာန်း(၄၀)မှ မိမိနှစ်သက်ရာ ကမ္မဌာန်းတခုခုဖြင့် ကျင့်ကြံအားထုတ်နေတဲ့ ရသေ့၊တပသီ၊သူတော်စင်ဂုရုကြီးတွေ စသူတို့ရဲ့အကျင့်ကို အတ္တကိလမထ နုယောဂ ကျင့်စဉ်လို့ ခေါ်ကြပါတယ် ။ ငါးဦးစုဖွဲ့ကျင့်ကြံတဲ့ ပရိဗိုဇ်ရသေ့သူတော်စင်ကြီးတွေကို ပဉ္စ၀ဂ္ဂီလို့ခေါ်တာဖြစ်ပါ တယ် ။ ပွင့်တော်မူကြတဲ့ မြတ်ဗုဒ္ဓအဆူဆူတို့သည် မိမိတို့နှင့် ပါရမီပဌာန်းဆက်ရှိကြကုန်သော ပဉ္စ၀ဂ္ဂီပရိဗိုဇ်ရသေ့ကြီး တို့အား ဦးစွာပထမ တရားဦးဟောပြ ချေချွတ်တော်မူကြရတာလဲ ဗုဒ္ဓနိယာမအစဉ်အလာကြီးတခုဖြစ်ပါတယ် ။ - -
          သဗ္ဗညုတဥာဏ်တော်သခင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်သည်လဲ မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်တော်မြတ်ကို ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ်တဲ့ တရားဆိုတာ သိတော်မူကြပါတယ် ။ ထို့အတူ ပဌာန်းဒေသနာတော်မြတ်ကြီး ၊ သတိပဌာန်သုတ္တံတရားတော်မြတ် ၊ ဓမ္မစကြာသုတ္တံဒေသနာ ၊ အနတ္တလက္ခဏာ သုတ္တံဒေသနာ တော်တို့လဲ မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်တော်မြတ်ကို ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ်တဲ့ တရား တွေပဲဆိုတာ သိတော်မူကြပါတယ် ။ - - - မြတ်ဗုဒ္ဓအဆူဆူတို့သည် မိမိတို့ ဆိုင်ရာဆိုင်ရာ ပဉ္စ၀ဂ္ဂီ(၅)ဦးတို့အား တရားဦး ဟောကြားကြရာတွင် အခြားအခြားသော တရားဒေသနာတို့ကို အမျိုးမျိုးစီ အဦးအစထားပြီး ဟောကြားတော်မမူကြပဲ ဓမ္မစကြာဒေသနာတော်ကိုသာ အဦးအစထားပြီး အဘယ့်ကြောင့်ဟောတော်မူကြပါသနည်း ။ ဒါ စဉ်းစားစရာ ပေါ်လာ တယ် နော် ။ မြတ်ဗုဒ္ဓဘုရားရှင်တို့သည် မိမိတို့အရင် ရှေ့ကပွင့်တော်မူသွားကြတဲ့ မြတ်ဗုဒ္ဓဘုရားရှင်တို့ကို အလွန် ကြည်ညို မြတ်နိုးတော်မူကြပါတယ် ။ ရိုသေလေးစားတော်မူကြပါတယ် ။ ပုဗ္ဗေနိဝါသဥာဏ်တော် ၊ သဗ္ဗညုတဥာဏ်တော် ကြီးတွေနဲ့ ရှေ့က နောင်တော် မြတ်ဗုဒ္ဓတို့ကို လှမ်းမျှော်ကြည့်ရှုဆင်ခြင်တော်မူတဲ့အခါ ဓမ္မစကြာဒေသနာကို တရားဦး အဖြစ် အဦးအစထား ဟောကြပြီး ထိုနောက်မှ အနတ္တလက္ခဏသုတ္တံဒေသနာကို ဟောကြားသွားတာတွေ့ရတော့ အလွန် ကြည်ညိုမြတ်နိုး၊နှစ်သက်တော်မူပြီး ရှေ့နောင်တော်တို့ ဟောစဉ်ဟောဆက် နည်းနိသျ ဓမ္မလမ်းစဉ်ချပြသွားသည့်အတိုင်း စွန့်ပယ်တော်မမူပဲ လိုက်နာဟောကြားခြင်း ၊ ဆောင်ရွက်ခြင်းသည် ဗုဒ္ဓအ၀ိဇဟိတ ဖြစ်ပါတယ် ။ - - -
