Wednesday, December 24, 2014

ဗြဟ္မာ ပုံပြင်



ကမ္ဘာကို ဗြဟ္မာ ဖန်ဆင်းခဲ့တာ တဲ့ ၊ အဲဒီအယူအဆကို အခြေခံလို့ ဖန်ဆင်းရှင်ဝါဒကြီး ပြန့်ပွား ထွန်းကားခဲ့ ၊ ဖန်ဆင်းရှင်တွေ - ဖန်ဆင်းရှင်တွေ ၊ ပေါများလာလိုက်တာ ၊ ထာဝရဘုရားသခင် ဘယ်နှစ်ယောက်တောင် ရှိပြီလဲ ။ (ခရူးဆိတ်လို) ဘုရားသခင် အချင်းချင်းတော့ (နောက်) မချကြပါနဲ့ တော့ဗျာ ။ ကျနော်လေ ခင်ဗျားတို့စစ်တိုက်မဲ့အစား အပျင်းပြေ ပုံပြောပြမယ်နော် ၊(သေနတ်ချ)
          အတိတ်နှစ်(၂၅၀၀) တော်တော်ကျော်လောက်က ဗုဒ္ဓမြတ်စွာဘုရားပွင့်ခဲ့တယ် ၊ တနေ့မှာ သူ့ တပည့် သံဃာတော်တပါးကို နိဗ္ဗာန်တရားပေးလိုက်တာ ကိုယ်တော်က လောကီသမထ အာရုံကျလို့ အရိယာမဖြစ်ပဲ အဘိဥာဉ်(၆)ပါး ပြည့်စုံတဲ့ ဈာန်ရမထေရ်တပါး ဖြစ်သွားခဲ့တယ် ။ ပုထုဇဉ်ရဟန်း ဆိုတော့ - ဘုရားဟောတရား (သတ္တ၀ါအစ ရှေးအစွန်းကို ငါမမြင်) ဒါကို အပေါက်လွဲပြီး ဘုရား ဒါမမြင်ဘူး ၊ ငါကတော့ သတ္တ၀ါအဆုံး မြင်အောင်လိုက်ရှာမယ် ၊ ဒီလိုနဲ့ သတ္တ၀ါအဆုံး ရှာပုံတော် ထွက်ခဲ့ပေါ့ ။
          နတ်ပြည် အဆင့်ဆင့်တက် ၊ ပြသနာရှာလာတာ(တန်ခိုးရှင်ကိုး) နောက်ဆုံး မာရ်နတ်ကြီးရဲ့ ပရိနိမ္မိတ ၀သ၀တီ ထိရောက်ရော ၊ မာရ်နတ်က ကိုယ်တော့်ကို အချွန်နဲ့ မ တယ် ။ တပည့်တော် နတ် သာ ဖြစ်ပါသည် ၊ သတ္တ၀ါအဆုံး သိနိုင်သူမှာ သတ္တ၀ါကိုဖန်ဆင်းသော အထက်ဗြဟ္မာတွေကိုသာ မေးရမှာပါဘုရား ၊ ဒီလိုနဲ့ ရဟန်းလဲ ဗြဟ္မာပြည်တက်သွား ၊ အောက်ဗြဟ္မာတွေ စုံစမ်းကြည့်တော့ - တပည့်တော်တို့ကိုလဲ မဟာ ဗြဟ္မာကြီးက ဖန်ဆင်းတာပါဘုရား ၊ သူပဲသိပါလိမ့်မယ် ဆိုတော့ - ကိုယ်တော်က အေး ဒါဆို မင်းတို့ မဟာဗြဟ္မာကြီးကို သွားမေးပေး ၊ အဲ - ကိုယ်တော် ၊ တပည့်တော်တို့လဲ မမြင်ဖူးပါ ၊ သူလာရင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပလွန်းလို့ မမြင်နိုင်ပါ ဘုရား ၊ - - - ပြောနေရင်းနဲ့ပဲ - ဟော ဟိုမှာ လင်းထိန်နေတာ အဲဒါ မဟာဗြဟ္မာကြီး လာနေပြီဘုရား (တပည့်တော်တို့ ပါဘူးနော်)ဆိုပြီး ဗြဟ္မာတွေ ပြေးလိုက်တာ(တန်းလို့) ။
