စက္ခုဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
သောတ၀ိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
ဃာနဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
ဇိဝှါဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
ကာယဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ သမနန္တရ
ပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေယေဓမ္မာ ဥပ္ပစ္ဇန္တိ စိတ္တစေတသိကာဓမ္မာ
တေတေဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
သမနန္တရ
ပစ္စည်း ဆိုတာ ကောင်းစွာအခြားမရှိ
အညီအမျှဆက်တိုက်ဖြစ်ခြင်းဖြင့် ကျေးဇူးပြုတတ်တဲ့သဘောပါပဲ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တုနှိုင်းမဲ့တဲ့ သဗ္ဗညုတရွှေဥာဏ်တော်ကြီးဖြင့်သာ
ပိုင်းခြားသိမြင်နိုင်မှာဖြစ်တဲ့ ဒီ အနန္တရပစ္စည်းနဲ့ သမနန္တရပစ္စည်းတို့ရဲ့ မတူကွဲပြားချက်ကို
အဋ္ဌကထာဆရာများပင် အနက်မထင်ဟု ဝန်ခံတော်မူ ခဲ့ကြ ပါတယ် ။ ထို့ကြောင့် သဒ္ဒါနည်းအရမတူကွဲပြားချက်နှင့်
ကိုယ်တိုင်အားထုတ်ဆင်ခြင်မှုအရ အတွေ့အကြုံ သိမြင်ရမှုဖြင့် သာ အတန်နားလည်လွယ်ရုံ ဖွင့်ဆိုသွားမှာဖြစ်ပါတယ်
။
အနန္တရ ပစ္စည်း က အခြားမရှိ ဆက်တိုက်ဖြစ်ခြင်းဖြင့် ကျေးဇူးပြုတယ်ဆိုရာမှာ
ပစ္စည်း(အကြောင်း)နဲ့ ပစ္စယုပ္ပန် (အကျိုး)တို့ အညီအမျှဖြစ်ချင်မှဖြစ်ပါတယ် ။ ဒါကြောင့်မို့
ဖြစ်တဲ့နေရာမှာ ဖြတ်ပြီးဝင်ဖြစ်တတ်တာ၊အကျိုးပေးတဲ့နေရာမှာ ဖြတ်ပြီးအကျိုးပေးတတ်တာမျိုး
ဖြစ်နိုင်ပါတယ် ။ ဥပမာဆောင်ရရင် မျက်စိက တီဗီကအရုပ်ကိုကြည့်နေတယ် တပြိုင်နက် မှာပဲ
နားကလဲ တီဗီကအသံကို ကြားနေတယ် ။ မြင်ရုပ်ကိုအာရုံပြုနေရင်း ကြားရုပ်ကိုလည်းအာရုံပြုလိုက်တယ်။ဒီတော့
မြင်စိတ်ဖြစ်လိုက်၊ကြားစိတ်ဖြစ်လိုက်နဲ့ အဖြစ်အပျက်မြန်လွန်းတော့ တပြိုင်နက် မြင်နေကြားနေရတယ်လို့ပဲ
ထင်ရပါတယ် ဒါပေမဲ့ မြင်စိတ်ဖြစ်ပြီးပျက်၊ချက်ချင်းပဲကြားစိတ်ဖြတ်ဝင်လာ။
ဒီလိုနဲ့ မြင်လိုက်၊ကြားလိုက်နဲ့ ဆက်ကာ ဆက်ကာဖြစ်သွားရ တာပါ။ ဒီလိုအခိုက်အတံ့တွေမှာ
စိတ်ဟာအတည်မရှိ၊တဖြတ်ဖြတ်ခုန်နေတဲ့ အခြေအနေရှိ ပါတယ်။ အာရုံဝင်စားနေချိန် မှာ ဝိတက်၊ဝိစာရ၊ပီတိတွေ