          ထို ဓမ္မလမ်းစဉ် ဟောကြားမှုအရိုးအစဉ်ကို ဂေါတမမြတ်ဗုဒ္ဓသည် သဗ္ဗညုတဥာဏ်တော်မြတ်နှင့် သုံသပ်ဆင်ခြင် တော်မူတဲ့အခါ လောကီဘုံသား ပုထုဇဉ် ပုဂ္ဂိုလ်သတ္တ၀ါများတို့သည် အ၀ိဇ္ဇာ၊တဏှာ၊လောဘ၊အာသ၀တရားတို့ ရစ်ပတ် နှောင်ဖွဲ့မှု အမှောင်ထုကြီးပိတ်ကာဆီးထားသည့်အတွက် အမှန်ဖြစ်သော သစ္စာလေးပါးမြတ်တရားတို့ကို မသိမမြင်နိုင် ခြင်း ၊ မဂ်(၄)ပါး၊ဖိုလ်(၄)ပါး၊နိဗ္ဗာန် - (၉)ပါးသော လောကုတ္တရာတရားတွေကို မရရှိခြင်းတို့ကြောင့် ဒုက္ခသံသရာရေယာဉ် ကြောမှာ နစ်မြောနေကြရတာဖြစ်တယ် ။ မိမိတို့ရရှိသိမြင်တော်မူတဲ့ တရားတော်မြတ်သည် အနုသုခုမ - အလွန်နူးညံ့ သိမ်မွေ့တယ် ၊ အတိသုခုမ - အလွန့်အလွန် နူးညံ့သိမ်မွေ့နေတယ် ၊ အတိဂမ္ဘီရ - အလွန့်အလွန် ခက်ခဲနက်နဲတယ် ။ ထို အလွန့်အလွန် သိမ်မွေ့နူးညံ့၊နက်နဲခက်ခဲတဲ့ တရားတော်တို့သည် - အ၀ိဇ္ဇာ၊အာသ၀၊တဏှာ၊လောဘတရားတွေ ရစ်ပတ် နှောင်ဖွဲ့ပြီး အမှတ်မှား(သညာဝိပ္ပလာသ) ၊ အသိမှား(စိတ္တာဝိပ္ပလာသ) ၊ အယူမှား(ဒိဌိဝိပ္ပလာသ) တရားတို့ ကာကွယ် ပိတ်ဆီးခံထားရတဲ့ လောကီပုဂ္ဂိုလ်သတ္တ၀ါတို့၏ နားတွေနဲ့ မဆန့်နိုင် ၊ နားမလည်နိုင်၊လက်မခံနိုင် ဖြစ်နေလိမ့်မယ် ။ ထို့ကြောင့် ရှေ့နောင်တော်ဘုရားရှင်တို့သည် အဆစ်အကန့် ပိုင်းခြားခွဲထားကာ အသိအမြင်တွေမှန်ကန်စေခြင်းငှါ၎င်း ၊ အကြံအစည်၊အတွေးအခေါ်တွေ မှန်ကန်စေခြင်းငှါ၎င်း ၊ အယူအဆတွေ တည့်မတ်မှန်ကန်စေခြင်းငှါ၎င်း တရားဦး ဓမ္မစကြာဒေသနာတော်ကို အဦးအစထား ဟောကြားကြပြီး အနတ္တလက္ခဏသုတ္တံဒေသနာတော်ကို နောက်မှဟောကြား ခဲ့ကြတာဖြစ်တယ်လို့ ဂေါတမဗုဒ္ဓ ဥာဏ်တော်မြတ်ကြီး ၌ ထင်ရှားစွာ သိမြင်တော်မူသွားပါတယ် ။ - - - -
          သဲစုအမျှ ပွင့်တော်မူသွားကြတဲ့ ဗုဒ္ဓသယမ္ဘူ မြတ်ဘုရားရှင်အဆူဆူတို့ စိတ်တူညီမျှ ဟောပြောခဲ့ကြတဲ့ အဦးအစ ကျမ်းမြတ်ရွှေကြာ ဓမ္မစကြာဒေသနာသည်  ပိဋကတ်(၃)သွယ် ၊ နိကာယ်(၅)ဖြာ ၊ အင်္ဂါ(၉)တန် ဓမ္မက္ခန္ဓာပေါင်းများစွာတို့ ၏ ရှေ့ဆောင်လမ်းညွှန် ၊ အဆီအနှစ် ၊ တရားဦးခေါင်းသဖွယ်လဲ ဖြစ်ပါတယ် ။
- - - - ထိုသို့ မှတ်သားမှုမှန်ကန်ရေး ၊ အသိအမြင်မှန်ကန်ရေး ၊ အယူအဆမှန်ကန်ရေးအတွက် မြတ်ဗုဒ္ဓအဆူဆူ တို့ အဦးဆုံးထား ဟောကြားတော်မူခဲ့တဲ့ ကျမ်းမြတ်ရွှေကြာ ဓမ္မစကြာဒေသနာတော်၏ အနက်အဓိပ္ပါယ် သဘောတရား တို့ကို ယထာဘူတ သဘာဝကျကျ ထိုးထွင်း၍ သိမြင်နိုင် ၊ နားလည်သဘောပေါက် ဥာဏ်ရောက်နိုင်ကြစေခြင်းငှါ ဓမ္မစကြာ သဘာဝတ္ထ နည်းနာ နိသျကို ရေးပြဖွင့်ဆိုပါအံ့ ။
( နေမျိုးသောင်း )
( ဆောင်းပါးပုံစံဖြင့် ဖော်ပြရသည်ဖြစ်၍ အပိုင်းငယ်များခွဲကာ ဆက်လက်ဖော်ပြပါမည် ။ ၀ီမံသာ )