          ဈာန်ရကိုယ်တော်ကတော့ ခပ်တည်တည်ပဲ(သူသိချင်တာကိုး) ၊ ဟေ့ မဟာဗြဟ္မာကြီး - မင်းက တလောကလုံးကို ဖန်ဆင်းတာမို့ မင်းသာအကုန်သိမယ်လို့ ငါ့ကိုပြောကြတယ် ၊ ငါ့ကို ဖြေပေးစမ်းပါကွာ ၊ ( သတ္တ၀ါတွေရဲ့အဆုံးက ဘယ်မှာလဲ ကွ ) ၊ ဒီမေးခွန်းလဲကြားရော မဟာဗြဟ္မာကြီး တုန့်ကနဲဖြစ်သွား ၊ ပြီးမှ အိနြေ္ဒဆည်ပြီး (တပည့်တော်က တလောကလုံးကို ဖန်ဆင်းသူပါဘုရား) ၊ ကိုယ်တော်က (အေး ဒါကြောင့်မေးရတာပေါ့ သတ္တ၀ါအဆုံးသိလားလို့)  ကိုယ်တော် ဘယ်လိုမေးမေး ဗြဟ္မာကြီးက (တပည့်တော်တလောကလုံးဖန်ဆင်းသူ) ဒီစကား ချည်းပဲ ပြန်ပြောနေတယ် ။
          ဇွဲကောင်းလှတဲ့ကိုယ်တော်ကို မနိုင်တဲ့အဆုံး မဟာဗြဟ္မာကြီးက ရဟန်းတော်ကို ချောင်တခုဆီ ခေါ်သွားတယ် ၊ ပြီးမှ တိုးတိုးလေးပြောရှာတယ် - ( ကိုယ်တော်က အလိုက်ကိုမသိဘူး ၊ ဒီကဗြဟ္မာတွေ နတ်တွေ လူတွေ သတ္တ၀ါအားလုံးကို တပည့်တော်ဖန်ဆင်းတယ်လို့ သူတို့က ယုံနေကြ တာ ၊ ဘာလို့ဆိုတော့ တပည့်တော်က ကမ္ဘာတသိန်းကျော်လောက် အသက်ရှည်တာလေ ၊ သူတို့ တယောက်ပြီးတယောက် မွေးလိုက်၊သေလိုက် ၊ တပည့်တော်က ဘာမှမဖြစ် ဆိုတော့ သူတို့က တပည့်တော်ကို ထာဝရအသက်ရှင်နေတယ် ထင်တာဘုရား ၊ ကိုယ်တော်ဖြတ်မေးတယ် ( ဟဲ့ နင် သူတို့ကို အမှန်အတိုင်းရှင်းမပြဘူးလား ) ။ (ဟာ ကိုယ်တော်ကလဲ သူတို့ဒီလိုထင်နေမှတော့ တပည့်တော်လဲ ချော်လဲရောထိုင် ခပ်တည်တည်လုပ်နေရတာပေါ့ ၊ ထာဝရဘုရားသခင်ဖြစ်ရ နဲလား) (အေး ဒါဆို နင်ထာဝရ ဆို ပြော - သတ္တ၀ါအဆုံး နင်သိရမယ်) ဆိုတော့ ဗြဟ္မာကြီး မျက်နှာငယ်ငယ်နဲ့ ရဟန်းကိုပြောရှာတယ် ။
          ကိုယ်တော်ကလဲ သိရဲ့သားနဲ့ ၊ တပည့်တော် ဘာမှ မဖန်ဆင်းနိုင်ဘူး ဘုရား ၊ ဘယ်လိုလုပ် သတ္တ၀ါအဆုံးကို သိနိုင်ပါ့မလဲ ၊ ကိုယ်တော်ကလေ နီးရက်နဲ့ဝေး တော်တော်ပိန်းတာပဲ ၊ သတ္တ၀ါ အဆုံးကို ကိုယ်တော့်ဆရာ ဗုဒ္ဓမြတ်စွာပဲ သိနိုင်တာ ၊ သူ့သွားမေးလေ တဲ့ ။
          ပုံပြင်လေးကတော့ ဒါပါပဲကွယ် ။
                                                                   ( ၀ီမံသာ )