ဖြစ်နေပေမဲ့ တခုထက်ပိုသော အာရုံတွေကို တဖြတ်ဖြတ်ပြောင်းပြီး ဆွဲယူတိမ်းညွှတ်နေလို့ တည်ကြည်စူးစိုက်မှု
ဧကဂ္ဂတာ အပြည့်အဝယှဉ်တွဲခြင်း မရှိပါဘူး။ ဒါကြောင့်မို့ အာရုံတကျပ်သားကို သိမှုတကျပ်သား
အပြည့်မဖြစ်ပဲ နောက်အာရုံတခုကို ဖြတ်ယူ ဖြတ်ဝင်လာနိုင်တာဖြစ်ပါတယ် ။
ကုသိုလ်၊အကုသိုလ်
အကျိုးပေးတွေမှာလဲ ဖြတ်ပြီးအကျိုးပေးတဲ့သဘောတွေ အထင်အရှားရှိပါတယ်။ မလ္လိကာ မိဖုရားကြီးမှာ
တဘဝလုံးပြုခဲ့တဲ့ ကုသိုလ်ကံတွေအများကြီးရှိပေမဲ့ သေခါနီးမရဏဇောစောချိန်မှာ အကုသိုလ်ကံဖြတ်ဝင်
အကျိုးပေးလိုက်လို့ ငရဲမှာ(၇)ရက်ကျခံလိုက်ရတာ၊ အာဏာပါးကွက်သားကြီး တမ္ဗဒါဌိကဟာ လူတွေအများကြီးသတ်ခဲ့
တဲ့ အကုသိုလ်ကံကြီးတွေရှိပေမဲ့ ရှင်သာရိပုတြာမထေရ်မြတ်ကြီးရဲ့ တရားတော်ကိုနာလိုက်ရလို့
စူဠသောတာပန် အဖြစ် နဲ့ သေလွန်တော့ နတ်ပြည်ကိုရောက်ရတာ စတဲ့သာဓကတွေဟာ ဖြတ်ပြီးအကျိုးပေးတဲ့
သဘောတွေပါပဲ ။ မဂ်ဥာဏ်ရဲ့ အကုသိုလ်ကံအကျိုးပေးကို
သတ်နိုင်တဲ့သတ္တိကလဲ အံ့မခန်းပါပဲ ။
သမနန္တရ ပစ္စည်း ကတော့ ကောင်းစွာအခြားမရှိဖြစ်ခြင်းဖြင့်သာ
ကျေးဇူးပြုတတ်ပါတယ် ။ ပစ္စည်း နဲ့ ပစ္စယုပ္ပန် အကြောင်း အကျိုး အညီအမျှ ဆက်ကာဆက်ကာဖြစ်တဲ့သဘောရှိပါတယ်
။ မြင်စိတ်တကျပ်သားဖြစ်ရင် သိမှုလဲတကျပ်သားအပြည့် ဖြစ်တယ်။ ဒါကြောင့် အခြားအာရုံဖြတ်မဝင်နိုင်သလို
အကျိုးပေးလဲ အတူပဲဖြစ်နိုင်ပါတယ် ။ ဥပမာ သမထဘာဝနာ / ဝိပဿနာဘာဝနာ ပွားများပြီး သမာဓိအားကောင်းနေချိန်၊
လောကီမှုမှာလဲ တခုခုကိုအာရုံစူးစိုက်ပြီး ပြုလုပ်နေချိန် ၊ အဲဒီလို အချိန်မျိုးတွေမှာ
တခြားအာရုံဖြတ်မဝင်နိုင်ပဲ တခုထဲပဲဆက်ကာဆက်ကာ ဖြစ်ပျက်နေတတ်ပါတယ်။ လောကမှာ ပြောလေ့ရှိကြတဲ့
Mood ဝင်တယ် ဈာန်ဝင်နေတယ် ဆိုတာ ဒါမျိုးပါ ။ ဒီအချိန်မှာအကျိုးပေးကလဲ ကုသိုလ်အာရုံပြုလျက်
ကုသိုလ်စိတ်ဖြစ်နေချိန် အကုသိုလ်က ဖြတ်ပြီးအကျိုးမပေးနိုင်တော့ပါဘူး။ အကုသိုလ်စိတ်ဖြစ်နေချိန်မှာလဲ
ကုသိုလ်က ဖြတ်ပြီးအကျိုးမပေးနိုင်တော့ပါဘူး။
ဒီနေရာမှာ သမနန္တရပစ္စယသတ္တိရဲ့ အထူးတလည်အားကောင်းတဲ့
ကျေးဇူးပြုပုံတခု ကိုတင်ပြချင်ပါတယ်။ အဲဒါကတော့ အတိတ်ဘဝပေါင်းများစွာ သံသရာက အကျိုးပေးရန်စောင့်ဆိုင်းနေသော
ကုသိုလ်၊ အကုသိုလ်ကံတွေကို အကျိုးပေးခွင့်ရရန် ရေလာမြောင်းပေး ပြုလုပ်ပေးတတ်တဲ့ အစွမ်းသတ္တိပါပဲ။