Friday, December 5, 2014

ဗုဒ္ဓဘာသာ ( ၇ ၊ ၈ )



၇ ။ သူတော်ကောင်းတရား (၇)ပါး

     သဒ္ဓါ ၊ သီလ ၊ သုတ ၊ စာဂ ၊ ပညာ ၊ ဟီရိ ၊ သြတ္တပ္ပ ။

သဒ္ဓါ - အမှန်တရားကို ယုံ ကြည် ခြင်း ၊
သီလ - ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်း ၊
သုတ - အကြားအမြင် ဗဟုသုတ ကြွယ်ဝခြင်း ၊
စာဂ - စွန့်ကြဲပေးကမ်းခြင်း စသည့် အကျင့်ကောင်းများ ရှိခြင်း ၊
ပညာ - မှား/မှန် ၊ ကောင်း/ဆိုး ၊ ကြောင်း/ကျိုး တို့ကို ဝေဖန်ပိုင်းခြားလျက် သိခြင်း ၊
ဟီရိ - မကောင်းမှု ပြုလုပ်ရမှာ ရှက်ခြင်း ၊ မကောင်းမှု လက္ခဏာတို့ကို ရွံရှာခြင်း ၊
သြတ္တပ္ပ - မကောင်းမှုပြုလုပ်ရမှာ ကြောက်ခြင်း ၊ မကောင်းကျိုးကို ထိတ်လန့်ခြင်း ၊

          ဒီတရား(၇)ပါးဟာ သူတော်ကောင်းတွေ လက်ကိုင်ထားတာမို့ သူတော်ကောင်းဥစ္စာ (၇)ပါးလို့ ဗုဒ္ဓဘာသာက ပြဆိုပါတယ် ။

၈ ။ အရိယာမဂ္ဂင် (၈)ပါး

     သမ္မာဒိဌိ ၊ သမ္မာသင်္ကပ္ပ ၊ သမ္မာဝါစာ ၊ သမ္မာအာဇီဝ ၊ သမ္မာကမ္မန္တ ၊ သမ္မာဝါယာမ ၊ သမ္မာသတိ ၊ သမ္မာသမာဓိ ။

          ပညာမဂ္ဂင်(၂)ပါး

သမ္မာဒိဌိ - မှန်သောအမြင် ဖြင့် ရှုမြင်ခြင်း ၊
သမ္မာသင်္ကပ္ပ - မှန်သောအတွေးအကြံ ကို ကြံစည်ခြင်း ၊

          သီလမဂ္ဂင်(၃)ပါး
သမ္မာဝါစာ - မှန်သောစကား ကို ကောင်းစွာ ပြောဆိုခြင်း ၊
သမ္မာအာဇီဝ - မှန်သောအသက်မွေးမှု ဖြင့် ကောင်းစွာ နေထိုင်ခြင်း ၊
သမ္မာကမ္မန္တ - မှန်သောအလုပ်ကို ကောင်းစွာ လုပ်ခြင်း ၊

          သမာဓိမဂ္ဂင်(၃)ပါး
သမ္မာဝါယာမ - မှန်သော အားထုတ်မှု ရှိခြင်း ၊
သမ္မာသတိ - မှန်သော အောက်မေ့သတိ ရှိခြင်း ၊
သမ္မာသမာဓိ - မှန်သော တည်ကြည်စူးစိုက်မှု ရှိခြင်း ၊

          ဒီတရား (၈)ပါးဟာ အရိယာသူတော်စင်တွေ ကျင့်သုံးတဲ့ ၊ ပညာရှိတို့ချီးမွမ်းအပ်တဲ့ အလယ်အလတ်လမ်းစဉ် တရားများ ဖြစ်လို့ အရိယာမဂ္ဂင် (၈)ပါး လို့ ဗုဒ္ဓဘာသာက ပြဆိုပါတယ် ။