စိတ်ကောင်းစေတနာကောင်း ထားပြီးတော့ ကုသိုလ်ကောင်းမှုတွေကို ထက်ထက်သန်သန် စူးစူးစိုက်စိုက်
ပြုလုပ်နေသူအပေါ် စိတ်တွေ ကြည်လင်ပေါ့ပါး လာတာ၊ သဒ္ဓါသတိပညာတွေ တိုးပွားလာတာ၊ လောကီလူမှုစီးပွားကိစ္စတွေ
အဆင်ပြေလာတာ ဆိုတဲ့ ကုသိုလ်ကံအကျိုးပေးတွေ တဖွားဖွားဖြစ်ထွန်းလာတာဟာ အတိတ်သံသရာက တူရာတူရာ
ကုသိုလ်ကံစေတနာတွေ ပေါင်းဆုံ အကျိုးပေးလာတဲ့ သဘောပါပဲ ။ ဒီလိုပဲ အမှားပေါ်အမှားဆင့်
အမိုက်သံသရာလည်လို့ မိုက်ပြီးရင်းမိုက်၊ မှားပြီးရင်းမှားနေသူတွေမှာတော့
မကောင်းတဲ့အကျိုးဆက်တွေသာ တခုပြီးတခု ဆင့်ကာဆင့်ကာ ကြမ္မာငင်ကြရတာဟာ အကုသိုလ်အကျိုးပေးပြီဆို
ပြုံပြီး အကျိုးပေးတတ်တဲ့ သမနန္တရပစ္စည်းရဲ့ အစွမ်းပါပဲ ။တခုပြောစရာရှိတာက မကောင်းမှုနဲ့အသက်မွေးပြီး
ချမ်းသာတင့်တယ် လူတွင်ကျယ်ဖြစ်နေကြတာ ဘာသဘောလဲဆိုရင် အတိတ်ဘဝက အားကြီးတဲ့ကုသိုလ်အကျိုးပေးကို
ခံစားခွင့်ရနေသေး လို့ ဒီဘဝမကောင်းမှုတွေရဲ့ အကျိုးပေးက ငုတ်နေရတဲ့သဘောပါပဲ။ ဒီလိုလူမျိုးက
သံသရာမှာအတိုးနဲ့တကွ ပြန်ဆပ်ရမဲ့ သူမျိုးဖြစ်လို့ သူ့ဟာနဲ့သူသာထားလိုက်ပါ ၊ ကိုယ်ကဝင်ပြီး
ဒေါသပွားနေစရာမလိုဘူးလို့ မှတ်ရပါမယ် ။
စိတ်တခုဖြစ်၊ဖြစ်ပြီးချက်ခြင်းပျက်၊
အကြားအလပ်မရှိပဲ နောက်စိတ်တခုထပ်ဖြစ်ခြင်းဖြင့် ကျေးဇူးပြုတဲ့သဘောမှာ အနန္တရပစ္စည်းနှင့်
သမနန္တရပစ္စည်းတို့ အတူတူသာဖြစ်ပါသည်။ (အနန္တရပစ္စည်းတွင် အကျယ်ရှင်းပြခဲ့ပါသည်)
အနန္တရပစ္စည်းနဲ့ သမနန္တရပစ္စည်းတို့ရဲ့
တူညီပုံ၊ကွဲပြားပုံတွေကို ဒီလောက်ကလေး သိလိုက်ရတယ်ဆိုရင်ပဲ ဆင်ခြင်သတိပြုစရာ၊ အားတက်စရာအချက်လေးတွေ
တွေ့မြင်လာနိုင်ပါတယ်။ သမနန္တရပစ္စည်းသဘောအရ အကုသိုလ် အမှုတွေအပေါ်မှာ အားပါးတရစူးစူးစိုက်စိုက်နဲ့
ပြုမူနေမိရင် အကုသိုလ်အကျိုးပေးပဲ မလွဲမသွေလာတော့မယ်၊ကယ်နိုင်ရာ မရှိလို့ သတိပြုဆင်ခြင်လာနိုင်ပါတယ်။
အကုသိုလ်မှုတွေပြုခဲ့ပေမဲ့ (ငါပြုမိလေခြင်းလို့
ဒီအကုသိုလ်အပေါ်မှာ စွဲလမ်းချက် ဥပါဒါန်ကြောင့် နောင်တ၊ဗျာပါဒ၊ကုက္ကူစ အကုသိုလ်တရားတွေ
ဆက်အဖြစ်မခံပဲ)သတိသံဝေဂယူနိုင်ခဲ့ရင် အနန္တရပစ္စည်း အထောက်အပံ့နဲ့ ကုသိုလ်တရားတွေဖြတ်ဝင်၊ကုသိုလ်အကျိုးပေးတွေ
ဖြတ်ပြီးဖြစ်နိုင်ပါတယ် ။