                                                                                      ( ၀ီမံသာ )

Thursday, December 4, 2014

ဝိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ (စာမိတ်ဆက်) အပိုင်း (၄)



ဂမ္မော - ဂါမ ရွာ ၊တောစွန်ဇနပုဒ် မှာနေတဲ့ ရွာသူရွာသားတို့ဖြစ်ပါတယ် ။ ပေါထုဇ္ဇနိကော - ပုထုဇဉ် အမှားအများ နဲ့ နေတာကိုခေါ်တယ် ။ အမှားတွေကိုအမှန်ထင်ပြီး လောကသံသရာထဲမှာ ပျော်ရွှင်နေကြသော ပုထုဇဉ်ပုဂ္ဂိုလ်တွေ ဖြစ် တယ် ။ ကာမ ၊ သုဂတိ (၇)ဘုံစလုံး အကျုံးဝင်လို့ အလွန်တရာကျယ်ဝန်းပါတယ် ။ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော ကို တပေါင်းတည်းအဓိပ္ပါယ်ဖွင့်ရလျှင် ပုထုဇဉ်များဖြစ်ကြသော ရွာသူရွာသား၊တောသူတောင်သားတို့သည် လောကသံသရာ ကြီးမှာ အလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်စွာ အယုတ်တရားတွေဖြစ်သော ကိလေသာအာရုံ ကာမဂုဏ်တွေကို ခံစားပုံ အကျင့်စရိုက်အမျိုးမျိုးနဲ့ မှီဝဲသုံးဆောင်နေကြတာဖြစ်တယ် ။ ဂမ္မော ရွာသူရွာသားဆိုလို့ မြို့ကြီးသားတွေနဲ့မဆိုင်လို့တော့ မထင်နဲ့ ၊ ပုထုဇဉ်ဆိုတဲ့ပုဒ်နဲ့တွဲထားလို့ အရိယာကလွဲလို့ လူ နတ် ဗြဟ္မာ အထိပါဆိုင်သွားပါတယ် ။ အာရုံခံစားပုံ အကျဉ်း ပြောရရင် တောသူတောင်သား ဆင်းရဲလို့ မိုးလင်းကမိုးချုပ် တကုပ်ကုပ်လုပ်နိုင်မှ စားဝတ်နေရေးအဆင်ပြေမှာမို့ အမျိုးမျိုး အဖုံဖုံ တွေးကြံဖန်တီးခံစားစံစားဖို့ မြို့သူတွေလောက် အချိန်မပေးနိုင်ပါဘူး ၊ သူတို့ရဲ့ မအိပ်ခင်အားလပ်ချိန်လေးမှာပဲ ဘာသာဘာဝပျော်မြူးကြတာတောင်အယုတ်တရားဆိုခဲ့ရင် ဇိမ်ခံနည်းမျိုးစုံ ပြောမကုန်တဲ့အာရုံတွေနဲ့ ရှုတ်ရှက်ခတ်နေတဲ့ မြို့ကြီးသူ တိုင်းကြီးသား တို့ရဲ့ အာရုံခံစားမှုက ဘယ်လောက်ထိ ပိုယုတ်ညံ့မလဲဆိုတာ တွေးကြည့်ရင်သိနိုင်ပါတယ် ။ ဗုဒ္ဓ က ဂမ္မောကို ဟီနော၊ပေါထုဇ္ဇနိကော နဲ့အထူးပြုလိုက်တော့ ရွာသားထက် ပိုအာရုံများတဲ့ မြို့ပြ ၊ နိုင်ငံကြီးသား လူချမ်းသာ နတ်၊ ဗြဟ္မာ တွေရဲ့ စည်းစိမ်ခံစားမှုဟာ ပိုယုတ်တယ်ဆိုတာ ချိန်ဆနိုင်ပါပြီ ။
          ဒီတခါ ဟီနော နဲ့ အနရိယောပုဒ်ကို တွဲစပ်ပေးလိုက်တဲ့အဓိပ္ပါယ်က အရိယာကျင့်စဉ်မဟုတ်သော အနရိယော ဆိုတာ ကိုယ့် ကာမ စွမ်းရည် တိုးပွားအောင် ကျင့်ကြံအားထုတ်နေကြတဲ့ ကာယဗလသမားတွေ ၊ မော်ဒယ်လ်တွေ မျက်လှည့်ဆရာ ဘောလုံးသမား ဆို၊က၊ရေး၊တီး၊ရုပ်ရှင်၊သဘင် ပညာသည်တွေ စသည်တို့ဟာ ကာမဂုဏ်ခံစားရေး အတွက် ကျင့်ကြံ အားထုတ်နေသူတွေဖြစ်လို့ သူတို့ကိုလဲ ယုတ်ညံ့သော ဟီနောလို့ပြောခဲ့တာပါ ။
(နေမျိုးသောင်း)
 
နောက်တပိုဒ်၏ အဓိပ္ပါယ်အကျယ်ကို နောက်အပိုင်းတခုတွင် ဆက်လက်ဖွင့်ဆိုပါမည် ။   

(၀ီမံသာ)

Monday, December 1, 2014

၇။ အညမည ပစ္စယ (နိဒ္ဒေသ)



      စတ္တာရောခန္ဓာ အရူပီနော အညမည ပစ္စယေနပစ္စယော ။ စတ္တာရောမဟာဘူတာ အညမည ပစ္စယေနပစ္စယော ။ သြက္ကံတိက္ခဏေ နာမရူပံ အညမည ပစ္စယေနပစ္စယော ။


အညမည ပစ္စည်း ဆိုတာ အချင်းချင်းအပြန်အလှန် အမှီသဟဲပြုခြင်းအားဖြင့် ကျေးဇူးပြုတတ်တဲ့ သဘောကို ခေါ်ပါတယ် ။ ထိုင်ခုံတလုံးရဲ့ ဒေါက်သုံးချောင်းဟာ တခုကိုတခုအပြန်အလှန် အမှီပြုပြီး ဖြစ်တည်နေကြသလိုပဲ ရုပ်တရား နာမ်တရားတွေဟာလဲ အညမညပစ္စယကျေးဇူးပြုလျက် ဖြစ်ပျက်၊ပြောင်းလဲကြရပါတယ်။ ဘယ်တရားတွေ အချင်းချင်း   အမှီသဟဲပြုပြီး ဖြစ်လေ့ရှိသလဲ ဆိုတာ ရှင်းပြထားပါတယ်။

နာမ်ခန္ဓာ(၄)ပါးဟာ အချင်းချင်းအပြန်အလှန်အမှီသဟဲပြုရင်း ဖြစ်ကြပျက်ကြပါတယ် ။ ထို(၄)ပါးမှာ
၁ ။ ဝိဥာဏက္ခန္ဓာ ၊ ၂ ။ သညာက္ခန္ဓာ ၊ ၃ ။ ဝေဒနာက္ခန္ဓာ ၊ ၄ ။ သင်္ခါရက္ခန္ဓာ တို့ဖြစ်ကြပါတယ် ။ ဝိဥာဏက္ခန္ဓာက သိခြင်း သဘောဖြစ်ပါတယ် ။ အာရုံမှန်သမျှကို သိရုံသိလိုက်ပြီး သိခြင်းကိစ္စပြီးတာ နဲ့ ပျက်သွားပါတော့တယ် ။    သညာက္ခန္ဓာက မှတ်သားခြင်းသဘောဖြစ်ပါတယ် ။ သိတာနဲ့တပြိုင်နက် မှတ်လိုက်တယ် ၊ မှတ်ခြင်းကိစ္စပြီးတာနဲ့ ပျက်သွားပါတော့တယ် ။
          ဝေဒနာက္ခန္ဓာက ခံစားခြင်းသဘောဖြစ်ပါတယ် ။ ဝေဒနာ(၃)မျိုးရှိပါတယ် ။ ကောင်းတယ်လို့ခံစားတဲ့ သောမနဿ ဝေဒနာ ၊ မကောင်းဘူးလို့ခံစားတဲ့ ဒေါမနဿဝေဒနာ ၊ ကောင်း၊မကောင်းမဟုတ် လစ်လျူရှုပြီးခံစားတဲ့ ဥပေက္ခာဝေဒနာ ရယ်လို့ ဖြစ်ပါတယ် ။ သိတာ၊မှတ်တာနဲ့တပြိုင်နက် ခံစားလိုက်တယ် ။ ခံစားခြင်းကိစ္စပြီးတာနဲ့ ပျက်သွားပါတော့တယ် ။ သင်္ခါရက္ခန္ဓာကတော့ ပြုပြင်စီရင်၊ပြောင်းလဲခြင်းသဘော ဖြစ်ပါတယ် ။ ပြောင်းလဲခြင်းက အကျိုး(ပစ္စယုပ္ပန်)သာဖြစ်ပြီး ပြုပြင်စီရင်ခြင်း(ဝါ)ပြုလုပ်ခြင်းက အကြောင်း(ပစ္စယ)ဖြစ်ပါတယ် ။ သိတာ၊မှတ်တာ၊ခံစားတာနဲ့တပြိုင်နက် ပြုပြင်စီရင် လိုက်တယ် ။ ပြုပြင်စီရင်ခြင်းကိစ္စပြီးတာနဲ့ ပျက်သွား ပါတော့တယ် ။         