သမနန္တရ
ပစ္စည်း အားဖြင့် ကောင်းစွာအခြားမရှိဖြစ်လျက်
ကျေးဇူးပြုတတ်သောသဘောကို သိရခြင်းအားဖြင့် မြင်မှု၊ကြားမှု၊နံမှု၊စားမှု၊ထိမှု၊သိမှု၊ရှုမှု၊ရှိုက်မှု
အစုစုတို့ကို ငါမြင်၊ငါကြား၊ ငါထိ၊ငါသိ၊ ငါရှု၊ငါရှိုက်ဟု ထင်နေရ ခြင်းသည် သညာဝိပ္ပလ္လာသ
(မှတ်သားမှုဖုံးကွယ်နေခြင်း) သာဖြစ်၍ တကယ့်သဘာဝအမှန်မှာမူ စိတ်တခုပျက်၊ နောက် စိတ်တခု
ဆက်ဖြစ် ဟူသည့်အစဉ်အတိုင်း ကောင်းစွာအကြားအလပ်မရှိ ဆက်ကာဆက်ကာဖြစ်ပျက်နေခြင်း သမနန္တရ
ပစ္စယသတ္တိ အကြောင်းအထောက်အပံ့သာရှိ၏ဟု အမှန်မြင်ပါလျှင် သက္ကာယဒိဋ္ဌိပျောက်ပါသည်။ အကြောင်းရှိသ၍
ဖြစ်ဦးမည်ကို သိ မြင်ပါက ဘဝပြတ်အယူ ဥစ္ဆေဒ ဒိဋ္ဌိ ငြိမ်းပါသည်။ ဖြစ်ပြီးသမျှ ပျက်ရ ဓမ္မတာနှင့်
အကြောင်းမဲ့မဖြစ်တတ်သော သဘောကို သိမြင်ပါက မြဲသည်တည်သည်ဟူသောအယူ ဿဿတဒိဋ္ဌိ ပြုတ်ပါသည်။
ထိုနည်းတူစွာ ဒါန၊သီလ၊ဘာဝနာ ကုသိုလ်
တရားအစုစုတို့ကို ငါ့ဒါန၊ ငါ့သီလ၊ ငါ့ဘာဝနာဟူ၍လည်းကောင်း၊ လောဘ၊ဒေါသ၊မောဟ အကုသိုလ်တရားအစုစုတို့ကို ငါ့လောဘ၊ ငါ့ဒေါသ၊ ငါ့မောဟဟူ၍လည်းကောင်း ထင်မြင်ယူဆ
နေကြခြင်းသည် အမှန်မဟုတ်။ ကုသိုလ်တရားမှ ကုသိုလ်တရားသာဆက်ကာဖြစ်ခြင်း၊ အကုသိုလ်တရားမှ
အကုသိုလ် တရားသာဆက်ကာဖြစ်ခြင်း စသဖြင့် သမနန္တရပစ္စည်း အကြောင်း အထောက်အပံ့ကြောင့်သာ
ဖြစ်ကြရကုန်၏ဟု အမှန် မြင်ပါလျှင် သက္ကာယဒိဋ္ဌိပျောက်ပါသည်။ ငါစွဲပြုတ်သည်နှင့် မြဲသည်/ပြတ်သည်
ဟူသောအယူအလွဲများလည်း ကင်းစင်ပါ တော့သည်။ ဒိဋ္ဌိပြုတ်၍
ဟုတ်နိုးနိုးသံသယရှင်းကာ ယုံကြည်မှုအားခိုင်မာစွာဖြင့် ဆင်ခြင်သုံးသပ်ပွားများအားထုတ်
သွား မည်ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သောတာပန်၊သကဒါဂါမ်၊ အနာဂါမ်
စသည်ဖြစ်နိုင်၍ တိဟိတ် ပုဂ္ဂိုလ် မဟုတ်သေးပါကလည်း
ပါရမီအဆင့်ဆင့် ရင့်ကျက်၊မြင့်တက်ကာ ကလျာဏ ပုထုဇဉ်၊ စူဠသောတာပန်အဖြစ်တို့ ကိုရနိုင်၍
အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါးပွင့်လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
ဝီမံသာ
(၁၅-၉-၂၀၁၃)
မှတ်ချက် ။ ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့်
ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည်
။ (စာရေးသူ)