          ဒီခန္ဓာ(၄)ပါးဟာ တပါးကိုတပါး အမှီပြုပြီး၊အချင်းချင်းထောက်ကူဖေးမပြီးမှ ဖြစ်နိုင်၊ပျက်နိုင်ကြပါတယ် ။ တခု အားကောင်းရင် ကျန်တရားတွေအားကောင်းလာပြီး တခုအားနဲရင် ကျန်တရားတွေလိုက်ပါအားနဲလေ့ရှိပါတယ် ။ ဥပမာ သင်္ခါရက္ခန္ဓာဖြစ်တဲ့ ဖဿ (အာရုံထိတွေ့မှု) အားကောင်းရင် ကျန် သိခြင်း၊မှတ်ခြင်း၊ခံစားခြင်းတွေလဲ အားကောင်းလာပြီး ဖဿ အားနဲရင် သိ၊မှတ်၊ခံစားမှုလဲ အားနဲပါတယ် ။ ဒီလိုပဲ သိမှု(မြင်၊ကြား၊တွေး စသည်) အားကောင်းရင်လဲ မှတ်ခြင်း၊ ခံစားခြင်း၊ပြုပြင်စီရင်ခြင်းတွေ အားကောင်းလာပြီး သိမှုအားနဲရင် ခံစား၊ပြုပြင်၊မှတ်သားမှုတွေ အားနဲတတ်ပါတယ် ။

          မဟာဘူတ ဓါတ်ကြီး(၄)ပါးဟာလဲ အချင်းချင်း၊အပြန်အလှန်အမှီသဟဲပြုရင်း ဖြစ်ကြ၊ပျက်ကြပါတယ် ။ ဒီ ရုပ် ဓါတ်ကြီးလေးပါးဟာ အတူတကွပေါင်းစပ်ဖွဲ့စည်းကြတော့မှ အထည်၊ ကိုယ်အဖြစ်မှတ်ယူနိုင်ပါတယ် ။ ဒီမဟာဘုတ် ဓါတ်ကြီး(၄)ပါးကတော့ -  ၁ ။ ပထဝီဓါတ် = မာခြင်း၊ပျော့ခြင်း သဘော ။ ၂ ။ တေဇောဓါတ် = ပူခြင်း၊အေးခြင်းသဘော ။ ၃ ။ အာပေါဓါတ် = ယိုစီးခြင်း၊ဖွဲ့စည်းခြင်းသဘော  ။ ၄ ။ ဝါယောဓါတ် = ထောက်ကန်ခြင်း၊လှုပ်ရှားခြင်းသဘော တို့ပဲ ဖြစ်ပါတယ် ။

          အမိဝမ်းထဲမှာ ပဋိသန္ဓေနေရတဲ့အချိန်မှာ ရုပ်နဲ့နာမ်တို့ဟာ အပြန်အလှန်အမှီသဟဲပြုရင်း ဖြစ်ကြ၊ပျက်ကြ ရပါ တယ် ။ ဘယ်လိုဖြစ်သလဲဆိုတော့ အတိတ်ဘဝက စုတိစိတ်ကျပြီးတာနဲ့ တပြိုင်နက် ပဋိသန္ဓေစိတ်ကလေးဖြစ်တယ် ။ ပဋိသန္ဓေစိတ်ဖြစ်တာနဲ့တပြိုင်နက် အတိတ်ကံအားလျော်စွာ ကမ္မဇရုပ်ကလေးစဖြစ်တယ် ။ စိတ်ကလေးနေတဲ့အိမ်ဖြစ်လို့ ဟဒယဝတ္ထုနှလုံးအိမ်လို့ခေါ်တယ် ။ ပဋိသန္ဓေစိတ် အားကောင်းရင် ကမ္မဇရုပ်ဟဒယဝတ္ထုအားကောင်းမယ် ၊ ဟဒယဝတ္ထု အားကောင်းရင် ဇာတိစိတ်အားကောင်းမယ် ဆိုတဲ့ အညမညပစ္စယ ကျေးဇူးပြုခြင်းအားဖြင့် ရုပ်၊နာမ်နှစ်ပါးတို့ဟာ တခုကို တခု အပြန်အလှန် အမှီသဟဲပြု ဖြစ်ကြ၊ပျက်ကြရင်း တဖြေးဖြေးရင့်ကျက်ကြီးထွား ရုပ်အသစ်၊စိတ်အသစ်တွေ ပွားလာကြ ရတာ ပဉ္စဝေါကာရဘုံသား(ရုပ်-၁၊နာမ်-၄ ရှိသောဘုံ)လူ၊သတ္တဝါအားလုံးရဲ့ သဘာဝသဘောတရားပါပဲ ။    
          အမှန်တရားကိုလိုလားသော ချစ်စွာသောစာရှုသူ ။ မိမိခန္ဓာမှာ ဖြစ်လာသမျှသော တရားတွေကို ဥာဏ်နဲ့သေချာ စူးစိုက် အာရုံပြုကြည့်လိုက်ရင် ရုပ်တရားတွေဟာ သူတို့အချင်းချင်း အပြန်အလှန်အမှီပြုလျက် ၊ နာမ်တရားတွေလဲ သူတို့ အချင်းချင်း အပြန်အလှန်အမှီပြုလျက် ဖြစ်၊ပျက်နေကြတဲ့ ဒီသဘောတရားတွေကြားထဲမှာ အတ္တဆိုတာ ရှာလို့ကိုမရှိပါဘူး လို့ ထင်ရှားသိလိုက်ရင်ဖြင့် ငါစွဲသက္ကာယဒိဋ္ဌိ ပြုတ်ပါပြီ ။ ဖြစ်လိုက်၊ပျက်လိုက် ဆက်တိုက်လည်ပတ်နေရတာမို့ ပြတ်တယ် (ဥစ္ဆေဒ) လို့လဲ မဟုတ်၊ မြဲတယ် (ဿဿတ)လို့လဲမဟုတ်ပါ ။ အစွဲကင်းကင်း၊သံသယရှင်းရှင်းနဲ့ ယုံကြည်သဒ္ဓါ ခိုင်မာစွာ ဆက်လို့ အားထုတ်ပွားများသွားမယ်ဆိုရင် သံသရာစက်ရဟတ် ပြတ်ဖို့ရာ ၊ နိဗ္ဗာန်စခန်းမြန်းဖို့ရာ လက်တကမ်းသာလိုပါ မည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ။   


                                                                              ဝီမံသာ
(၂၀-၉-၂၀၁၃)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ် နားလည်ခွင့်လွှတ်စေချင်ပါသည် ။ (စာရေးသူ)